Home
မေးမြန်းခန်း
အမျိုးသမီးတွေကို ကာကွယ်ပေးနိုင်တဲ့ တရားဥပဒေစိုးမိုးရေးကို ကျမတို့ မျှော်လင့်ပါတယ် -ဒေါ်နွယ်ဇင်ဝင်း
အေးနိုင်
·
March 19, 2016
ရွေးကောက်ခံသမ္မတ ဦးထင်ကျော်ကအဆိုပြုတဲ့ ၀န်ကြီးဌာန ၂၁ ဌာနကို ပြည်ထောင်စုလွှတ်တော်မှာ မတ် ၁၈ ရက်နေ့မှာ ကိုယ်စားလှယ် ၅ ဦးက ထောက်ခံဆွေးနွေးကြတယ်။ လာမယ့် တနင်္လာ၊ အင်္ဂါလောက်ဆို ပြည်ထောင်စု အမည်စာရင်းထွက်မှာပါ။ ပြည်ထောင်စုဝန်ကြီးတွေရဲ့ အမည်စာရင်းထဲမှာ အမျိုးသမီးပါဝင်နိုင်ခြေမြင့်တက်လာနိုင်သလား။ တိုင်းရင်းသားတွေ၊ အမျိုးသမီးတွေကို ဦးဆောင်မှုအခန်းကဏ္ဍမှာ ပိုမိုပါဝင်ခွင့်ပေးနိုင်သလား စတာတွေနဲ့ပတ်သက်လို့ အများစိတ်ဝင်စားနေကြပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာရောက်ရှိနေပြီး မြန်မာ့လူ့အခွင့်အရေးအခြေအနေကို ကုလသမဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေးတက်ရောက်တင်ပြတဲ့ ပြည်ကြီးခင်အမျိုးသမီးအဖွဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်နွယ်ဇင်ဝင်းကို ဆက်သွယ်မေးမြန်းပါတယ်။ အစိုးရအဖွဲ့သစ်မှာ အမျိုးသမီးပါဝင်နိုင်မှုအခြေအနေနဲ့ပတ်သက်လို့ ဘယ်လောက်ထိ မျှော်လင့်ထားလဲ။ “ကျမတို့က အရွေးကောက်ခံအစိုးရသစ်လက်ထက်မှာတော့ အမျိုးသမီးပါဝင်ခွင့်တွေ၊ နောက်တခုက အမျိုးသမီးအခွင့်အရေးအတွက် လှုပ်ရှားနေကြတဲ့ အဖွဲ့အစည်းတွေအတွက် ပိုပြီးတော့ နေရာရလာမယ်။ ပိုပြီးတော့ ပြောလို့ဆိုလို့ရလာမယ်လို့ မျှော်လင့်တာပေါ့နော်။ ပါဝင်ခွင့်တွေ ပိုရလာမယ်လို့ မျှော်လင့်ထားတယ်။ အရင်အစိုးရလက်ထက်ကထက် သိသိသာသာ မြှင့်တင်ပေးလိမ့်မယ်လို့ ထင်လား။ “ဟုတ်ကဲ့ ထင်ပါတယ်။ အထူးသဖြင့်တော့ အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်တာတွေပေါ့နော်။” မြန်မာအစိုးရအဆက်ဆက်မှာ အမျိုးသမီးပါဝင်မှုရာခိုင်နှုန်း နိမ့်နေတာက ဘာစိမ်ခေါ်မှုတွေကြောင့်လို့ အကဲဖြတ်လဲ။ “အဓိကကတော့လေ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍက အုပ်ချုပ်ရေးပိုင်းတွေမှာ ကျမတို့ ပါဝင်မှု နည်းတယ်ပေါ့နော်။ နည်းတဲ့အခါကျ အဲဒီလိုပဲ ၀န်ကြီးဌာနတွေမှာဆိုလို့ရှိရင်လည်း အမျိုးသမီးတွေရဲ့ ပါဝင်ခွင့်ဟာဆိုလို့ရှိရင် အုပ်ချုပ်ရေးနေရာကို ရောက်သွားပြီဆိုရင် နည်းတယ်ပေါ့။ အဲဒါတော့ စိမ်ခေါ်မှုတွေပေါ့နော်။ အဲဒီတော့ အမျိုးသမီးတွေဟာ တကယ့်အရေးပါတဲ့ အုပ်ချုပ်ရေး၊ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့နေရာတွေမှာ မရှိတဲ့အခါကျတော့ အမျိုးသမီးရဲ့လိုအပ်ချက်တွေကို ပြောဆိုနိုင်ခွင့်ပေါ့နော်၊ ဒီဟာတွေကို လိုအပ်ချက်ကို ထင်သာမြင်သာပြောနိုင်ခွင့်က နည်းတယ်လို့ ယေဘူယျအားဖြင့် ပြောလို့ရပါတယ်။ စိမ်ခေါ်မှုတွေကြည့်မယ်ဆိုရင်တော့အများကြီးပဲ။ အထူးသဖြင့်တော့ အမျိုးသမီးအကြမ်းဖက်မှုတွေရင်ဆိုင်နေရတဲ့ ဟာတွေဟာ ကျမတို့ စိမ်ခေါ်မှုတွေဖြစ်တယ်ပေါ့နော်။ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပေါ့နော်။ အဲဒီမှာ ဘာဖြစ်လဲဆိုတော့ သိသိသာသာ အဲဒီအကြမ်းဖက်မှုကို အကာအကွယ်ပေးထားတဲ့ဥပဒေနဲ့ တရားဥပဒေစိုးမိုးမှုမရှိနေတာဟာ ကျမတို့ရဲ့ အဓိက စိမ်ခေါ်မှုဖြစ်တယ်လို့မြင်ပါတယ်။” ပြီးခဲ့တဲ့ ပထမအကြိမ် လွှတ်တော်သက်တမ်းတုန်းက ပါလီမန်မှာ အမျိုးသမီး ၄ ရာခိုင်နှုန်းပဲပါရှိတယ်။ ဒုတိအကြိမ် ပြည်ထောင်စုလွှတ်တော်မှာ အမျိုးသမီး အရေအတွက်က အရင်ထက် နှစ်ဆပိုလာရုံပဲ ရှိတယ်။ ပြည်နယ်နှင့်တိုင်း ဒေသကြီး လွှတ်တော်တွေမှာလည်း အမျိုးသမီး အရေအတွက် သုံးဆ ဖြစ်လာတယ်။ ဒါပေမယ့် အမျိုးသမီးတွေသာ နိုင်ငံ့လူဦးရေ တ၀က်ကျော်ပေမယ့် ၁၃.၅ ရာခိုင်နှုန်းပဲ ဥပဒေပြဋ္ဌာန်းနိုင်ကြသေးတော့ ပကတိအခြေအနေပေါ် ဘယ်လိုမြင်လဲ။ “၄ ရာခိုင်နှုန်းကနေ ၁၃ ရာခိုင်နှုန်းထိ တိုးတက်လာတဲ့ဟာကိုတော့ ကျမတို့ အနေနဲ့ကြိုဆိုတယ်။ ၀မ်းလည်း ၀မ်းသာတယ်ပေါ့နော်။ ဒါပေမယ့်လည်း မြန်မာပြည်မှာ အမျိုးသမီးဦးရေက တ၀က်ကျော်ရှိနေတဲ့အတွက်ကြောင့် ဒီထက်တော့ အုပ်ချုပ်ရေးကဏ္ဍ၊ တရားစီရင်ရေးကဏ္ဍ၊ ဥပဒေပြုရေးမဏ္ဍိုင်တွေမှာ ဒီထက်ပိုပြီးပါလာဖို့ လိုအပ်တယ်လို့တော့ ကျမတို့က မြင်ပါတယ်။” တချို့ကပြောတယ်။ အစိုးရအဖွဲ့အပါအ၀င် ဘယ်အဖွဲ့အစည်းမှာပဲဖြစ်ဖြစ် တော်တဲ့တတ်တဲ့သူပဲ ဦးဆောင်တာလိုချင်တယ်။ အမျိုးသမီး၊ အမျိုးသား မခွဲဘူးဆိုတဲ့ အယူအဆပေါ်မှာ ဘယ်လိုမြင်လဲ။ “လက်ရှိက ပါဝင်မှုက အရမ်းနည်းနေတဲ့အခါကျတော့ ကျမတို့က ၃၀ ရာခိုင်နှုန်း ပါဝင်သင့်တယ်ဆိုတဲ့ဟာကို ပြောကြဆိုကြ တောင်းဆိုကြပေါ့နော် တိုတိုပြောရရင်။ ဘယ်လိုဖြစ်လဲဆိုတော့ တော်တဲ့လူ လာမှာပဲ၊ တော်ရင် သူ့ဖာသူ နေရာရမှာပဲဆိုတဲ့ အမြင်ရှိတယ်ပေါ့နော်။ ဒါပေမယ့် တကယ့်အမြင်က လက်တွေ့ကျတော့ အမျိုးသမီးတွေအတွက်က တော်တော်လေးအခက်အခဲရှိတယ်ပေါ့နော်။ ဘာဖြစ်လို့လည်းဆိုတော့ ကျမတို့ အသိုင်းအ၀ိုင်းမှာကိုက နောက်ဆုံး အုပ်ချုပ်ရေးမှူးတယောက်ကို ရွေးမယ်ဆိုလို့ရှိရင် ဘယ်လိုပဲစဉ်းစားစဉ်းစား၊ နောက်ဆုံး စဉ်းစားလိုက်တဲ့ဟာက ဒါ အမျိုးသားဖြစ်ရင် ကောင်းတယ်ဆိုတဲ့ဟာနဲ့ပဲ ကျမတို့ ဆုံးဖြတ်ကြတယ်။ ဒါကြောင့်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက အကုန်လုံး အမျိုးသားများတာပေါ့နော်။ ကျမတို့ ရှိရင်းစွဲကိုက အဲဒီလိုမျိုးပဲ မြင်ကြတယ်ပေါ့နော်။ အဲလိုမျိုးမြင်နေတဲ့အတွက် ကျမတို့က လောလောဆယ်မှာ ရာခိုင်နှုန်းနဲ့ တောင်းဆိုရခြင်းဖြစ်တယ်။ အဲဒီလို ရာခိုင်နှုန်းနဲ့ ဖြစ်သွားပြီဆိုလို့ရှိရင်တော့ ကျမတို့က တဖြည်းဖြည်းနဲ့ တကယ့်အရည်အချင်းရှိတဲ့ အမျိုးသမီးတွေ ပါဝင်လာဖို့ကိုလည်း တဖက်တလမ်းက ပြောပါတယ်။ နောက်တခုက ကျမတို့က အရည်အချင်းရှိတဲ့ အမျိုးသမီးဆိုလို့ရှိရင် သူ့မှာတော့ အရည်အချင်းရှိတယ်၊ ဒါပေမယ့် ပါဝင်ခွင့်ပေါ့နော် ဒီနေရာကို ပါဝင်ခွင့်မရှိနေတာ သူ့အတွက် ခက်နေတဲ့ အခက်အခဲ စိမ်ခေါ်မှုတွေလည်း ကျမတို့ တွေ့ခဲ့ရတာရှိတယ်၊ ဒါကြောင့်ပါ။ ဒါပေမယ့် အဲဒီဥစ္စာက ‘တော်တဲ့သူ တတ်တဲ့သူကတော့ ရောက်လာမှာပဲ၊ တော်တဲ့လူ တတ်တဲ့လူ ဦးဆောင်မှုကိုပဲ လိုချင်တယ်’ ဆိုတဲ့ဟာကို တကယ့်လက်တွေ့မှာ အလုပ်မဖြစ်နေဘူးလို့ ကျမအနေနဲ့ မြင်ပါတယ်။” အမျိုးသားတွေနဲ့ မတူကွဲပြားခြားနားစွာ လုပ်ဆောင်နိုင်တဲ့ အမျိုးသမီးတွေရဲ့ စွမ်းရည်က ဘယ်အပိုင်းတွေရှိလဲ။ “ဥပမာပြောရမယ်ဆိုရင် များသောအားဖြင့် အမျိုးသမီးတွေက မိခင်စိတ်ရှိကြတယ်ပေါ့နော်။ သည်းညည်းခံတယ်၊ တခုခုဆိုရင် ကျမတို့ ခေါင်းအေးအေးနဲ့ စဉ်းစားတယ်ပေါ့နော်။ နောက်တခုက တခုခုကို စဉ်းစားတဲ့အခါမှာ ကျမတို့က အမျိုးသားတွေထက်ပိုပြီး မိခင်စိတ်ရှိတဲ့အခါကျတော့ တဖက်သားကို စာနာနားလည်နိုင်တယ်ပေါ့၊ ဒီအတွက်ကြောင့် အမျိုးသမီးတွေက ဒါက မွေးရာပါပေါ့နော်။ အဲဒီအတွက်ကြောင့် အမျိုးသမီးတွေသည် ဥပမာ ငြိမ်းချမ်းရေးဖြစ်စဉ်လိုဟာမျိုးမှာ အမျိုးသမီးများများပါခြင်းက ကျမတို့ ပိုပြီးတော့ ပိုကောင်းတယ်လို့မြင်တယ်၊ ပိုပြီးအကျိုးရှိတယ်လို့မြင်တယ်။ အမျိုးသမီးတွေက သူတို့ဆုံးဖြတ်ချက်ချတဲ့အခါမှာ ခေါင်းအေးအေးနဲ့ဆုံးဖြတ်ကြတာများတယ်။” မြန်မာပြည်မှာ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချပ်ရေးစတဲ့ ကဏ္ဍသုံးခုအနက် မြန်မာအမျိုးသမီးတွေက ဘယ်ကဏ္ဍမှာ ပိုပြီးကိုယ်စားပြုခွင့်၊ ဦးဆောင်ခွင့်ရလဲ။ “ကျမတို့မြင်တာကတော့ စီးပွားရေးကဏ္ဍမှာ အောင်မြင်နေတဲ့ အမျိုးသမီးတွေရှိတယ်ပေါ့နော်။ အဲဒီ အုပ်ချုပ်ရေးနဲ့နိုင်ငံရေးမှာတော့ တော်တော်လေးကို အားနည်းတယ်လို့ ကျမတို့မြင်တယ်။ အုပ်ချုပ်ရေးမှာဆိုရင်လည်း ဥပမာဆိုရင် ၀န်ကြီးဌာနမှာ အမျိုးသမီးဝန်ကြီးက လက်ရှိဆိုလို့ရှိရင် တော်တော်လေးနည်းတယ်ပေါ့နော်။ ၂ ယောက်၊ ၃ ယောက်ပဲရှိတယ်ပေါ့နော်။ နောက်တခုကကျတော့ နိုင်ငံရေးပေါ့နော်။ အရင်တုန်းကဆိုရင် အမျိုးသမီးတွေက နိုင်ငံရေးမှာ ပါရမှာ သူတို့က ကြောက်ကြတယ်ပေါ့နော်။ အခုတော့ တော်တော်လေးစိတ်ဝင်စားတယ်၊ ပါလည်းပါကြတယ်။ ဒါပေမယ့်လည်း တဖက်က ဒီအမျိုးသမီးတွေဟာ ဒီနိုင်ငံရေးကို ပါတဲ့အခါမှာ သူ့အသိုင်းအ၀ိုင်းက သူ့ကိုအားပေးမှ သူက ပါလို့ရမှာ။ ဘာလို့လည်းဆိုတော့ တခြားသောအမျိုးသမီးတယောက်အနေနဲ့ မိသားစုတာဝန်ရှိသလို တဖက်ကလည်း နိုင်ငံရေးထဲကိုဝင်ရမယ့် သူရဲ့တခြားသောတာဝန်တွေရှိတယ်။ အဲဒီတော့ တာဝန် ၂ ခု ယူရသလိုဖြစ်တဲ့အခါကျတော့ သူ့ကိုပံ့ပိုးပေးမယ့် အသိုင်းအ၀ိုင်းမရှိတဲ့အခါကျတော့ ဒီအမျိုးသမီးက နိုင်ငံရေးထဲဝင်ဖို့အတွက်ကို အခက်အခဲ အများကြီးရှိတယ်ပေါ့နော်။ အဲဒီအတွက်ကြောင့် ကျမတို့က နိုင်ငံရေးမှာ အားနည်းတာကို ကျမတို့တွေ့ရတယ်။ နောက်တခုက အမျိုးသမီးတယောက် နိုင်ငံရေးလောကထဲကို ၀င်ပြီဆိုလို့ရှိရင် ပုံဖျက်ခံရတဲ့ပုံစံမျိုးကို များသောအားဖြင့် ကြုံရတယ်။ ဥပမာဆိုလို့ရှိရင် ဆိုရှယ်မီဒီယာတွေမှာ ဒီအမျိုးသမီးဟာဆိုလို့ရှိရင် အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်တဲ့သူဖြစ်သလားဆိုတဲ့ဟာမျိုးကျတော့ အမျိုးသမီးနဲ့ အမျိုးသားနဲ့ဆို အမျိုးသမီးက ပိုပြီးတော့ ပုံဖျက်တာလွယ်တယ်လို့ ကျမတို့မြင်တယ်။ ဒါကြောင့် အမျိုးသမီးတွေ နိုင်ငံရေးလောကထဲမှာ ရှိနေဖို့ဟာ စိမ်ခေါ်မှုတွေ အများကြီးရှိတဲ့အတွက်ကြောင့် လက်ရှိမှာလည်း ကျမတို့အနေနဲ့ ဒီထက်ပိုပါစေချင်တယ်။ အားမရသေးဘူး။” ခေါင်းဆောင်မှုနေရာမှာ အမျိုးသမီးတွေပါဝင်မှုနည်းတာဟာ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ တွေနဲ့ ယှက်နွယ်သလား။ ပြင်ဖို့လိုသလား။   “အဲဒါတွေနဲ့လည်း ကျမခုနပြောသလို အများကြီးသက်ဆိုင်ပါတယ်။ ခုနလိုမျိုး ဘယ်လိုပဲစဉ်းစားစဉ်းစား နောက်ဆုံးကျလို့ရှိရင် သြော် အမျိုးသားအုပ်ချုပ်တာမှ ကောင်းတယ်၊ အမျိုးသားကမှ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ဘက်ကို ဦးတည်ကြတယ်။ အဲဒီအတွက်ကြောင့် ပြင်ဖို့တော့လိုပါတယ်။ အဲလိုလိုတဲ့နေရာမှာ ကျမတို့ များသောအားဖြင့်တော့ လူတွေဒါတွေကို များများသိလာဖို့လည်း လိုတယ်ပေါ့နော်။ အဲဒါကြောင့်မို့လည်း ကျမတို့အမျိုးသမီးအဖွဲ့တွေဆိုပြောပါတယ်။ ငယ်ငယ်လေးကတည်းက ကျောင်းတွေမှာပေါ့နော် အမျိုးသမီး၊ အမျိုးသားခွဲခြားတဲ့ဟာတွေဟာ ဘယ်လိုမျိုးရှိတယ်ဆိုတာကို သင်ကြားပေးသင့်တယ်လို့ထိတောင် ကျမတို့အမျိုးသမီးအဖွဲ့တွေက အဆိုပြုထားတာတွေလည်းရှိပါတယ်။” အမျိုးသမီးတွေကို နေရာပေးဖို့အတွက် အမျိုးသားတွေက ဘယ်လောက်အရေးပါသလဲ မြန်မာပြည်မှာလေ။ “သူတို့အခန်းကဏ္ဍက အရမ်းအရေးပါပါတယ်။ တကယ်တမ်းကျတော့ အမျိုးသမီးအရေးဆိုပြီးတော့ အမျိုးသမီးတွေချည်းပဲလုပ်တဲ့အခါကျတော့ ကျမတို့ အောင်မြင်မှု မရှိဘူးပေါ့နော်၊ အောင်မြင်မှု နည်းတာပေါ့။ ဒါပေမယ့် အမျိုးသားတွေပါ ပူးပေါင်းပါဝင်ပြီးတော့ လုပ်ဆောင်တဲ့အခါမှာ ဥပမာ၊ အမျိုးသားတယောက်က အမျိုးသမီးအခွင့်အရေးပေးသင့်တယ်၊ အမျိုးသမီးတွေဟာ တန်းတူပါဝင်ခွင့်ရှိတယ်လို့ပြောတာနဲ့ အမျိုးသမီးတယောက်ပြောတာနဲ့ မတူဘူးရှင့်။ အမျိုးသားတယောက်က ပြောတဲ့အခါမှာ အဲဒါသည် ပိုပြီးတော့ လူတွေလက်ခံနိုင်တယ်။ နောက်ပြီးတော့ အမျိုးသားအချင်းချင်းလည်း ပိုပြီးလက်ခံနိုင်တယ်လို့ ဒါလည်း နိုင်ငံတကာမှာလည်း တွေ့ရတယ်။ ဒါကြောင့် အမျိုးသားပါဝင်မှုက အရမ်းအရေးကြီးပါတယ်။ အမျိုးသမီးအခန်းကဏ္ဍ မြှင့်တင်တဲ့နေရာမှာ၊ အမျိုးသမီးအခွင့်အရေးလုပ်တဲ့နေရာမှာ အမျိုးသားမပါဘဲနဲ့ မအောင်မြင်နိုင်ဘူး။ ဒါကြောင့် အမျိုးသားတွေရဲ့ပါဝင်မှုကတော့ အရမ်းအရေးကြီးပါတယ်။” ဒီအခြေအနေကို ပြောင်းလဲဖို့၊ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍမြင့်တက်လာအောင် လွှတ်တော်နဲ့အစိုးရဘက်က ဘယ်လိုအက်ရှင်ယူသင့်မလဲ။ ဘာတိုက်တွန်းချင်လဲ။ “ကျမအနေနဲ့တိုက်တွန်းချင်တာက လောလောဆယ် ကျမတို့မှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီးတော့ အမျိုးသမီးတွေခံစားနေရတာရှိပါတယ်။ အခုသတင်းတွေထဲမှာလည်း ရှိမှာပါ။ အမျိုးသမီးတွေ မတရားကျင့်ခံရတယ်၊ အသက်မပြည့်အမျိုးသမီးတွေ ဒီကိစ္စတွေ ရင်ဆိုင်နေရတဲ့အခါမှာ ဒီတရားစီရင်ရေးပိုင်းမှာ အားနည်းတယ်။ နောက်တခါ ဒီအမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အကာအကွယ်ပေးထားတဲ့ ဥပဒေမရှိနေလို့ ကျမတို့အနေနဲ့က ဒီလွှတ်တော်ကို တိုက်တွန်းချင်တာက အဲလိုဥပဒေတွေ ကျမတို့ကို ပြဋ္ဌာန်းပေးဖို့နဲ့ တကယ့်တရားဥပဒေ စိုးမိုးရေးမှာ အမျိုးသမီးတွေကို အကာအကွယ်ပေးနိုင်တဲ့ တရားဥပဒေစိုးမိုးရေးဖြစ်အောင် လုပ်ပေးဖို့ ကျမတို့ ဒီသက်တမ်းမှာ မျှော်လင့်ပါတယ်။” စစ်ပွဲဒဏ်ကို အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုနဲ့ကလေးတွေ  အများဆုံးခံစားရတယ်လို့သိရတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လပိုင်းအကြာမှာ စတင်တော့မယ်။ အမျိုးသမီးတွေက ၀င်ရောက်ဆွေးနွေးအဖြေရှာဖို့ ကြိုတင်ပြင်ဆင်မှု အပိုင်းတွေနဲ့ပတ်သက်လို့ ဘယ်လိုရှိလဲ။ အဆင်သင့်ဖြစ်နေပြီလား။ “ကျမတို့ အမျိုးသမီးအဖွဲ့တွေမှာ ငြိမ်းချမ်းရေးလုပ်နေတဲ့ အမျိုးသမီးအဖွဲ့တွေ အများကြီးရှိပါတယ်။ ဥပမာ ကချင်မှာဆိုလည်း ကချင်အဖွဲ့တွေရှိတယ်၊ တအာင်းအဖွဲ့တွေ ရှိတယ်ပေါ့နော်၊ အမျိုးသမီးတွေက ငြိမ်းချမ်းရေးကဏ္ဍမှာ သူတို့လုပ်နေတဲ့သူတွေက အဲဒီဒေသမှာ ဆိုးကျိုးကို တောက်လျောက်ခံစားလာရတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့် သူတို့ဘာတွေလိုအပ်တယ်၊ ဘာတွေကတော့ သူတို့ အတွက်ကို အကာအကွယ်တွေ လိုအပ်တယ်ဆိုတာ သူတို့က အသိဆုံးဖြစ်တယ်။ ဒါပေမယ့် ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကျမတို့မြင်တာက ဒီအမျိုးသမီးတွေရဲ့အသံတွေက ဒီဆွေးနွေးပွဲတွေထဲမှာ ကိုယ်စားပြုပါဝင်မှုက အင်မတန်နည်းပါတယ်။ အဲဒါကြောင့်လည်း ကျမတို့ အခုဆိုလို့ရှိရင် ယူပီအာပေါ့နော် နိုင်ငံတကာ လူ့အခွင့်အရေးအစီရင်ခံစာတင်သွင်းတဲ့အခါမှာ ကျမတို့အမျိုးသမီးအဖွဲ့တွေက အဲဒါကို အထူးသဖြင့် အကြံပြုချက်အနေနဲ့ တင်ပါတယ်။ မနေ့ကဆိုလို့ရှိရင်လည်း ကျမ ပြောခဲ့ပါတယ်။ အဓိက ဘာလဲဆိုလို့ရှိရင် ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အမျိုးသမီးတွေက အဓိပ္ပာယ်ရှိရှိနဲ့ ပါဝင်ဖို့လိုတယ်ပေါ့နော်။ အထူးသဖြင့်တော့ အဲဒီဒေသတွေမှာရှိနေတဲ့ အမျိုးသမီးအဖွဲ့တွေက ရှိပြီးသားရှင့်။ သူတို့က အတွေ့အကြုံလည်းရှိတယ်။ နောက်ပြီးတော့ ဒီဟာနဲ့ပတ်သက်လို့ သူတို့လုပ်နေတာ နှစ်ပေါင်းများစွာလည်းရှိနေပြီ။ ဒါပေမယ့် တကယ့်ဆွေးနွေးပွဲတွေမှာ သူတို့တွေ မပါနေဘူးပေါ့နော်၊ အဲဒါကိုတော့ ကျမတို့အနေနဲ့ မြင်တယ်။ အဲဒီတော့ အဆင်သင့်ဖြစ်လားလို့မေးရင် ကျမတို့ဘက်မှာ ဒီဟာလုပ်ဆောင်နေတဲ့ အမျိုးသမီးအဖွဲ့တွေ အများကြီးရှိတယ်။ ၀င်ပြီးပြောမယ် ပါမယ်ဆိုရင်တော့ သူတို့အနေနဲ့ ပါနိုင်တယ်၊ ပြောနိုင်တယ်၊ ဆွေးနွေးနိုင်တယ်။ ဒါပေမယ့် ပါနိုင်ခွင့်၊ ပြောနိုင်ခွင့်၊ ဆွေးနွေးနိုင်ခွင့်တော့ လိုတာပေါ့နော်။” အမျိုးသမီးတွေရဲ့ ခေါင်းဆောင်မှုဘ၀ မြင့်တက်လာဖို့  မသင်မနေရပညာရေးစနစ်၊ သက်မွေးမှုပညာသင်ကြားရေး၊ သိပံ္ပနည်းပညာ၊ အကယ်ဒမစ်လိုင်းတွေမှာ ဦးစားပေးအနေနဲ့ သင်ကြားရင် ပိုမိုမြှင့်တင်နိုင်မယ်မဟုတ်လား။ ခုထက်ထိ တချို့ဒေသတွေမှာ အမျိုးသမီးငယ်တွေဆို ငယ်စဉ်ကတည်းက ကျောင်းထုတ်လိုက်တုန်းဆိုတော့။ “ကျမတို့အနေနဲ့ အမျိုးသမီး အသက်မွေးဝမ်းကျောင်းပညာသင်ခွင့်ပေါ့နော်။ အသက်မွေးဝမ်းကျောင်းပညာက ဆင်းလာလို့ရှိရင်လည်း အလုပ်အကိုင် ရရှိခွင့်ပေါ့နော်၊ ဒါမျိုးတွေကတော့ အရမ်းကို အခြေခံကျတယ်။ ဘာကြောင့်လည်းဆိုရင် ပညာတတ်ရင်၊ အသက်မွေးဝမ်းကျောင်းပညာတခုခုတတ်တဲ့အခါမှာ ဒီအမျိုးသမီးက သူ့ဘ၀ရပ်တည်ရေးအတွက်ကို လုံခြုံမှု သူ့ဖာသာသူ ရတယ်ပေါ့နော်။ အဲဒီတော့ ကျမတို့အနေနဲ့ကတော့ အမျိုးသမီးထုတရပ်လုံးအတွက်ဆိုလို့ရှိရင် အလုပ်အကိုင် အခွင့်အလမ်းတွေ၊ နောက်တခါ အသက်မွေးဝမ်းကျောင်းပညာတွေ၊ နောက်တခါ ပညာ များများသင်နိုင်ခွင့်ရဖို့ ကလေးငယ်တွေပေါ့နော် ဒီဟာတွေက အရမ်းအရေးကြီးတဲ့အရာတွေအဖြစ် ကျမတို့ မြင်ပါတယ်။” လွန်ခဲ့တဲ့ ဆယ်စုနှစ်ပိုင်းတွေက မြန်မာအမျိုးသမီးတွေ အိမ်နီးချင်းတရုတ်နိုင်ငံကို ရောင်းစားခဲ့တဲ့ ဖြစ်ရပ်တွေကို ရဲသတင်းမှတ်တမ်းတွေမှာရော သတင်းတွေအရပါ သိရပါတယ်။ ဒီအဖြစ်ဆိုးမျိုးနည်းသွားအောင်၊ ပျောက်ကွယ်သွားရေးနဲ့ပတ်သက်လို့ ဘာပြောစရာရှိမလဲ။ “အဲဒါကတော့ ပြန်ပြီးပြောရမယ်ဆိုလို့ရှိရင် အဓိက ဘာလို့အဲဒီကိုသွားလဲဆိုတဲ့ဟာက အဓိက အလုပ်အကိုင်၊ စားဝတ်နေရေးပေါ့နော်၊ ဒါကြောင့်ဖြစ်တယ်လို့ ကျမတို့မြင်တယ် အခြေခံပေါ့နော်။ အဲဒါက ခုနမေးခွန်းနဲ့အများကြီးဆက်စပ်ပါတယ်။ အလုပ်အကိုင်အခွင့်အရေးရှိလာမယ်၊ နောက်တခုက ဒီဟာနဲ့ပတ်သက်ပြီးတော့ ပညာပေးမှုတွေ များလာမယ်၊ အမျိုးသမီးတွေကလည်း အသက်မွေးဝမ်းကျောင်းပညာတွေကို တိုင်းပြည်တွင်းမှာ သင်ခွင့်ရမယ်ဆိုရင် သွားမယ့်လူက နည်းလာမယ်လို့ ကျမတို့မြင့်တယ်။ နောက်တခုကလည်း တရားဥပဒေစိုးမိုးမှုပေါ့နော်။ နယ်စပ်မှာ တရားဥပဒေစိုးမိုးမှုက ပိုပြီးတော့ အပြည့်အ၀ကျင့်သုံးလာနိုင်တဲ့အခါမှာလည်း ဒီဟာတွေကို ထိထိရောက်ရောက် အရေးယူနိုင်တယ်လို့ ကျမတို့မြင်ပါတယ်။” အန်တီစုဦးဆောင်တဲ့ အန်အယ်လ်ဒီက နိုင်ငံတ၀န်းအနိုင်ရပြီး လွှတ်တော်မှာ အများစုရ၊ အစိုးအဖွဲ့ကို ဖွဲ့ဖို့လုပ်နေပါတယ်။ တချို့က နှစ်အနည်းငယ်အတွင်းမှာပဲ ဖွံ့ဖြိုးတိုးတက်တော့မယ့်ပုံစံမျိုး ထင်နေကြတာတွေရှိတယ်။ အမျိုးသမီးတွေရဲ့စွမ်းဆောင်ရည်ကို မမြှင့်တင်နိုင်ဘဲနဲ့ မြန်မာ့လူ့အဖွဲ့အစည်းကို ဖွံဖြိုးတိုးတက်ရေးဆိုတာ စိတ်ကူးယဉ်မဆန်နေဘူးလား။ “အမှန်တော့ ကျမတို့အားလုံးကတော့ ဖွံ့ဖြိုးတိုးတက်မှုကို အရမ်းကို လိုလားနေကြတဲ့အခါကျတော့ ဒါကတော့အားလုံး ဖြစ်ချင်ကြတာပေါ့နော်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ ခုနပြောသလို စိမ်ခေါ်မှုတွေအများကြီးရှိပါတယ်။ အမျိုးသမီးကဏ္ဍကိုကြည့်မယ်ဆိုလို့ရှိရင် ဒီအမျိုးသမီးတွေ ပညာသင်ခွင့်ရအောင်၊ များများသင်ခွင့်ရအောင် ကျမတို့ဘယ်လိုလုပ်ပေးမလဲ၊ အလုပ်အကိုင်အခွင့်အရေး အများကြီးရအောင် ကျမတို့ ဘယ်လိုဖန်တီးပေးမလဲ၊ အသက်မွေးဝမ်းကျောင်းပညာတွေ ဘယ်လိုလုပ်ပေးရမလဲဆိုတဲ့ဟာကတော့ အခြေခံပြီး ကျမတို့စဉ်းစားရမယ့် အချက်တွေဖြစ်တယ်ပေါ့။ ကျမတို့အနေနဲ့ကတော့ ဒီဟာတွေဟာ စိမ်ခေါ်မှုတွေ အများကြီးရှိတယ်။ ဒါပေမယ့် အဲဒီစိမ်ခေါ်မှုတွေမှာလည်း အမျိုးသမီးအဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေက နောက်တက်လာမယ့်အစိုးရနဲ့ ပူးပေါင်းပြီးတော့ ဘယ်လိုဆောင်ရွက်ကြမလဲပေါ့နော်။ ပူးပေါင်းပြီးတော့ ကျမတို့ ဆောင်ရွက်ကြရင်တော့ စိမ်ခေါ်မှုတော်တော်များများကို ကျမတို့ ကြိုးစားပြီးဖြေရှင်းနိုင်မယ်လို့တော့ မြင်ပါတယ်။ ဒါပေမယ့်လည်း ကျမတို့ တော်တော်ကိုကြိုးကြိုးစားစားလုပ်ရဦးမှာပါ။” တခြား ဘာပြောစရာကျန်ရှိသေးသလဲခင်ဗျ။ “အထူးသဖြင့်တော့ ကျမတို့အမျိုးသမီးတွေကို အဓိက ကျမတို့အနေနဲ့ကတော့ ဒီအစိုးရသစ်လက်ထက်မှာ ၂ ခုပေါ့နော်၊ စွမ်းဆောင်ရည်တွေ မြှင့်တင်ပေးတာ၊ ပညာသင်ခွင့်နဲ့အလုပ်အကိုင်ရရှိဖို့တွေက တဖက်ဖြစ်သလို တဖက်ကလည်း တရားဥပဒေစိုးမိုးမှုနဲ့ အကြမ်းဖက်မှုတွေကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေမျိုးတွေ၊ ဥပဒေစိုးမိုးရေးတွေကိုလည်း ကျမတို့ ပိုပြီးတော့လိုလားတယ်၊ ပိုပြီးရရှိမယ်လို့လည်း မျှော်လင့်ပါတယ်။” -----------------------
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024