ဆီးရီးယားစစ်ပွဲပြန် အာကာသတပ်ဖွဲ့ကို ရုရှားသမ္မတ စစ်အလံပေးအပ်ချီးမြှင့်

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ဆီးရီးယားကနေ ပြန်လာတဲ့ ရုရှအာကာသ တပ်ဖွဲ့ကို စစ်အလံ ပေးအပ်ချီးမြှင့်ပါတယ်။ ဂရန်း ကရင်မလင် နန်းတော်မှာ မတ် ၁၈ ရက်နေ့က ပေးအပ်ခဲ့တာပါ။ ဒီအလံဟာ အမိမြေ နိုင်ငံနဲ့ လူမျိုးကို သစ္စာရှိရှိ ကာကွယ်တဲ့ ရုရှားစစ်သားတွေအတွက် ဖြစ်တယ်လို့ အလံပေးအပ်ပွဲ အခမ်းအနားမှာ ပူတင်က ပြောပါတယ်။ ရုရှားအာကာသ တပ်ဖွဲ့ကို ၂၀၁၅ သြဂုတ်မှာ စတင်တည်ထောင်ပြီး လေတပ် လေကြောင်းကာကွယ်ရေးတပ်နဲ့ အာကာသတပ်တို့ ပူးပေါင်းပါဝင်ပါတယ်။ အခမ်းအနားအပြီးမှာ ပူတင်က ဆီးရီးယား စစ်ပြန်တွေကို ဆုတံဆိပ်တွေနဲ့ ဘွဲ့နာမည်တွေ ပေးအပ်ချီးမြှင့်ပါတယ်။ အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ် တိုးတက်လာချိန်မှာ ရုရှားအာကာသတပ်ဖွဲ့ဟာ လေကြောင်းတိုက်ခိုက်မှုတွေကို တရက်ကို အချိန် ၆၀ ကနေ ၈၀ ကြားကနေ အကြိမ်ရေ ၂၀ ကနေ ၃၀ ကြားထိ လျှော့ချခဲ့တယ်လို့ ပူတင်က ပြောပါတယ်။ ဆီးရီးယား သမ္မတ အာဆတ်နဲ့ ဆွေးနွေးအပြီး ရုရှားစစ်တပ်တချို့ကို ဆီးရီးယားကနေ ပြန်ဆုတ်ဖို့ ရုရှားက ဆုံးဖြတ်ခဲ့တာပါ။ ဆီးရီးယားမှာ ကျန်နေဆဲ စစ်တပ်နဲ့ လက်နက်တွေကတော့ စစ်ဆင်ရေးတွေ ဆက်လုပ်မှာ ဖြစ်ပြီး စစ်စခန်းတွေကို ကာကွယ်သွားမယ်၊ ရုရှားစစ်တပ်ကို ခြိမ်းခြောက်နေတဲ့ ပစ်မှတ်အားလုံးကို ဖျက်ဆီးမယ်လို့ ဆိုပါတယ်။ ဆီးရီးယားနိုင်ငံတွင်းက စစ်ဆင်ရေး အသုံးစရိတ်ကို ရုရှားကာကွယ်ရေးဝန်ကြီးဌာန ရန်ပုံငွေကနေ သုံးတာလို့လည်း ပူတင်က ပြောပါတယ်။ ၂၀၁၅ ခုနှစ်မှာ ရုရှား ယူဘယ်ငွေ ၃၃ ဘီလီယံကို စစ်ရေးလေ့ကျင့်မှုနဲ့ လက်နက် တပ်ဆင်မှုအတွက် သီးသန့်ဖယ်ထားပါတယ်။ အဲဒီငွေကို ဆီးရီးယား စစ်ဆင်ရေးအတွက် သုံးခဲ့တာပါ။ ပူတင်ကတော့ ဆီးရီးယား စစ်ပွဲဟာ စစ်ရေးလေ့ကျင့်မှုထက် အများကြီးပိုပြီး အဓိပ္ပာယ် ရှိတယ်လို့ ယုံကြောင်း ပြောခဲ့ ပါတယ်။

More News
Up