ပြည်ထောင်စုဝန်ကြီးစာရင်းတွင် အမျိုးသမီး ပါဝင်
DVB
·
March 21, 2016
သမ္မတသစ်က တင်သွင်းမယ့် ပြည်ထောင်စုဝန်ကြီး စာရင်းထဲမှာ အမျိုးသမီး ပါဝင်မယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။
ဒါ့အပြင် အန်အယ်လ်ဒီ စီအီးစီ (ဗဟိုအလုပ်အမှုဆောင်) တွေအနေနဲ့ ပါဝင်ဖို့ အရေးမကြီးဘူး လို့လည်း သူက ဒီနေ့ပြည်ထောင်စုလွှတ်တော် အပြီး မီဒီယာတွေကို ပြောဆိုသွားပါတယ်။
ပြည်ထောင်စုဝန်ကြီးတွေအဖြစ် ခန့်အပ်တာဝန်ပေးသင့်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်မှာ မနက်ဖြန် မတ်လ ၂၂ ရက် ကျရင် တင်ပြသွားမှာ ဖြစ်ပါတယ်။
အနိုင်ရပါတီ အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အရပ်သားသမ္မတသစ် ဦးထင်ကျော် တင်သွင်းသည့် ၀န်ကြီးဌာန ၂၁ ခုနဲ့ ၀န်ကြီး ၁၈ ဦးကို ဒီနေ့ လွှတ်တော်က ထောက်ခံမဲ အများစုနဲ့ အတည်ပြု လိုက်ပါတယ်။
အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ဒီလအစောပိုင်းက မီဒီယာကို ပြောကြားချက်အရ အစိုးရအဖွဲ့မှာ အန်အယ်လ်ဒီက ၃၀ ရာခိုင်နှုန်းပဲ ပါဝင်မယ်လို့ သိရပြီး အခု နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းအရ အစိုးရအဖွဲ့မှာ အန်အယ်လ်ဒီက ၆ ဦးသာ ပါဝင်မှာ ဖြစ်ပါတယ်။
အန်အယ်လ်ဒီအစိုးရအဖွဲ့မှာ တခြားနိုင်ငံရေးပါတီက ခေါင်းဆောင်တချို့နဲ့ ပြင်ပ ပညာရှင်တွေလည်း ပါဝင်လာဖို့ ရှိတယ်လို့ ပါတီဘက်က ပြောဆိုထားပါတယ်။