ဒေါ်လ်နယ်ထရမ့် မဲဆွယ်ပွဲနဲ့အတူ ကြီးမားလာတဲ့ ဆန့်ကျင်ကန့်ကွက်မှုများနဲ့ ပြည်သူတွင်းပဋိပက္ခ

2.8K
လွန်ခဲ့တဲ့ သီတင်းပတ်မှာတော့ အမေရိကန်နိုင်ငံရဲ့ သမ္မတလောင်း ရွေးချယ်ဖို့ မဲဆွယ်စည်းရုံးမှု လုပ်ကြရာမှာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း မမြင်ခဲ့ကြရတဲ့ မြင်ကွင်းတွေကို တွေ့မြင်ခဲ့ကြရပါတယ်။ အဲဒါတွေကတော့ မဲဆွယ်စည်းရုံးမယ့် ဘီလျံနာသူဌေးကြီး ဒေါ်လ်နယ်ရမ့်ကို စောင့်နေကြရင်း ပြိုင်ဘက်အုပ်စုတွေအကြား တဘက်နဲ့တဘက် စော်ကားပြောဆို အကြမ်းဖက်မှုတွေ၊ ဟိုတကွက်ဒီတကွက် ဖြစ်ပေါ်နေတဲ့ ရန်ပြုတိုက်ခိုက်မှု မြင်ကွင်းတွေပဲ ဖြစ်ပါတယ်။ ဒီလို အကြမ်းဖက် ရုန်းရင်းဆန်ခတ်ဖြစ်မှု၊ ရန်ပြုတိုက်ခိုက်မှုတွေဟာ ရီပတ်ဗလစ်ကန်ပါတီရဲ့ သမ္မတလောင်းဖြစ်ဖို့အရေး ယှဉ်ပြိုင်မဲဆွယ်နေတဲ့ ဒေါ်လ်နယ်ထရမ့် စီစဉ်ထားတဲ့ ချီကာဂို အီလီနွိုက်တက္ကသိုလ် ပရိဝုဏ်မှာ လူထုစုဝေးပွဲ မပြုလုပ်ခင်မှာ ဖြစ်ပွားခဲ့ကြတာ ဖြစ်ပါတယ်။
ဒီ့နောက်မှာတော့ မစ္စတာ ဒေါ်နယ်လ်ထရမ့်က ချီကာဂို ပုလိပ်ဌာနနဲ့ ဆွေးနွေးပြီးချိန်မှာ သူ့ရဲ့ စုဝေးပွဲ အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။ သူ့ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့က ထုတ်ပြန်ကြေညာချက်တခုမှာတော့ “မစ္စတာ ဒေါ်လ်နယ်ထရမ့် ချီကာဂို ရောက်လာပြီး ဥပဒေထိန်းသိမ်းရေး အရာရှိတွေနဲ့ တွေ့ဆုံအပြီးမှာ စုဝေးပွဲကျင်းပမယ့်နေရာ အတွင်းအပြင်ကို တက်ရောက်လာကြမယ့် သောင်းနဲ့ချီတဲ့ လူထုပရိသတ်ကြီးရဲ့ လုံခြုံရေးအတွက် ဒီနေ့ညကျင်းပမယ့် စုဝေးပွဲကို ရက်ရွှေ့ဆိုင်းလိုက်တာ ဖြစ်ပါတယ်။” လို့ ဖော်ပြထားခဲ့ပါတယ်။ အဲဒီလို မစ္စတာ ထရမ့်က စုဝေးပွဲကို ရက်ရွှေ့ဆိုင်းတော့မယ်လို့ ကြေညာလိုက်တဲ့အချိန်မှာ ချီကာဂို အီလီနွိုက်တက္ကသိုလ် ပရိဝုဏ် ခန်းမကြီးထဲမှာ ရှိနေကြတဲ့ လူစုလူဝေးကြီးက ကျယ်ကျယ်လောင်လောင် ကြမ်းကြမ်းတမ်းတမ်းပဲ အော်ဟစ် အားပေးခဲ့ကြပါတယ်။
မာရီယာ ဟာနင်ဒက်ဇ်ဆိုတဲ့ အသက် ၂၅ နှစ်အရွယ် ရပ်ကွက် စည်းရုံးရေးသမားတယောက်က ဒေါ်နယ်လ်ထရမ့် လူထုစုဝေးပွဲ ဖျက်သိမ်းလိုက်ကြောင်း ကြေညာလိုက်တဲ့အချိန်မှာ ထ ကတဲ့အထိ ပျော်မြူးသွားခဲ့ပါတယ်။ သူက “ကျမတို့မြို့အတွက် ဒီလောက် တခါမှ ဂုဏ်မယူဖူးပါဘူးရှင်” လို့ စီအင်အင် သတင်းဌာနကို ပြောပါတယ်။ တကယ်တော့ သူ့ကို ရှေ့ဆုံးကပြေးနေတဲ့ ရီပတ်ဗလစ်ကန် သမ္မတလောင်းရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒတွေနဲ့ သူ့မြို့က လူမျိုးရေးခွဲခြားမှုတွေက ဒေါ်လ်နယ်ထရမ့် စီစဉ်ထားတဲ့ပွဲကို ဆန့်ကျင်ကန့်ကွက်ရာမှာ ပါဝင်လာစေခဲ့တာပဲ ဖြစ်ပါတယ်။ သူက “ကျမက လူမည်းဖြစ်သလို မက်ခ်ဆီကန် ဖြစ်တဲ့အတွက် ခုလို ကန့်ကွက် ဆန့်ကျင်ရတာပါ။ သူက ကျမကို ဘယ်ကိုနှင်ထုတ်မယ်တော့ မသိဘူးပေါ့ရှင်။ ဒါပေမယ့် ကျမကတော့ ချီကာဂိုမှာ လူမျိုးခွဲခြားရေးဝါဒကို နေ့တိုင်းကြုံတွေ့နေရလို့ ၀နေပါပြီရှင်။” လို့ နာနာကျင်ကျင် ပြောပြခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်နယ်လ်ထရမ့်ကို ထောက်ခံသူတွေကတော့ ပွဲကိုရွှေ့ဆိုင်းလိုက်တဲ့အတွက် စိတ်ပျက်သွားခဲ့ကြပါတယ်။
ရုန်းရင်းဆန်ခတ်ဖြစ်သွားပြီးတဲ့ နောက်ပိုင်းမှာတော့ ဒေါ်နယ်လ်ထရမ့်က “ဒီကနေ့အထိတော့ ကျနော်တို့မှာ ပြဿနာများများစားစား မရှိခဲ့သေးပါဘူး။” လို့ စီအင်အင်သတင်းဌာနက ဒွန်လင်မန်ကို ပြောကြားခဲ့ပြီး သူ့ကို စွပ်စွဲပြောဆိုလာတာတွေနဲ့ ပတ်သက်ပြီး စိတ်ထိခိုက် နောင်တရတာမျိုး ဖြစ်သလားဆိုတဲ့ မေးခွန်းကိုတော့ “ကျနော် နောင်တမရပါဘူး။ အဲဒီလူတွေဟာ တကယ်ဆိုးဝါးတဲ့ ဆန္ဒပြသမားတွေပဲဗျာ။ တကယ့် ငကြွားတွေလေ။ ကြမ်းတမ်းတဲ့ လူရမ်းကားတွေပဲ” လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
အာဏာပိုင်တွေက လူ ၅ ယောက် ဖမ်းဆီးခဲ့တယ်လို့ ချီကာဂို ကြားဖြတ်ပုလိပ်အဖွဲ့ကြီးကြပ်ရေးမှူး အက်စ်ကဲလန့်က ပြောကြားခဲ့ပါတယ်။ အဲဒီ ဖမ်းဆီးခံရသူတွေထဲမှာ စီဘီအက်စ် သတင်းဌာနက ဆိုပင်ဒပ်လည်း ပါဝင်ပါတယ်။ သူဟာ ရှေ့မှာ ဖမ်းဆီးခံခဲ့ရတဲ့ တိုင်းမ်မဂ္ဂဇင်း ဓာတ်ပုံသတင်းထောက် ခရစ်စ်မောရစ် (လျှိ့ဝှက်ထောက်လှမ်းရေး တယောက်က သူ့ကိုအသက်ရှူကြပ်အောင်လုပ်ပြီး မြေကြီးပေါ် တွန်းလှဲခဲ့တယ်လို့ ပြောခဲ့သူ) နဲ့ ဘရိတ်ဘတ် သတင်းထောက် မီးရှဲလ်ဖီးလ် (ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေး မန်နေဂျာကို သူ့ကို ဆွဲဖက်ထားခဲ့တယ် ဆိုပြီး တိုင်ချက်ဖွင့်ထားခဲ့သူ) တို့ ပြီးရင် ဒေါ်လ်နယ်ထရမ့်ရဲ့ ပွဲတွေမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက် အဖမ်းဆီးခံခဲ့ရတဲ့ ခုချိန်ထိ နောက်ဆုံးသတင်းထောက် ဖြစ်ပါတယ်။ စီဘီအက်စ်သတင်းဌာန ဥက္ကဋ္ဌ ဒေးဗစ်ရုတ်ဒ်ကတော့ ပုလိပ်ဖမ်းဆီးတာကို ခုခံခဲ့တယ်ဆိုပြီး တရားစွဲခံခဲ့ရတဲ့ သူ့သတင်းထောက်ဘက်က ကာကွယ်ပြီး သူ့ရဲ့ တွစ်တာ စာမျက်နှာမှာ “ဗွီဒီယိုတိပ်မှာ သူက မခုခံခဲ့ဘူးဆိုတာ ခင်ဗျားတို့တွေ့မှာပါ။ သူက သူ့ကိုယ်သူ သတင်းယူနေတဲ့ သတင်းထောက်ပါလို့ ပြောပြခဲ့ပါတယ်” လို့ ရေးသားခဲ့ပါတယ်။ အက်စ်ကဲလန့်ရဲ့ အဆိုအရ လူစုလူဝေးကို ထိန်းချုပ်ဖို့ ပုလိပ်အရာရှိ အယောက် ၃၀၀ လောက် ချထားခဲ့ရပြီး ချီကာဂို ပုလိပ်အဖွဲ့အနေနဲ့ သူတို့ဟာ ထရမ့်နဲ့ သူ့ကို ထောက်ခံသူတွေ၊ ကန့်ကွက်သူတွေကို အကာအကွယ်ပေးဖို့အတွက် လုံခြုံရေး လုံလောက်အောင် ချထားပေးနိုင်ခဲ့တယ်လို့ ယုံကြည်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒေါ်လ်နယ်ထရမ့်ဟာ သူ့ရဲ့ လူမျိုးခွဲခြားမှုနဲ့ အမျိုးသားရေး အစွန်းရောက် ဟောပြော မဲဆွယ်မှုတွေကြောင့် သူ့ရဲ့ မဲဆွယ်စည်းရုံးရေး လူထုစုဝေးပွဲတွေမှာ ကန့်ကွက်ဆန့်ကျင်မှုတွေနဲ့ မကြာခဏ ကြုံတွေ့နေရသလို သူ့ကို ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေအကြား အကြမ်းဖက် တိုက်ခိုက်မှုတွေ၊ ထောက်ခံသူ၊ ကန့်ကွက်သူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေနဲ့လည်း ကြုံတွေ့နေခဲ့ရပါတယ်။ ကင်းဆတ်စ်စီးတီးမှာ ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ် ဖြစ်မှုမှာလည်း ပုလိပ်အဖွဲ့က ငရုတ်ရည်နဲ့ပက်မှုတ်ပြီး လူစုလူဝေးကို ဖြိုခွဲခဲ့ရတာကို တွေ့ရပါတယ်။ ချီကာဂို အီလီနွုက် တက္ကသိုလ်မှာ အရှက်ရခဲ့ပြီးတဲ့နောက် ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးကို ပြန်လည်တာစူနိုင်ခဲ့ပေမယ့် မစ်ဇိုရီပြည်နယ် မစ်ဒ်လင်းဒ် ကဇာတ်ရုံ အတွင်းမှာလည်း ပြိုကွဲမှုတွေ ထပ်ပြီး ကြုံတွေ့ခဲ့ရပါသေးတယ်။ ပြီးခဲ့တဲ့အပတ် စနေနေ့ညမှာ ထရမ့် စကားပြောလို့ မိနစ်ပိုင်းအတွင်းမှာပဲ ကန့်ကွက်ဆန့်ကျင်မှုတွေက စတင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူက လူစုလူဝေးကို “ကျနော်တို့ အချိန်အများကြီး ရှိပါတယ်။ ကျနော်တို့ မလောပါဘူး၊ ကျနော်တို့ မလောပါဘူးဗျာ” လို့ ပြောခဲ့ပါတယ်။ ကန့်ကွက်သူတွေက ကဇာတ်ရုံတခုလုံး အနှံ့ ဖြစ်နေပြီး သူ့ကို ထောက်ခံသူတွေရဲ့ ထိုင်ခုံတွေကို ယူနေကြပြီး ထောင်နဲ့ချီပြီး အပြင်မှာ စောင့်နေခဲ့ကြရတယ်လို့ ထရမ့်က ၀မ်းပန်းတနည်း ပြောကြားခဲ့ပါတယ်။
ခုလက်ရှိ အခြေအနေမှာ မစ္စတာ ဒေါ်လ်နယ်လ်ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့က သောကြာနေ့ညမှာ ကျင်းပဖို့ရှိတဲ့ သူ့ရဲ့ လူထုစည်းဝေးပွဲကို ရွှေ့ဆိုင်းလိုက်ပြီးတဲ့နောက်မှာ ဆင်ဆင်နာတီမှာ လူထုစုဝေးပွဲ ကျင်းပဖို့ ဆုံးဖြတ်ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလို ကြေညာအပြီး မကြာခင်မှာပဲ ထောက်ခံသူနဲ့ ကန့်ကွက်သူတွေအကြား တင်းမာမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် အများစုက အကြမ်းမဖက်ခဲ့ကြတဲ့အတွက် ကံကောင်းထောက်မတယ်လို့ပဲ ပြောရမှာပါပဲ။ ထရမ့်ရဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီးဖြစ်သူ ဟုတ်ပ်ဟစ်စ် ရိုက်တာသတင်းဌာနရဲ့ သတင်းပေးပို့ချက်ဖြစ်တဲ့ အိုဟိုင်းအိုးစုဝေးပွဲကို လုံခြုံရေး အခြေအနေကြောင့် ပယ်ဖျက်လိုက်ရတယ်ဆိုတာကို ငြင်းပယ်ခဲ့ပါတယ်။ ထရမ့်ကိုယ်တိုင်ကတော့ လျှို့ဝှက် ထောက်လှမ်းရေး အဖွဲ့ဝင်တယောက်က စကားပြောစင်မြင့်ကို လူတယောက် ပြေးလာနေပြီလို့ ပြောပြီး သူ စကားပြောနေတဲ့ပွဲကို ရှင်းလင်းပစ်ခဲ့တာတောင်မှ သူက သူစီစဉ်ထားတဲ့အတိုင်း ဆက်လုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းဖြစ်နိုင်ခြေရှိနေတဲ့ ဟီလာရီ ကလင်တန်ကတော့ ရီပတ်ဗလစ်ကန် သမ္မတ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်နေကြတဲ့ ကာဆစ်ခ်ျနဲ့ တက်ဒ်ခရုဇ်တို့က ထရမ့်ကို သူ့ရဲ့ဒေါသနဲ့ အမုန်းတရားတွေ ပွားများလာစေနိုင်တဲ့ မိန့်ခွန်းစကားတွေအတွက် အပြစ်တင်နေတဲ့ အချိန်မှာပဲ “ကျမတို့နိုင်ငံရေးမှာ အကြမ်းဖက်မှု မရှိပါဘူး” လို့ လူထုကို ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှာကတော့ ဒေါ်နယ်လ်ထရမ့်ဟာ သူ့ရဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒတွေနဲ့ လူမျိုးခွဲခြားရေး အရောင်လွှမ်းတဲ့ ဝေဖန်ပြောဆိုမှုတွေကြောင့် ကျောင်းသားတွေနဲ့ လူမည်းဘ၀ရေးရာ လှုပ်ရှားမှု အဖွဲ့ဝင်တွေ အပါအ၀င် အမျိုးမျိုးအစားအစားဖြစ်တဲ့ ဆန့်ကျင်ကန့်ကွက်သူတွေကို ရင်ဆိုင်ခဲ့ရပါတယ်။
စဉ်းစားရမှာကတော့ ဒီကနေ့လောက် လူမျိုးရေးခွဲခြားမှု၊ အသားအရောင်ခွဲခြားမှု၊ ဘာသာရေးခွဲခြားမှုတွေနဲ့ ယုံကြည်မှု မတူညီမှုဆိုင်ရာ ပြဿနာတွေနဲ့ ကမ္ဘာတ၀ှမ်းမှာ စစ်မီးတောက်လောင်နေတဲ့ အချိန်မှာ ဒေါ်လ်နယ်ထရမ့်လို လူမျိုးကို ရီပတ်ဗလစ်ကန်ပါတီကို ထောက်ခံတဲ့ ပြည်သူတွေက သူတို့ပါတီရဲ့ သမ္မတလောင်းအဖြစ် ရွေးချယ် တင်မြှောက်ကြတော့မှာလား။
အဲဒီလိုဆိုရင် အနာဂတ် အမေရိကန်ပြည်ထောင်စုရဲ့ အလားအလာ ဘယ်လိုရှိလာနိုင်မလဲ။ နိုင်ငံတကာက အမေရိကန်ပြည်ထောင်စုရဲ့ ဒီမိုကရေစီ မူဝါဒအပေါ် ဘယ်လို သဘောထားမလဲ။ အဲဒီအချက်တွေကတော့ အမေရိကန်နိုင်ငံသားတွေတင် မဟုတ်ဘဲ နိုင်ငံတကာက ပြည်သူလူထု အနေနဲ့ပါ အလေးတယူ ထည့်သွင်းစဉ်းစားရမယ့်ကိစ္စ ဖြစ်တယ်လို့ ယူဆမိပါတယ်။
စိုးနေလင်း