ဂျူဂျစ်ဆု ကစားနည်းသင်ကြားပေးမယ်လို့ အောင်လအင်ဆန်းပြော

ဘက်စုံသုံးတိုက်ခိုက်ရေးသမား ကချင်လူမျိုး အောင်လအင်ဆန်းက နောက် ၄ နှစ်ကြာ အနားယူပြီးပါက မြန်မာပြည်မှာ သူကျွမ်းကျင်တဲ့ ဂျူဂျစ်ဆု ကစားနည်းသင်ကြားပေးမယ်လို့ ပြောပါတယ်။ မတ်လ ၁၈ ရက်က သုဝဏ္ဏအားကစားရုံမှာ အီဂျစ်တိုက်ခိုက်ရေးသမားကို အနိုင်ယူအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် သူက ခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ကိုယ်ခံပညာပေါင်းစုံ အသုံးပြုယှဉ်ပြိုင်တဲ့  MMA (Mixed Martial Art) ပြိုင်ပွဲမှာအောင်မြင်မှုရရှိနေတဲ့ မြန်မာပြည်ဖွား  အောင်လအင်ဆန်းဟာ အီဂျစ်နိုင်ငံသား မိုဟာမက်အလီကို ပထမအချီ နှစ်မိနစ်ကျော်တွင် အလဲထိုး အနိုင်ရရှိခဲ့ပြီးတဲ့နောက် ဒီအောင်ပွဲဟာ သူ့အောင်ပွဲ မဟုတ်ဘဲ  မြန်မာပြည်နဲ့ ကချင်လူမျိုးတို့ရဲ့ အောင်ပွဲသာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အောင်လအင်ဆန်းဟာ  MMA ပြိုင်ပွဲ၊ မစ်ဒယ်လ်ဝိတ်တန်းမှာ သုဝဏပွဲစဉ်အပါအဝင် ၂၆ ပွဲယှဉ်ပြိုင်ခဲ့ရာ မှာ၁၇ ပွဲ နိုင်၊ ၉ ပွဲရှုံးမှတ်တမ်း ရရှိထားပါတယ်။

More News
Up