Home
မြန်မာသတင်း
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံရသူ ဦးထင်ကျော်က ပြည်ထောင်စုဝန်ကြီးဌာန အရေအတွက်၊ အမည်နှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်တွင် ရှင်းလင်း
DVB
·
March 21, 2016
လေးစားအပ်တဲ့ ပြည်ထောင်စုလွှတ်တော်နာယကကြီးနှင့်တကွ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့ ဦးစွာဆုတောင်း မေတ္တာပို့သအပ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြည်ထောင်စုအစိုးရ ၀န်ကြီးဌာန အရေအတွက်၊ အမည်နဲ့ ပြည်ထောင်စုဝန်ကြီးဦးရေ သတ်မှတ်ခြင်းတို့ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီကိစ္စနဲ့စပ်လျဉ်းပြီး ထောက်ခံဆွေးနွေးကြတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကိုလည်းကောင်း၊ ဆွေးနွေးခြင်းမပြုကြသော်လည်း ၀ိုင်းဝန်းထောက်ခံခဲ့ကြသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကိုလည်းကောင်း ကျေးဇူးတင်စကား ပြောကြားလိုပါတယ်။ လက်ရှိပကတိအခြေအနေအရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ် ရေးရာဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနတို့ကို မူလအတိုင်းပဲ ထားရှိထားတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ အချို့ဝန်ကြီးဌာနတွေကတော့ အမျိုးတူ၊ ဘာသာရပ်တူ၊ လုပ်ငန်းသဘောတူဖြစ်တာကြောင့် ပေါင်းစပ်ဖွဲ့စည်းခြင်းလည်းရှိပါတယ်။ ဒါတွေ ကတော့ သမ္မတရုံးဝန်ကြီးဌာန ၆ ခုကို တခုတည်းထားရှိခြင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံဖြိုးရေးဝန်ကြီးဌာန၊ သမ သမ၀ါယမ၀န်ကြီးဌာန သုံးခုကိုပေါင်းပြီး ၀န်ကြီးဌာနတခုအဖြစ် ပေါင်းစပ်ဖွဲ့စည်းခြင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဝန်ကြီးဌာနတို့ကို ၀န်ကြီးဌာနတခုအဖြစ် ပေါင်းစပ်ဖွဲ့စည်းခြင်း၊ သတ္တုတွင်းဝန်ကြီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ၂ ခုကို ၀န်ကြီးဌာနတခုအဖြစ် ပေါင်းစပ်ဖွဲ့စည်းခြင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ၂ ခုတို့ကို ၀န်ကြီးဌာနတခုအဖြစ် ပေါင်းစပ်ဖွဲ့စည်းခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနနှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန နှစ်ခုကို ၀န်ကြီးဌာန တခုအဖြစ် ပေါင်းစပ်ဖွဲ့စည်းခြင်း၊ သာသနာရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့ကို ပေါင်းစပ်ဖွဲ့စည်းပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနဟု ပြောင်းလဲခေါ်ဝေါ် ပေါင်းစပ် ဖွဲ့စည်းခြင်း၊ အားကစားဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန နှစ်ခုကို ၀န်ကြီးဌာန တစ်ခုအဖြစ် ပေါင်းစပ်ဖွဲ့စည်းခြင်း၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန နှစ်ခုကို ၀န်ကြီးဌာနတစ်ခုအဖြစ် ပေါင်းစပ်ဖွဲ့စည်းခြင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနနှင့် အမျိုးသား စီမံကိန်းနှင့် စီးပွားဖွံ့ဖြိုးတိုးတက်ဖွံဖြိုးမှုဝန်ကြီးဌာန နှစ်ခုကို ၀န်ကြီးဌာန တစ်ခုအဖြစ် ပေါင်းစပ် ဖွဲ့စည်းခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။ ထို့အပြင် တိုင်းရင်းသားများအားလုံး လက်တွဲမဖြုတ်စတမ်း သွေးစည်းညီညွတ်မှုဖြင့် ပြည်ထောင်စုကြီးတခုလုံး ငြိမ်းချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်တံ့ခိုင်မြဲရေးအတွက် မရှိမဖြစ်လိုအပ်နေတဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာန တစ်ခုကိုလည်း ဖွဲ့စည်းထားပါတယ်။ ဒီနေရာမှာ တချို့ဝန်ထမ်းများက ၀န်ကြီးဌာနများလျော့နည်းသွားလို့ အလုပ်လက်မဲ့ဖြစ်သွားမှာကို စိုးရိမ်ကြောင်း ကြားသိရပါတယ်။ ၀န်ကြီးဌာနများကို ပေါင်းစည်းလိုက်ခြင်းအားဖြင့် ၀န်ကြီးဌာန နှင့် ၀န်ကြီးဦးရေ လျော့နည်းသွားတာသာ ရှိပါတယ်။ ၀န်ထမ်းများကို သင့်တော်သလို ပြောင်းရွှေ့ နေရာချထားခြင်းအားဖြင့် အလုပ်အကိုင်လုံခြုံမှုပေးမှာဖြစ်ပါတယ်။ နိုင်ငံ့ဝန်ထမ်းများအနေနဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနဲ့ ညီညွတ်ခြင်းရှိတဲ့ အလုပ်မျိုးကိုသာ လုပ်ကိုင်မယ်ဆိုပါက အလုပ်လက်မဲ့ဖြစ်စရာအကြောင်း လုံးဝမရှိပါကြောင်းကို ပြောကြားလိုပါတယ်။ အခုလို ပြည်ထောင်စုအစိုးရ၀န်ကြီးဌာနအရေအတွက်နဲ့ ပြည်ထောင်စုဝန်ကြီးဦးရေ လျော့နည်း သွားခြင်းအားဖြင့် နိုင်ငံတော်နဲ့ နိုင်ငံသားများအတွက် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာမှာ ဖြစ်စေ၊ အစိုးရရဲ့ မူဝါဒများကို ဖော်ဆောင်ရာမှာဖြစ်စေ အချိန်နှောင့်နှေးကြန့်ကြာမှုတွေ၊ မလိုအပ်ဘဲ ငွေကုန်ကြေးကျများမှုတွေ များစွာ လျော့နည်းသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် လျော့နည်းသွားတဲ့ ၀န်ကြီးများရဲ့ လစာငွေနဲ့ အဆောင်အယောင် အသုံးစရိတ်ဟာ အစိုးရ ငါးနှစ်သက်တမ်းအတွင်း သန်းပေါင်းငါးထောင်ခန့် နိုင်ငံအတွက် ခြိုးခြံချွေတာပြီးလည်း ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့နိုင်ငံဟာ ပြည်သူ့ဘဏ္ဍာငွေ သုံးစွဲမှုကို တတ်နိုင်သမျှလျော့နည်းသက်သာစေနိုင်ပါမှ၊ အတတ်နိုင်ဆုံး ခြိုးခြံချွေတာနိုင်ပါမှ နိုင်ငံတော်ဘဏ္ဍာငွေများ စုဆောင်းနိုင်ပြီး ဖွံဖြိုးမှုအနည်းဆုံး နိုင်ငံအဖြစ်မှ လွတ်မြောက်နိုင်မှာဖြစ်ပါတယ်။ နောင်မျိုးဆက်များအတွက် နိုင်ငံ့ဘဏ္ဍာ အရန်ငွေ များ ချန်ထားနိုင်ခဲ့ပြီး တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာနိုင်မှာဖြစ်ပါတယ်။ အဆိုပါ နိုင်ငံဘဏ္ဍာငွေများ ကိုလည်း လေလွင့်ဆုံးရှုံးမှုမရှိစေဘဲ ပိုနေတဲ့နေရာမှသည် လိုနေတဲ့နေရာဆီသို့ ပြည်သူလူထု လူနေမှုဘ၀အဆင့်အတန်း မြင့်မားရေးအတွက် မျှဝေပေးနိုင်မှာဖြစ်ပါတယ်။ ဥပမာ လျှော့ချလိုက် တဲ့ ၀န်ကြီးများရဲ့ သန်းပေါင်းငါးထောင်ခန့်ရှိတဲ့ လစာနဲ့ အဆောင်အယောင်စရိတ်များကို နိုင်ငံတော်မှာ လိုအပ်နေတဲ့ ပညာရေး၊ ကျန်းမာရေး၊ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးတို့မှာ ပိုမိုသုံးစွဲနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးရေး၊ အဂတိကင်းစင်သော လူ့အသိုင်းအ၀ိုင်းဖော်ဆောင်ရေး၊ အမျိုးသားအကျိုးစီးပွားကို ရှေ့ရှုရေး၊ ပြည်သူ့ဘဏ္ဍာငွေများ ခြိုးခြံချွေတာရေးနဲ့ စွမ်းဆောင်ရည်ပြည့်ဝ၍ ကျစ်လစ်ခိုင်မာ သော ပြည်ထောင်စုအစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရေးကိစ္စတို့ကို ဦးတည်၍ ဆောင်ရွက်ပါကြောင်း ပြည်ထောင်စုလွှတ်တော်ကြီးသို့ အလေးအနက် ရှင်းလင်းတင်ပြအပ်ပါတယ်ခင်ဗျာ။ ကျေးဇူးတင် ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024