ကူးစက်မြန် ဦးနှောက်အမြှေးရောင်ရောဂါ ထိန်းချုပ်ရန် တပ်လှန့်နှိုးဆော်
DVB
·
March 23, 2016
ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်က ကလေးငယ်တချို့မှာ ကူးစက်မြန်ဦးနှောက်အမြှေးရောင် ရောဂါ တွေ့ရှိပြီးတဲ့နောက် ရန်ကုန်တိုင်းတတိုင်းလုံးအနေအထားနဲ့ ဒီရောဂါပိုးကို ထိန်းချုပ်ဖို့ တပ်လှန့်နှိုးဆော်ထားပြီး ကြိုတင်ကာကွယ်ရေးတွေလည်း ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းကျန်းမာရေးဦးစီးမှူး ဦးဝင်းလွင်က ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် အမှတ် ၂၁ ရပ်ကွက် စည်ပင်ပတ်ဝန်းကျင် သန့်ရှင်းရေးဌာန ဝန်ထမ်းအိမ်ရာမှာ နေထိုင်တဲ့ ကလေးငယ်နှစ်ဦးဟာ မတ်လ ၁၄ ရက်နဲ့ ၁၈ ရက်နေ့တွေမှာ ကူးစက်မြန် ပြင်းထန်ဦးနှောက်အမြှေးရောင်ရောဂါ သေဆုံးခဲ့ပါတယ်။ အဲဒီနောက်မှာ သံသယရှိတဲ့ နောက်ထပ်ကလေးငယ် ၂၀ကို ရန်ကင်းကလေးဆေးရုံကို ပို့ဆောင်ကုသရာမှာတော့ လက်ရှိမှာ ကလေး ၂၀ ထဲက ၁၈ ဦးကတော့ ရောဂါမရှိလို့ ဆေးရုံဆင်းက ဆင်းသွားပြီး ကျန်တဲ့ ၂ ယောက်ကတော့ ဆေးကုသမှု ခံယူနေဆဲဖြစ်ပါတယ်။
ကူးဆက်မြန်ဦးနှောက် အမြှေးရောင်ရောဂါကတော့ ဖျားနာတာနဲ့ ဆေးခန်းပြဖို့လိုအပ်ပြီး၊ အရေပြားမှာ အနီဖုတွေဖြစ်လာရင် အသက်အန္တရာယ်ခြိမ်းခြာက်မှု ၅၀ ရာခိုင်နှုန်းအထိ ဖြစ်နိုင်ကြောင်း၊ ဒီရောဂါဟာ တကိုယ်ရေသန့်ရှင်းရေးထဲက လက်သန့်ရှင်းရေးမှာ အဓိက အရေးကြီးပြီး ဗက်တီးရီးယား ပိုးကြောင့်ဖြစ်ကြောင်း၊ အဲဒီ့ ကူးစက်မြန်ဦးနှောက်အမြှေးရောင် ရောဂါဟာ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ ကလေးငယ်တွေမှာ အဖြစ်များပြီး၊ လူထူထပ်တဲ့နေရာ၊ ဖုန်ထူထပ်တဲ့နေရာတွေကို မသွားရောက်မိဖို့ လိုအပ်ပြီး ကလေးငယ်တွေကို အာဟာရပြည့်ဝစွာ ကျွေးမွေးဖို့လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။