Home
မြန်မာသတင်း
မြစ်ရေတက်မှုကြောင့် မြို့တချို့ရေလွှမ်း၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်
နော်နိုရင်း
·
August 11, 2011
ချင်းတွင်း၊ ပဲခူးနဲ့ စစ်တောင်းမြစ်ရေတွေဟာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေတဲ့အတွက် ပဲခူး၊ တောင်ငူ၊ ကလေးမြို့ အပါအ၀င် မြို့ရွာတချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေသလို မိုးသည်းထန်မှုကြောင့် ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ပွားနေတဲ့အတွက် လမ်းပန်းဆက်သွယ်မှု ပြတ်တောက်နေပါတယ်။ [caption id="attachment_14035" align="alignleft" width="310" caption="ပဲခူးဘူတာ"][/caption] မိုးလေ၀သနဲ့ ဇလဗေဒ​ ညွှန်ကြားရေးမှူး ဦးစီးဌာနက ပဲခူးမြစ်ရေဟာ စိုးရိမ်ရေမှတ်ထက် တပေခွဲလောက် ကျော်လွန်နေတယ်လို့ ထုတ်ပြန်ထားပြီး ပဲခူးမြစ်ရေဟာ ၄၇ နှစ်အတွင်း အမြင့်ဆုံး ရေမှတ်ဖြစ်တယ်လို့ ဒီနေ့ထုတ် သတင်းစာမှာ ဖော်ပြထားပါတယ်။ ပဲခူးမြစ်ရေ မြင့်တက်မှုကြောင့် ပြီးခဲ့တဲ့ ဩဂုတ် ၉ ရက်နေ့ကတည်းက မြို့ပေါ် ရေကြီးမှု ဖြစ်ပွားခဲ့ပါတယ်။  မနေ့က ည ၉ နာရီခွဲအချိန်မှာ မြစ်ရေအမှတ် ၉၆၀ စင်တီမီ တာကို ရောက်ရှိနေပြီး ပဲခူး-ရန်ကုန် ပြေးဆွဲတဲ့ ရထားလည်း  ဒီနေ့ရပ်ထားလိုက်ရတယ်လို့ ပဲခူးမြို့ခံ ဦးအေးမြင့်က ပြောပါတယ်။ ရေကြီးမှုကြောင့် တချို့ရပ်ကွက်တွေမှာ  ရေအနက် ၃ ပေကနေ ၅ ပေလောက်ထိ ကျော်နေပြီး ဒေသခံလူထုတွေ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရပါတယ်။ လက်ရှိ မြို့ပေါ်မှာ ရေဘေးဒုက္ခသည် နှစ်သောင်းကျော်နေပြီး လူမှုရေး အဖွဲ့အစည်းတွေ လိုက်လံကူညီပေးနေတယ်လို့ ဦးဆောင်ကူညီတဲ့ ဆရာတော် ဦးကိတ္တိက မိန့်ပါတယ်။ “ပြီးခဲ့တဲ့ တပတ်လောက်ကတည်းက ရေကြီးတာ။ ဒီနေ့တော့ အဲဒီထက် ဆိုးတယ်။ ကားလမ်းတွေမှာ ရေတွေက တအားကြီးနေတယ်။ ပဲခူး ဘူတာရုံမှာလည်း မီးရထားတွေ ရပ်နေရတယ်။ ခရီးသည်တွေ အဲဒီမှာ ရပ်ပြီးတော့ တဆင့် သွားနေရတယ်။ ဒီနှစ် ဒုက္ခသည်တွေ ဘယ်လောက် များနေလဲဆိုရင် ပဲခူးမြစ်ရဲ့ အောက်ပိုင်း က၀မြို့မှာလည်း အတော်ကို ရေကြီးနေတယ်။ ရေဘေးဒုက္ခသည်က များပြီး ကယ်ဆယ်ရေး အဖွဲ့က လုံလောက်မှု မရှိဘူး။ အတော်ကို ဒုက္ခရောက်တယ်။” ရေကြီးတဲ့ အနေအထားအရ နောက် ၄၊ ၅ ရက်လောက်အထိ ရေဘေး ဒုက္ခသည်တွေ အိမ်ပြန်နိုင်မှာ မဟုတ်တဲ့အတွက် အကူအညီတွေ လိုအပ်နေဦးမယ်လို့ ဆရာတော်  ဦးကိတ္တိက မိန့်ပါတယ်။ ဒါ့အပြင် ပဲခူးမြို့အောက်ဘက်မှာရှိတဲ့ မြို့ရွာတွေမှာလည်း ရေကြီးရေလျှံမှု ဖြစ်ပွားနေပြီး ရေဘေးဒုက္ခသည်တွေ အကူအညီမရ ဖြစ်နေကြတယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။ “မြို့ထဲမှာ မနေ့ကဆို ပေတရာလမ်းတွေကို လွှမ်းကုန်တယ်။ ဘူတာ၊ အိုးလေးစုရယ်၊ ကျောက်ကြီးစုရယ်၊ ခေါင်းဆေးကျွန်းဘက်ရယ် အကုန်ကြီးတယ်။ ခေါင်းဆေးကျွန်းဘက်ကလူတွေကတော့ လေးမျက်နှာဘုရားမှာ နေနေကြတယ်။ အိုးလေးစုတို့ ကျေးနီကန်ကျောင်မှာလည်း လူဦးရေ ၂၀၀၀ခန့်ရှိတယ်၊ အားလုံးပေါင်းလိုက်ရင် ဒုက္ခသည်ပေါင်း ၂ သောင်းကျော်ပါတယ်။ အားလုံးရဲ့စားဝတ်နေရေးအတွက် ဘုန်းကြီးတို့အပါအ၀င် ရပ်ကွက်က စေတနာရှင်တွေစုပေါင်းပြီးတော့ ၀ိုင်းဝန်းလှူဒါန်းနေကြပါတယ်။ အကူအညီတွေက ပြည့်ပြည့်၀၀အဆင်ပြေတော့လည်းမဟုတ်ဘူးပေါ့။ မနက်စာ ညစာမှန်အောင် စားနေရတာလောက်တော့ရှိတယ်။ တခါတလေ အဆင်မပြေတဲ့အခါလည်း မနက်စာ ညစာပေါင်းပြီးမှ ကျွေးနိုင်တာမျိုးလည်းရှိတယ်။” ပဲခူးတိုင်း  တောင်ငူမြို့မှာလည်း မိုးအဆက်မပြတ်ရွာသွန်းမှုနဲ့ စစ်တောင်းမြစ် ရေကြီးမှုကြောင့် တောင်ငူမြို့တွင်း ရေ၀င်ပြီး ထောင်နဲ့ချီတဲ့ ရေဘေးဒုက္ခသည်တွေ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရပါတယ်။ အခုလ ၈ ရက်နေ့ကစပြီး ရေကြီးတဲ့အတွက် တောင်ငူမြို့ ရေကြီးတဲ့ ရပ်ကွက်က မူလတန်းကျောင်း ၁၀ ကျောင်းပိတ်ထားခဲ့ရပြီး ဒီနေ့မှာတော့ အလယ်တန်းကျောင်း တကျောင်းကိုပါ ထပ်ပြီး ပိတ်ရတယ်လို့   တောင်ငူမြို့ခံ တဦးက ပြောပါတယ်။ “ခပေါင်းချောင်းရေက ကျပြီးတော့ စစ်တောင်းမြစ်ရေက တအား ပြန်တက်နေတယ်။ မနက်ခင်း ၃ နာရီလောက်က စတက်တာ။ ရေဘေး ဒုက္ခသည်တွေက စခန်းအားလုံးပေါင်းရင်တော့ အိမ်ထောင်စု ဦးရေက ၂၃၀၊ ၂၄၀ လောက်ရှိတယ်။ လူဦးရေအားဖြင့်တော့ ၁၁၀၀ လောက်ပေါ့။ စခန်းက ၈ ခုလောက် ရှိတယ်။ ဘုန်းကြီးကျောင်းတွေ၊ ဘုရားတွေ၊ ဇရပ်တွေမှာ သွားပြီးတော့ လှူဒါန်းကြတာပေါ့။ ဆန်ကုန်သည်ကြီးများ အသင်းကလည်း လှူပါတယ်။ မနေ့ကတော့ ရပ်ကွက် ၈ လူငယ်လေးတွေက စုပေါင်းပြီးတော့ လှူတာလေးတွေ ရှိတယ်။ အခုက မူလတန်းကျောင်း ၁၀ ကျောင်းနဲ့ အလယ်တန်းကျောင်း ၁ ကျောင်း ပိတ်ထားရတယ်လေ။” တောင်ငူမြို့ အောက်ဘက် ရွှေကျင်နဲ့ မဒေါက်မြို့ဘက်မှာလည်း စစ်တောင်းမြစ်နဲ့ ရွှေကျင်မြစ်ရေ တက်မှုကြောင့် အခုလ ၉ ရက်နေ့ကတည်းက  မြို့တွင်းရေကြီးမှု ဖြစ်ပွားပြီး ဒီနေ့အထိလည်း ရေမကျတဲ့အတွက် သွားလာရေး ခက်ခဲနေပါတယ်။ ပဲခူးတိုင်းအနောက်ခြမ်း သုံးဆယ်နဲ့ သာယာဝတီမြို့ဘက်မှာလည်း သုံးဆယ်ချောင်း တောင်ကျရေများတဲ့အတွက် သုံးဆယ် ရေကာတာပြည့်နေပြီး တာကို ဖောက်ချထားရတာကြောင့် သုံးဆယ်၊ သာယာဝတီနဲ့ ရန်ကုန်တိုင်း ဥက္ကံဘက်မှာ ရေကြီးမှု ဖြစ်ပွားနေပြီး ရေမကျသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်း ကလေးမြို့ဘက်မှာလည်း ချင်းတွင်းမြစ်ရေကြီးတာကြောင့် ကလေးမြို့ အပြင်ဘက် ရပ်ကွက်တွေနဲ့ ကျေးရွာတွေ ရေမြုပ်ကုန်တယ်လို့ ကလေးမြို့ခံတဦးက ပြောပါတယ်။ “ဖောင်ကူးရွာတော့ တရွာလုံးမြုပ်သွားတယ်။ တောင်ရွာလေးတွေက နိမ့်တဲ့အိမ်တွေတော့ မြုပ်တာပေါ့။ အောင်မင်္ဂလာရပ်ကွက်လည်း နိမ့်တဲ့နေရာတွေလည်း မြုပ်တာပေါ့။ တောင်ကျချောင်းရေတွေလည်း များလို့ပေါ့။ မြစ်ကလည်း ရေကျတယ်ထင်တယ်။ ရေကြီးနေတာ ၃ ရက်လောက်တော့ရှိပြီ ကလေးဝကို သွားမရဘူး သူတို့။ သစ်ချောက်နဲ့ ကလေးဝကတော့ လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းက လမ်းပိတ်သွားတာလေ။ တောင်တွေပြိုကျနေတာ သစ်ချောက်နဲ့ ကလေးဝကြားမှာ။ သွားရေးလာရေးက သစ်ချောက်ထိသွားပြီး ကလေးဝကို စက်လှေနဲ့ပဲ သွားကြတယ်နဲ့တူတယ်။ လမ်းတွေမှာလည်း ရေတွေက ကျော်တော့ အဆင့်ဆင့်သွားရတာဆိုတော့ ကားတွေတော့ မဆွဲသလောက်ပါပဲ။” ရေဘေးသင့်သူတွေကို ဘယ်သူမှ မကူညီသေးဘူးလို့ အဲဒီမြို့ခံက ပြောပါတယ်။ ချင်းတွင်းမြစ်နဲ့ တဆက်တည်း ကလေးဝမြို့နဲ့ မော်လိုက်မြို့တွေမှာလည်း ရေကြီးမှုတွေ ဖြစ်ပွားနေပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း ရေကြီးပြီး ဩဂုတ် ၉ ရက်နေ့မှာ တခါ ပြန်တက်လာတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ချင်းပြည်နယ် တီးတိန်မြို့ဘက်မှာတော့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများပြီး တံတားတွေ မျောပါသွားသလို တောင်ပြိုတာကြောင့် တီးတိန်နဲ့ ကလေးမြို့ကို သွားတဲ့လမ်းပျက်ပြီး လမ်းပန်းဆက်သွယ်မှု ပြတ်တောက်နေတယ်လို့ တီးတိန်မြို့ခံတဦးက ပြောပါတယ်။ “တနလာင်္နေ့က စပြီးတော့ မိုးက အခုထိ ရွာနေတော့ နဂိုရှိပြီးသား ခနော်ခနဲ့ တံတားတွေလည်း အကုန်လုံး မျောသွားတယ်။ ကလေးမြို့နဲ့ တီးတိန်နဲ့ သွားတဲ့ ကားလမ်းကလည်း ပျက်နေတယ်လေ။ အသွားအလာ မရှိတော့ဘူး။ ကလေးမြို့နဲ့ အဆက်အသွယ်ပြတ်နေတာ။ ဖုန်းတခုတော့ ရသေးတာပေါ့နော်။ မီးကလည်း အဲဒီ တနလာင်္နေ့ ကတည်းက စပျက်နေတာ။ ဘာလို့လဲဆိုတော့ ရေအားလျှပ်စစ် စက်ရုံရှိတဲ့လမ်းက တံတားပျက်သွားတဲ့အခါ အသွားအလာလုပ်လို့ မရဘူး။ နောက် ရေအားလျှပ်စစ်ဆိုတော့ မိုးတအားများတဲ့အခါမှာ သဲတွေ၊ နှုန်းတွေကြောင့် စက်မလည်နိုင်ဘူး ဖြစ်နေတယ်၊ စက်ကလည်း အရမ်းဟောင်းနေပြီလေ။” လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် တီးတိန်မြို့မှာ ကုန်ဈေးနှုန်း အနည်းငယ် တက်လာသလို မိုးများတာကြောင့် သောက်သုံးနေတဲ့ ကန်ရေတွေလည်း ပျက်စီးပြီး မြို့ခံတွေဟာ မိုးရေကိုသာ သောက်သုံးနေကြရပါတယ်။ ရာသီဥတုအေးတဲ့ တီးတိန်မှာတော့ မိုးများလွန်းတာကြောင့် ကလေးငယ်တွေ နာမကျန်း ဖြစ်နေလို့လည်း ဆိုပါတယ်။ မြေပြိုမှုကြောင့် မြို့ပြင်က အိမ်တလုံး ပါသွားပေမယ့် ထိခိုက်သေဆုံးတာ မရှိဘူးလို့လည်း သူက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024