ကမ္ဘာ့အရှည်လျားဆုံး လေသင်္ဘော ခရီးစဉ်ပြေးဆွဲရန် အသင့်ဖြစ်နေ

ဓာတ်ပုံ - Bloomberg
အင်္ဂလန်နိုင်ငံမှ Hybrid Air Vehicles လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်းက အလျား ၉၂ မီတာ အရှည်ရှိတဲ့ ကမ္ဘာ့အရှည်ဆုံး လေသင်္ဘောတစီးကို ထုတ်လုပ်ခဲ့ပြီး ခုချိန်မှာတော့ ခရီးစဉ်ပြေးဆွဲဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။ အဲလန်ဒါ-၁၀ လို့ အမည်ပေးထားတဲ့ လေသင်္ဘောဟာ ဟီလီယံဓာတ်ငွေ့ ထည့်သွင်းအသုံးပြုရတာဖြစ်ပြီး လက်ရှိမှာတော့ အင်္ဂလန်နိုင်ငံအလယ်ပိုင်း၊ ကာဒင်တန်အရပ်မှာ ထားရှိတာဖြစ်တယ်လို့ ဆစ်ဒနီမောနင်းဟာရေးလ်ဒ်သတင်းမှာ ဖော်ပြပါတယ်။ ဒီယာဉ်ဟာ နှစ်ထပ်ဘတ်စ်ကား ၆ စီးထက် ပိုမိုအသုံးတွင်ကျယ်နိုင်ဖွယ်ရှိကာ စုစုပေါင်း ခရီးသည် ၄၈ ဦး လိုက်ပါစီးနင်းနိုင်မှာ ဖြစ်ပါတယ်။ ဒေါင်လိုက်အနေအထားနဲ့ ဆိုက်ရောက်နိုင်တဲ့အတွက် ဒီယာဉ်ကို အသုံးပြုရာမှာ လေယာဉ်တွေလို ပြေးလမ်းမလိုအပ်ပါဘူး။ ဒါကြောင့် ရေခဲပြင်တွေပေါ်မှာ၊ ကွင်းပြင်တွေပေါ်မှာ၊ သဲကန္တာရတွေပေါ်မှာလည်း အလွယ်တကူ ရပ်နားနိုင်ပါတယ်။ အသုံးပြုသူတွေဟာ အရေးပေါ် သယ်ယူပို့ဆောင်ရေးလုပ်ငန်းနဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာဖြစ်ဖြစ်၊ အပျော်စီးဖို့ပဲဖြစ်ဖြစ် စိတ်ဝင်စားကြလိမ့်မယ်လို့ Hybrid Air Vehicles အနေနဲ့ မျှော်လင့်နေတာပါ။ လေသင်္ဘောတွေကို ၁၉ ရာစုတည်းက တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြပြီး ၂၀ ရာစုမှာတော့ လေယာဉ်တွေ အစားထိုး နေရာယူလာခဲ့ကြတာလို့ သတင်းမှာ ဖော်ပြပါတယ်။ Hybrid Air Vehicles ဟာ ပုဂ္ဂလိက အဖွဲ့အစည်းတခုအဖြစ် လုပ်ငန်းလည်ပတ်နေတာဖြစ်ပြီး ခုလို တည်ဆောက်မှုအတွက် ဥရောပသမဂ္ဂ၊ ဗြိတိန်နဲ့ အမေရိကန် အထောက်အပံ့တွေ အပါအ၀င် အစုရှယ်ယာရှင် ၁၀၀၀ ဆီမှ ရန်ပုံငွေ ပေါင်စတာလင် ၁၇ ဒသမ ၅ သန်း (အမေရိကန်ဒေါ်လာ ၃၃ သန်း) နဲ့ မြှင့်တင်သုံးစွဲခဲ့ရတာပါ။ ဒီယာဉ်ကို စမ်းသပ်မောင်းနှင်ပြီးချိန်မှာတော့ လာမယ့်လတွေအတွင်းမှာ စတင် ပြေးဆွဲနိုင်တော့မှာ ဖြစ်ပါတယ်။ Hybrid Air Vehicles အနေနဲ့ လာမယ့် ၂၀၁၈ ခုနှစ်မတိုင်ခင်မှာ လေသင်္ဘော ၁၂ စီးထိ တည်ဆောက်သွားဖို့ မျှော်လင့်ထားတာပါ။

More News
Up