ဝန်ကြီးဌာန ၁၈ ခုအတွက် ၀န်ကြီးအမည်စာရင်း ယနေ့ ထုတ်ပြန်မည်
DVB
·
March 22, 2016
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အစိုးရလက်ထက်မှာ ပြန်လည်ဖွဲ့စည်းမယ့် ၀န်ကြီးဌာန ၁၈ ခုက ၀န်ကြီးတွေရဲ့ နာမည်စာရင်းတွေကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ထုတ်ပြန်သွားမှာပါ။
လွှတ်တော်နာယကက သမ္မတကနေ အဆိုပြုတင်ပြထားတဲ့ ပြည်ထောင်စုဝန်ကြီးတွေအဖြစ် ခန့်အပ်တာဝန်ပေးသင့်တဲ့ ပုဂ္ဂိုလ်တွေရဲ့ နာမည်စာရင်းကို တင်ပြမှာ ဖြစ်ပါတယ်။
အန်အယ်လ်ဒီရဲ့ ၀န်ကြီးအဖွဲ့စာရင်းမှာ ပါတီဘက်က ၀န်ကြီး ၆ ဦးသာ ပါရှိမှာဖြစ်ပြီး တခြားပါတီက ခေါင်းဆောင်တွေနဲ့ ပြင်ပက ပညာရှင်တွေ ပါဝင်မယ်လို့ ပြောဆိုထားပါတယ်။
အဲဒီအထဲမှာ အမျိုးသမီးလည်းပါတယ်လို့ ပါတီရဲ့ ပြောခွင့်ရသူ ဒေါက်တာ ဇော်မြင့်မောင်က ဆိုထားပါတယ်။
ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ အစိုးရအဖွဲ့မှာ ၀န်ကြီးတာဝန်ယူမယ်ဆိုပြီး သတင်းတွေ ထွက်နေပေမယ့်လည်း လောလောဆယ်မှာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အန်အယ်လ်ဒီက အစိုးရဖွဲ့ခွင့်ရတဲ့အတွက် အစိုးရမှာလည်း ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်တဲ့နေရာ ယူမှာဖြစ်တယ်လို့ ပြောဆိုတာတွေ ရှိနေပါတယ်။
အစိုးရသစ်ဟာ ၀န်ကြီးဌာန အများစုအတွက် ခန့်အပ်တာဝန်ပေးမှာ ဖြစ်ပေမယ့် ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာနတွေကိုတော့ ဖွဲ့စည်းပုံအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်သွားမှာ ဖြစ်ပါတယ်။