သမ္မတဖြစ်လာပါက အစ္စရေးနှင့် ဆက်ဆံရေး ခိုင်မြဲအောင် ကြိုးစားမည်ဟု ဒေါ်နယ်ထရမ့် ပြော

ဓာတ်ပုံ - ရိုက်တာ
ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတလောင်းဖြစ်ဖို့ အလားအလာ ကောင်းနေတဲ့ ဒေါ်နယ် ထရမ့်က သူသာ သမ္မတဖြစ်လာရင် အစ္စရေးနဲ့ ဆက်ဆံရေးကို ခိုင်မြဲအောင် ကြိုးစားသွားမယ်လို့ ကတိပြုလိုက်ပါတယ်။ အစ္စရေးအရေး စည်းရုံးနေတဲ့ အမေရိကန်-အစ္စရေး လူထုရေးရာ ကော်မတီက စီစဉ်တဲ့ ဟောပြောပွဲမှာ ထရမ့်ဟာ သူ့ကိုယ်သူ အစ္စရေးကို ရာသက်ပန် ထောက်ခံသူ၊ မိတ်ဆွေစစ်အဖြစ် ဂုဏ်ဖော်ပြောဆိုပါတယ်။ ငြိမ်းချမ်းရေး သဘောတူညီချက်အတွက် အစ္စရေးဘက်က အသင့်ရှိတာကို ချီးကျူးရင်းနဲ့ ပါလက်စတိုင်းဘက်ကလည်း အစ္စရေးနိုင်ငံ တည်ရှိမှုကို အသိအမှတ်ပြုဖို့ လိုတယ်လို့ ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ အစ္စရေးတို့ကြားက ဆက်ဆံရေးဟာ ဖျက်ဆီးမရအောင် ခိုင်မြဲတယ် ဆိုတာကို နားလည်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လာပါလို့ ထရမ့်က ပါလက်စတိုင်းကို ဖိတ်ခေါ်ပါတယ်။ ထရမ့်ဟာ သူ့ကိုယ်သူ အစ္စရေးကို အလွန်အမင်း လိုလားသူအဖြစ် ထုတ်ဖော် ပြောဆိုခဲ့ပေမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာတော့ ဘက်မလိုက် ကြားနေမယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း သူ့ကို ဝေဖန်သူတွေက အစ္စရေးနဲ့ အမေရိကန်ပြည်ထောင်စုကြားက သံမဏိရှည်ကြာတဲ့ ဆက်ဆံရေးကို ဖျက်ဆီးမယ့်သူအဖြစ် ဝေဖန်ကြပါတယ်။ အခုတော့ ထရမ့်က သူ့ကိုယ်သူ အစ္စရေးလိုလားသူအဖြစ် ဂုဏ်ဖော်ရုံမက ကုလသမဂ္ဂကိုလည်း ဝေဖန်ပါတယ်။ သူသာ သမ္မတဖြစ်လာရင် ကုလသမဂ္ဂက အစ္စရေးနဲ့ ပတ်သက်လို့ ဆန့်ကျင်တဲ့ကိစ္စ မှန်သမျှ ဗီတိုအာဏာသုံးပြီး ပယ်ချမယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up