အကြမ်းဖက်ခြိမ်းခြောက်မှုများကြောင့် ယူရို ၂၀၁၆ ပွဲစဉ်များ ကွင်းပိတ်ကစားရဖွယ်ရှိ

လက်ရှိဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေမယ်ဆိုရင်တော့ လာမယ့်နွေရာသီမှာ ကျင်းပမယ့် ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲတွေကို ကွင်းပိတ်ကစားရ ဖွယ်ရှိတယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ) ဒုတိယဥက္ကဋ္ဌ ဂီယန်ကာ လိုအက်ဘီတီက ပြောပါတယ်။ ဒါဟာ မတ် ၂၂ ရက်နေ့က ဖြစ်ပျက်ခဲ့တဲ့ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်လေဆိပ် အကြမ်းဖက်တိုက်ခိုက်မှုအပြီးမှာ သတိပြုစရာအခြေအနေတခုဖြစ်လာခဲ့တာလို့ ဗြိတိန်အခြေ စိုက် ဒေးလီးမေးလ်သတင်းမှာ ဖော်ပြပါတယ်။ အက်ဘီတီက တကယ်လို့သာ အကြမ်းဖက်မှုတွေဖြစ်လာခဲ့ရင် အားကစားကွင်း အတွင်းက ပရိသတ်တွေရဲ့လုံခြုံရေးကို ပွဲစီစဉ်သူတွေအနေနဲ့ အာမခံချက်ပေးနိုင်လိမ့်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ပြင်သစ်ရေဒီယိုသတင်းတပုဒ်နဲ့ တွေ့ဆုံမေးမြန်းချိန်မှာတော့ ယူရို ၂၀၁၆ ပွဲစဉ်အ ချိန်တွေဟာ ကျင်းပနေကျအတိုင်း ရွှေ့ပြောင်းလို့မရတဲ့အတွက် ဆက်လက်ကျင်းပသွားမယ်လို့ သူက ဖြေခဲ့တာပါ။ ဘောလုံးအားကစားပွဲတွေဟာ အကြမ်းဖက်သမားတွေရဲ့အဓိကပစ်မှတ်တခုဖြစ်လာပြီး ယူရို ၂၀၁၆ နောက်ဆုံးပွဲစဉ်တွေမှာ လုံခြုံရေးအတွက် ဂရုပြုရမယ့်အခြေအနေ ဖြစ်လာတယ်လို့ ပြင်သစ်နိုင်ငံ၊ ပြည်ထဲရေးဝန်ကြီး ဘားနတ်ဒ်ကက်ဇ်နိုဗာက ပြောပါတယ်။ “ဘရပ်ဆဲလ်မှာ ဖြစ်ခဲ့တာတွေက ကျနော်တို့ကို ယူရို ၂၀၁၆ ပွဲစဉ်တွေမှာ အမြင့် ဆုံးလုံခြုံမှုအဆင့်နဲ့ စီစဉ်ဖို့ တပ်လှန့်လိုက်သလိုပါပဲ။” ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) ကတော့ မနေ့ညက ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာတော့ ယူရို ၂၀၁၆ ပွဲစဉ်တွေကို ပုံမှန်အတိုင်း ဘေးကင်းလုံခြုံစေဖို့ရည် ရွယ်ကာ ဆက်လက်ကျင်းပသွားမယ်လို့ ကြေညာခဲ့တာပါ။ ၂၀၁၆ ယူရိုဘောလုံးပြိုင်ပွဲကို လာမယ့် ဇွန် ၁၀ ရက်နေ့က ဇူလိုင် ၁၀ ရက်နေ့အထိ ပြင်သစ်နိုင်ငံမှာ ကျင်းပမှာဖြစ်ပါတယ်။

More News
Up