ဆီးရီးယား အပစ်ရပ်စဲဒေသတွင် ၂၃ ရက်အတွင်း လူ ၅၀၀ ကျော်သေဆုံး

ဆီးရီးယားတွင် စစ်ဒဏ်ကြောင့် ပျက်စီးနေသည့် မာရတ်နူမတ်မြို့။ (ဓာတ်ပုံ - ရိုက်တာ)
ဆီးရီးယားနိုင်ငံမှာ အပစ်ရပ်ဖို့စတင်တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ကနေ ၂၃ ရက်တာအတွင်းမှာ တိုက်ခိုက်မှုကြောင့် လူပေါင်း ၅၃၀ သေဆုံးခဲ့တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး လေ့လာစောင့်ကြည့်တဲ့ အဖွဲ့က မတ် ၂၂ ရက်မှာ ပြောပါတယ်။ အပစ်ရပ် အကျုံးမ၀င်တဲ့ တိုက်ခိုက်နေဆဲ ဒေသတွေမှာတော့ လူပေါင်း ၁၂၉၇ ဦး သေဆုံးတယ်လို့ ဗြိတိန်အခြေစိုက် အဲဒီအဖွဲ့က ပြောဆိုကြောင်း ရိုက်တာသတင်းက ရေးပါတယ်။ ဒီအပစ်ရပ်ဆွေးနွေးပွဲမှာ ISIS အဖွဲ့နဲ့ အယ်လ်ကိုင်းဒါအဖွဲ့နဲ့ ချိတ်ဆက်ထားတဲ့ နျူဆရာတပ်ဦးတို့လို အကြမ်းဖက်အဖွဲ့တွေ ထည့်သွင်းခြင်းမရှိပါဘူး။ ဒီအပစ်အခတ်ရပ်စဲရေးဟာ ဆီးရီးယားအစိုးရနဲ့ အတိုက်အခံအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ဂျီနီဗာမှာ ကျင်းပနိုင်ဖို့အတွက် အစပြုခြေလှမ်း ဖြစ်ပါတယ်။ ကုလသမဂ္ဂ ​ငြိမ်းချမ်းရေးသံတမန် စတပ်ဖန် ဒီ မစ်တူရာကတော့ ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ်ရဲ့ အနာဂတ် အာမခံချက်ရှိမှသာ အကြမ်းဖက်မှုတွေ လျော့ပါးနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။ အပစ်အခတ်မရပ်ခင် တပတ်ခန့်အလို ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဆီးရီးယားနိုင်ငံ မြို့တော် ဒမာစကတ်နဲ့ ဟုမ်းမြို့မှာ အိုင်အက်စ် အကြမ်းဖက်အဖွဲ့က အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်မှုကြောင့် အရပ်သားအများစုပါဝင်တဲ့ လူ ၁၄၀ သေဆုံးခဲ့သလို ရာနဲ့ချီပြီး ဒဏ်ရာရခဲ့ပါတယ်။ ဆီးရီးယားအစိုးရနဲ့ အဓိက အတိုက်အခံ သူပုန်အဖွဲ့တို့ရဲ့ အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို အမေရိကန်နဲ့ ရုရှားနိုင်ငံတို့ ဦးဆောင်ကြိုးစားနေကြတာ ဖြစ်ပါတယ်။ ဂျီနီဗာမှာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်ဆောင်နေစဉ် လွန်ခဲ့တဲ့ မတ်လ ၁၅ ရက်နေ့မှာတော့ ဆီးရီးယားနိုင်ငံက အဓိကနေရာမှာ တပ်စွဲထားတဲ့ တပ်ဖွဲ့တွေကို ပြန်လည်ဆုတ်ခွာဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မတ် ၁၅ ရက်မှာ အမိန့်ပေးပြီး တပ်တွေ ပြန်ဆုတ်ခဲ့ပါတယ်။ ၅ နှစ်နီးပါးကြာ ဆီးရီးယားစစ်အတွင်း လူ ၂ သိန်းခွဲကျော် သေဆုံးခဲ့ပြီး ပြည်သူ ၁၁ သန်းကျော်ဟာ နေအိမ်တွေကို စွန့်ခွာထွက်ပြေးနေရပါတယ်။

More News
Up