ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် မနက်ဖြန်တွေ့ရန်ရှိ
အေးနိုင်
·
August 11, 2011
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ထောင်စု အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နဲ့ မနက်ဖြန်မှာ တွေ့ဆုံကြလိမ့်မယ်လို့အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောပါတယ်။
[caption id="attachment_14057" align="alignleft" width="310" caption="ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးအောင်ကြည် တွေ့ဆုံစဉ်"][/caption]
သူတို့နှစ်ဦးဟာ ဇူလိုင် ၂၅ ရက်နေ့က တကြိမ် တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီနေ့က တွေ့ဆုံပြီး ဦးအောင်ကြည်က သတင်းထောက်တွေကို ပြောဆိုရာမှာ “ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေး ပူးပေါင်းဆောင်ရွက်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့တယ်” ဆိုတဲ့ အကြောင်းနဲ့ နှစ်ဖက် အခါအခွင့်သင့်သလို ဆက်လက် တွေ့ဆုံမယ်လို့ ပြောဆိုခဲ့ပါသေးတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီတွေ့ဆုံပွဲအပြီးမှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အပစ်ရပ်ဖို့ ငြိမ်းချမ်းရေးအိတ်ဖွင့်ပေးစာကို ထုတ်ပြန်ခဲ့ပြီး လာမယ့် ၁၄ ရက်ကျရင်လည်း ပဲခူးတိုင်းကို နိုင်ငံရေးခရီးထွက်မယ်လို့ ပြောထားပါတယ်။