Home
မြန်မာသတင်း
အဆင့်နိမ့်ကျောက်စိမ်း ရောင်းချပွဲ ပြုလုပ်မည်
ရွှေအောင်
·
August 11, 2011
အဆင့်နိမ့် ကျောက်စိမ်းအသားကျောက် ရောင်းချပွဲကို အခုလ ၁၂ ရက်ကနေ ၁၆ ရက်ထိ နေပြည်တော်မှာ ပြုလုပ်မယ်လို့ သိရပါတယ်။ ပြည်တွင်း တိုင်းရင်းသားလုပ်ငန်းရှင်တွေ အနေနဲ့ အဆင့်နိမ့်ကျောက်တွေကို မြန်မာကျပ်ငွေနဲ့ ၀ယ်ယူပြီး တန်ဖိုးမြင့် ပုတီး၊ လက်ကောက် စတဲ့အချောထည်တွေ ထုတ်လုပ်ရောင်းချနိုင်ဖို့ ရည်ရွယ်ပြီး ခုလို ရောင်းပေးတာလို့ ဒီနေ့ထုတ်သတင်းစာမှာ ဖော်ပြထားပါတယ်။ အရည်အသွေးကောင်း ကျောက်မျက် ကျောက်စိမ်းတွေသာမက အရည်အသွေးနိမ့် ကျောက်မျက် ကျောက်စိမ်းတွေကိုပါ အခုလိုပြပွဲလုပ် ရောင်းချလာတာနဲ့ ပတ်သက်လို့ ကျောက်မျက်ကုန်သည်တဦးကို မေးမြန်းထားပါတယ်။ “အရင်ကဆိုရင် အကာသားတွေကို ပစ်စာသဘောမျိုးနဲ့ အပြင်လူတွေကို ပေးလုပ်စားတယ်။ အနှစ်သား ဈေးကြီးတာတွေကိုပဲ ပွဲလုပ်ပြီး နိုင်ငံခြားပိုက်ဆံ သူတို့ယူတယ် အခုနောက်ပိုင်း အခုအကာသားကိုပါ သူတို့    တရားဝင်ပွဲလုပ်မယ် အကာသားကိုပါ သူတို့အပြင် ပေးမထွက်တော့ဘူး။ အခုသူတို့   ဒီအပေါ်မှာပါ ပိုက်ဆံယူမယ့် ရည်ရွယ်ချက်ပေါ့။ အရင်တုန်းကတော့ ပစ္စည်းသိပ်မကောင်းတာ ဆိုရင် အလုပ်ရှုပ်ခံပြီး မတင်တော့ဘူး။ သယ်ရပြုရတာနဲ့ ပွဲရောက်ရင်လည်း သိပ်မရောင်းရတော့ သူတို့အတွက် မကိုက်တော့ဘူး။ ၀ယ်သူလည်း မရှိဘူး။ အနှစ်ကောင်းတာက တပွဲလုပ်တယ်။ အောက်ကျောက်ဟာမျိုးက တပွဲလုပ်တယ်။ အခုက ကျောက်စိမ်းအသားကောင်း ထွက်တာ နည်းသွားပြီ။ နောက်တခုက အခု ကချင်ဘက်က ပြဿနာတွေကြောင့်ရော ပစ္စည်းက နည်းသွားပြီ။ ပစ္စည်းတွေ အစားထိုးလာတာပေါ့။ အကောင်းကနေ တဖြည်းဖြည်း အညံ့တွေနဲ့ အကောင်းရော အညံ့ရော ဒီလောက်ပဲ ရမယ်ဆိုတာမျိုး ဖြစ်သွားတာပေါ့။” အရင်တုန်းက အသားကျောက်လေးတွေကိုင်ပြီး ပုတီးတို့ လက်ကောက်တို့  ရောင်းချတဲ့လုပ်ငန်းရှင်လေးတွေ ရှိတယ်ပေါ့ဗျာ၊ သူတို့ကရော ကျောက်တွေကို ဘယ်ကနေ၀ယ်ယူကြလဲဗျ၊ အစိုးရဆီကပဲ ၀ယ်ရတာမဟုတ်ဘူးလား။ “အစိုးရဆီက ပြန်ဝယ်တာမဟုတ်ပါဘူး။ ကုန်သည်အကြီးကနေ ဒေသတွင်းကို ကျောက်မျက်အသေးတွေကို ဈေးပေါပေါနဲ့ ချပေးတယ် မြစ်ကြီးနားတို့ကို။ ဈေးပေါပေါဆိုတာ တတုံးကို သိန်း ၅၀၊ ၂၀၊ ၁၀၀ စသဖြင့်ပေါ့။ အဲ့ဒါတွေကို ပြည်တွင်း လုပ်ငန်းရှင်လေးတွေက တပိုင်တနိုင်ဝယ်ပြီးတော့ ရောင်းချကြတာပေါ့။ နောက်ပိုင်းမှာ ကျောက်ကုန်သည်တွေကို  အဲ့လို မဖြန့်ခိုင်းတော့ဘဲ လုပ်ငန်းရှင်တွေ စုပေါင်းပြီး အရေအတွက် များလာတော့ ဈေးတမျိုးဖြစ်အောင် အစိုးရနဲ့ ပွဲလုပ်လိုက်တယ်။” အဲ့တော့ အရင် ကျောက်မျက်ကုန်သည်တွေကပဲ  အစိုးရဆီမှာ ပြန်တင်ရောင်းကြတာပေါ့။ “ဟုတ်ပါတယ် အရင်လို ဒေသတွင်း လွယ်လွယ်ကူကူ ၀ယ်လို့မရတော့ဘူးပေါ့၊ အစတုန်းကဆို ဒေသတွင်း လွယ်လွယ်ကူကူ ၀ယ်နိုင်တယ်လေ မြစ်ကြီးနားမှာ သွားပြီးဝယ်လို့ရတယ်။ အခု မြစ်ကြီးနားမှာ ရောင်းလို့မရတော့ဘဲနဲ့ နေပြည်တော် ကျောက်မျက်ပြပွဲမှာပဲ တက်ဝယ်ရမယ်။ တပိုင်တနိုင်ဝယ်ချင်တဲ့သူလည်း တက်ဝယ်ရမယ်ပေါ့။” သူတို့က ချုပ်လိုက်တာပေါ့။ “ချုပ်လိုက်တဲ့ သဘောပေါ့။ ပြည်တွင်းလူကို ပေးမစားတော့ဘဲ ချုပ်လိုက်တဲ့ သဘောပေါ့။” အသားကျောက် ရောင်းတဲ့ ကုန်သည်အတွက်က ဘာထူးလာနိုင်လဲဗျ။ အသားကျောက် ရောင်းတဲ့ ကုန်သည်အတွက်ကတော့ ပွဲစားနဲ့ တပွဲ ဖြစ်လာတော့ ဘာပဲဖြစ်ဖြစ် ယှဉ်ပြိုင်ဝယ်ရင် လူထုဘက်က ၀ယ်လိုအားများလာရင် ဈေးကို တက်လို့ ရတာပေါ့။ ပွဲအတွက် အဓိက လုပ်ပေးတယ်ဆိုရင် ပိုင်ရှင်တွေ၊ ကုန်သည်တွေက ၀မ်းသာတာပေါ့။ သူတို့ ဈေးခေါ်ရောင်းလို့ရတယ်။ ဈေးပေါပေါ ပစ္စည်းတွေနဲ့ ရောင်းလို့ရတဲ့ဟာ။ ဒါကို ပွဲလုပ်လိုက်တယ်ဆိုတော့ သူတို့အတွက်ကတော့ ပိုဝမ်းသာသွားတာပေါ့။” တပိုင်တနိုင်လုပ်တဲ့ သူတွေအတွက်ကရောဗျ။ “အခက်တွေ တွေ့သွားတာပေါ့။” ဘယ်လို အခက်တွေ တွေ့သွားတာလဲ။ “အရင်းအနှီး နည်းနည်းနဲ့ သူတို့ ၀ယ်လို့ မရတော့ဘူး။ နောက် တချို့က ခင်မင်မှုနဲ့ ရောင်းပေးတာ ရှိတယ်။ အဲလိုဟာမျိုးတွေ မရနိုင်တော့ဘူး။ ကျနော်တို့ လုပ်ငန်းချင်း ရင်းနှီးနေတဲ့အတွက်ကြောင့် ကျနော် အကြွေး အဖြစ် ရချင်ရမယ်။ အဲဒါမျိုးတွေက အခု မဖြစ်နိုင်တော့ဘူး။ အဲ့တော့ ပိုက်ဆံနဲ့ အလုံးအရင်းနဲ့ ၀ယ်ရမယ်။ ပြီးတော့ ၀ယ်တဲ့အချိန်မှာလည်း ယှဉ်ပြိုင်မှုတွေ ပေါ်လာပြီလေ။ ဆိုတော့ ကိန်းဂဏန်းလေးတွေ နည်းနည်း တက်သွားတာပေါ့။” ကျောက်မျက် ကျောက်စိမ်းရောင်းချပွဲတွေကို ဘဏ္ဍာတနှစ်မှာ သုံးကြိမ် ပြုလုပ်ပြီး ခုလို အဆင့်နိမ့် ကျောက်စိမ်းရောင်းပွဲကိုတော့ တနှစ် ၂ ကြိမ် ပြုလုပ်ရောင်းချမယ်လို့ သတင်းက ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024