Home
မေးမြန်းခန်း
ဥပဒေအရ ခေတ်နဲ့မညီတော့လို့ လုပ်သားထုတရပ်လုံး အတိဒုက္ခရောက်နေတယ် - ဦးကျော်ထွေး
ကျော်သက်မင်း
·
March 20, 2016
အမျိုးသားလွှတ်တော် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီကို ဥက္ကဋ္ဌ၊ အတွင်းရေးမှူး အပါအ၀င် အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ ကော်မတီရဲ့ ဖွဲ့စည်းပုံ၊ ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်တွေအပါဝင် လက်ရှိ အလုပ်ရှင်၊ အလုပ်သမားဖြစ်နေတဲ့ လုပ်ခလစာပြဿ     နာတွေကို ကော်မတီက ဘယ်လိုကိုယ်တွယ်ဖြေရှင်းပေးမလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး ကော်မတီဥက္ကဋ္ဌ ဦးကျော်ထွေးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ ကျနော် ပထမဦးဆုံး အနေနဲ့ကတော့ ဦးကျော်ထွေး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ ဒီ အမျိုးသားလွှတ်တော် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီရဲ့ ဖွဲ့စည်းပုံလေးနဲ့ ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်၊ အကျဉ်းချုံးလေးကို အရင်ပြောပြပေးပါ။ "ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီကို ကျနော်တို့ အမျိုးသားလွှတ်တော်ကနေပြီးတော့ အားလုံး စုစုပေါင်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူး အပါအ၀င် အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းပါတယ်။ ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့ ပြည်တွင်းမှာရှိတဲ့ အလုပ်သမားတွေ လုပ်ငန်းခွင်သာယာရေး၊ အလုပ်သမားတွေ ရပိုင်ခွင့်တွေရရှိရေး၊ လူမှုဖူလုံရေး ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့ လိုအပ်ချက်တွေ ရှိလာလို့ရှိရင် ကျနော်တို့ လွှတ်တော်ကနေ ကူညီဆောင်ရွက်ပေးနိုင်ဖို့အတွက် ရေးရာတခုအနေနဲ့ ဖွဲ့တာပါ။ ကျနော်တို့ ဖွဲ့ပြီးတဲ့ လွှတ်တော် ၁၅ ဦးထဲမှာ ကျနော်တို့က ဆပ်ကော်မတီ ၃ ခု ထပ်ဖွဲ့ထားတယ်။ အဲဒါတွေက ဟို တိုင်ကြားစာ၊ အလုပ်သမားရေး ပြဿနာဖြစ်လာလို့ တိုင်လာရင် တိုင်ကြားစာကော်မတီ၊ တိုင်ကြားစာ ဆပ်ကော်မတီပေါ့။ နောက် ဥပဒေအထောက်အကူပြု ကော်မတီ၊ အလုပ်သမားတွေကို ဥပဒေဘောင်အတွင်းကနေ အကာအကွယ်ပေးနိုင်ဖို့ ဆိုပြီးတော့ ဥပဒေအထောက်အကူပြု ကော်မတီ၊ နောက်တခုက ပြင်ပဆက်သွယ်ရေး ဆပ်ကော်မတီ၊ အခြားအဖွဲ့အစည်းတွေနဲ့ အစိုးရအဖွဲ့ရော ဒါမှမဟုတ် တခြားအဖွဲ့အစည်းတွေရော၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဖို့အတွက် ဆက်သွယ်ရေး ဆပ်ကော်မတီပေါ့၊ အားလုံး ဆပ်ကော်မတီ ၃ ခု ထပ်ဖွဲ့ထားပါတယ်။" ကော်မတီရဲ့ လုပ်ပိုင်ခွင့်ထဲကနေပြီးတော့ ထပ်ဖွဲ့ထားတဲ့ အဖွဲ့တွေပေါ့။ "ဟုတ်ပါတယ်။" အဲဒီကော်မတီတွေကို လိုအပ်လို့ ဆက်သွယ်ဖို့ ကွန်တက်အင်ဖော်မေးရှင်းတွေ ဘာတွေရော ဦးကျော်ထွေးတို့ ထုတ်ပြန်ဖို့ အစီအစဉ်ရှိလားခင်ဗျ။ "ရှိပါတယ်။ အဓိကတော့ ကျနော်တို့ အလုပ်သမားတွေ သူတို့ရေးရာတွေနဲ့ ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်၊ အလုပ်သမား အဖွဲ့အစည်းတွေကပဲဖြစ်ဖြစ်၊ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ပဲဖြစ်ဖြစ်၊ ကျနော်တို့ကော်မတီကို လိုအပ်လာလို့ရှိရင် အမျိုးသားလွှတ်တော်ရုံး၊ ပြည်တွင်းပြည်ပ အလုပ်သမားရေးရာကော်မတီ လိပ်မူပြီးတော့ ပို့လိုက်ရင် ရပါတယ်။" ဟုတ်ကဲ့ပါခင်ဗျာ။ အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ အလုပ်သမားပြဿနာတွေထဲမှာလေ အလုပ်သမား အလုပ်ရှင် ပဋိပက္ခတွေထဲမှာ အဓိကဖြစ်ပေါ်ရတဲ့ အကြောင်းအရင်းက ဘယ်လိုအခြေခံတွေကြောင့် ဖြစ်တယ်လို့ ဦးကျော်ထွေး သုံးသပ်မိလဲခင်ဗျ။ "ကျနော်တို့တော့ ကော်မတီကလည်း စဖွဲ့တာကတော့ ရက်ပိုင်းပဲရှိသေးတယ်။ ဒါ ကျနော်တို့ လေ့လာတုန်းပါပဲ။ ဒါပေမယ့် အကြမ်းဖျင်းလေ့လာပြီးသမျှ ကျနော်တို့ သိရတာကတော့ အဓိကက ကိုယ့်လုပ်အားတန်ဖိုးနဲ့ ထိုက်သင့်တဲ့လခ မရတာရယ်၊ နောက် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အကာအကွယ် မရတာရယ်၊ နောက် လုပ်သားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု စိတ်ချလုံခြုံစွာ မရတာရယ်၊ နောက်ပြီးတော့ လုပ်ငန်းခွင်အတွင်းမှာ ခွဲခြားဆက်ဆံခံရတာတွေ၊ အဲဒီအချက်အလက်တွေကြောင့် အလုပ်ရှင်နဲ့ အလုပ်သမား ပဋိပက္ခ ပြဿနာတွေ ဖြစ်နေတယ်လို့ အကြမ်းဖျင်းတော့ သုံးသပ်မိထားပါတယ်။" အဲဒီ အလုပ်သမား ပဋိပက္ခတွေ ဖြေရှင်းဖို့အတွက် အခုလက်ရှိဖွဲ့စည်းထားတဲ့ ခုံသမာဓိကောင်စီကရော လုံလောက်တဲ့ ဖြေရှင်းမှု ပေးနိုင်တယ်လို့ ထင်လားခင်ဗျ။ "လောလောဆယ်တော့ ကျနော် လေ့လာနေတုန်းဆိုတော့ မှတ်ချက်ပေးဖို့ နည်းနည်းစောပါသေးတယ်။ နောက် ကျနော်တို့တွေ လေ့လာပြီးတဲ့ အခါကျရင်တော့ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဥပဒေဘောင်အတွင်းကနေ အကြံပြုနိုင်အောင် ကြိုးစားပါ့မယ်။" လိုအပ်တယ်ဆိုလို့ရှိရင်တော့ ဦးကျော်ထွေးတို့ ကော်မတီအနေနဲ့ ဒီအလုပ်သမား ၀န်ကြီးဌာနနဲ့ ပေါင်းစပ်ညှိနှိုင်းပြီးတော့ တခြား လိုအပ်တဲ့ ဖြေရှင်းမှုတွေ ထပ်ပြီးတော့ လုပ်သွားဖို့ အစီအစဉ်ရှိမှာပေါ့။ "လုပ်မယ်။ လုပ်မယ်ဆိုတာ ကျနော်တို့က အလုပ်သမားဝန်ကြီးဌာနနဲ့တင် မဟုတ်ဘူး။ အလုပ်သမားရေး ဆောင်ရွက်တဲ့ မည်သည့်အဖွဲ့အစည်းနဲ့မဆို ကျနော်တို့တွေ ပူးပေါင်းဆောင်ရွက်မှာပါ။ ကျနော်တို့အားလုံးလည်း အဖွဲ့အစည်းတွေ အကုန်လုံးကို ဖိတ်ခေါ်ဆွေးနွေးဖို့အတွက် ကျနော်တို့ ပြင်ဆင်ထားပါတယ်။ ဖိတ်ခေါ်ဆွေးနွေးပြီးတော့ သူတို့တွေရဲ့ အချက်အလက်တွေ ကျနော်တို့ အကုန်စုဆောင်းမယ်။ စုဆောင်းပြီးတော့ ကျနော်တို့ကော်မတီကနေပြီးတော့ ဘာတွေပံ့ပိုးပေးလို့ရမလဲ၊ လုပ်သားထုကြီး အကျိုးစီးပွားအတွက်ကော၊ နောက် လုပ်သားထုကြီးတခုတည်း ကြည့်လို့မရဘူး။ လုပ်ငန်းရှင်တွေအတွက်ပါ ကျနော်တို့က ကြည့်ရပါမယ်။ နှစ်ဘက်အကျိုးတူ စီးပွားဘက်ပုံစံမျိုး အခြေအနေမျိုး ရောက်တဲ့အထိကို ကျနော်တို့တွေ ဘယ်လိုပံ့ပိုးပေးနိုင်မလဲဆိုတာကို အချက်အလက်တွေ အကုန်စုဆောင်းပြီးတော့မှ ကျနော်တို့ ထုတ်ပြန်ပါမယ်။" ဦးကျော်ထွေးတို့ ကော်မတီရဲ့ လုပ်ပိုင်ခွင့်ထဲမှာ ဒီအလုပ်သမားရေးရာ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံညှိနှိုင်းပြီးတော့ အဖြေရှာဖို့ဆိုတဲ့ ကိစ္စပါတယ်။ အဲဒီတော့ အလုပ်သမား အဖွဲ့အစည်းဆိုတာက တရားဝင် မှတ်ပုံတင်မထားတဲ့ အလုပ်သမားသမဂ္ဂတွေကိုကော ဦးကျော်ထွေးတို့ တွေ့ဆုံဖို့ အစီအစဉ်ရှိပါသလား။ "ရှိပါတယ်။ ကျနော်တို့က ဒီတရားဝင်ဖွဲ့ထားတာ နိုင်ငံတော်အသိအမှတ်ပြု တရားဝင် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းပေါင်းလည်း လေးငါးရာကျော်ရှိတယ်။ အဲဒီဟာတင်မကဘူး။ ဆိုရမှာ မှတ်ပုံမတင်ထားဘဲ အလုပ်သမားရေး တကယ်လုပ်နေတဲ့ မည်သည့်အဖွဲ့အစည်းမဆို ကျနော်တို့ ဆက်ဆံဖို့အတွက် ကျနော်တို့ လမ်းတွေဖွင့်ထားပါတယ်။ ဒါပေမယ့် ဆက်ဆံတဲ့ ဆက်သွယ်တဲ့ အခါမှာတော့ စနစ်တကျ သူ့လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကျနော်တို့ ဆက်ဆံရမှာပါ။" လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီးတော့ကော ဦးကျော်ထွေးတို့ ကော်မတီရဲ့ သဘောထား ဘယ်လိုရှိပါသလဲခင်ဗျ။ "ကျနော်တို့ကော်မတီရဲ့ သဘောထားကတော့ လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းဖို့အတွက် ကျနော်တို့ အပြည့်အ၀ ကူညီပံ့ပိုးပေးမယ်။ ပြီးတော့ လွတ်လပ်စွာ ပူးပေါင်းဆောင်ရွက်ခွင့် အတွက်လည်း ကူညီပံ့ပိုးပေးပါ့မယ်။" ဟုတ်ကဲ့ ဦးကျော်ထွေးတို့ ကော်မတီက ပြည်တွင်းအလုပ်သမားတင် မကဘဲနဲ့ ပြည်ပ Migrant workers လိုဟာမျိုးတွေအတွက်ပါ တာဝန်ရှိတယ်ဆိုတော့လေ အဲဒီအတွက်ကော ဘယ်လိုမူဝါဒတွေ သတ်မှတ်ထားတာရှိမလဲ သိချင်ပါတယ်။ "Migrant workers တွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ လတ်တလောက Migrant workers တွေရဲ့ ပြဿနာတွေ စပြီး ကျနော်တို့ ဥပဒေအထောက်အကူပြု အဖွဲ့နဲ့ တိုင်ကြားစာကော်မတီကတော့ စပြီး လေ့လာနေပါပြီ။ ကျနော်တို့ ဒီ အိုင်အယ်လ်အိုက ချမှတ်ထားတဲ့ standard တွေနဲ့အညီ စံချိန်စံညွှန်းတွေနဲ့အညီ Migrant workers တွေ အခွင့်အရေးတွေ မရဘူးဆိုရင် ရအောင် ကျနော်တို့ ကြိုးစားပါ့မယ်။ နောက် ဥပဒေပြုတဲ့ကဏ္ဍနဲ့ ကျနော်တို့ကြိုးစားမယ်။" ဦးကျော်ထွေးတို့ ဖွဲ့စည်းထားတဲ့ ဆပ်ကော်မတီ သုံးခုကနေပြီးတော့ အဲဒီကနေတဆင့် တိုင်ကြားလာလို့ရှိရင် ဆောင်ရွက်မှာပေါ့။ "ဟုတ်ပါတယ်။" နောက် အလုပ်သမားတွေနဲ့ ကိုယ်တိုင် ကွင်းဆင်းပြီးတော့ တွေ့ဆုံဖို့ အစီအစဉ်ရှိတယ် ဆိုတော့လေ ဗမာပြည်မှာဆိုလို့ရှိရင် အလုပ်သမားအများစုက အထည်ချုပ်စက်ရုံတို့လို နေရာမျိုးတွေမှာ၊ စက်မှုဇုန်တွေမှာ အများဆုံးဆိုတော့ ဦးကျော်ထွေးတို့ အဲဒီခရီးစဉ်တွေအတွက်ကော စီစဉ်ပြီးပြီလား။ "မစီစဉ်ရသေးဘူး။ မစီစဉ်ရသေးဘူးဆိုတာ အဲဒီဟာတွေ သွားဖို့အတွက်ကျတော့ ကျနော်တို့က အုပ်ချုပ်ရေး ယန္တရားက မဟုတ်တဲ့အတွက် ၀င်ပြီးစွက်ဖက်ပိုင်ခွင့်တော့ မရှိဘူး။ ဒါပေမယ့် ကျနော်တို့တွေကို တိုင်ကြားလာပြီဆိုရင် အလုပ်ရှင်နဲ့ အလုပ်သမား ဖြေရှင်းလို့ မပြေလည်ဘူး၊ နောက် ခုံသမာဓိအဖွဲ့ကပါ ကြားဝင်ဖျန်ဖြေပေးလို့လည်း မရတဲ့ အခြေအနေမျိုးမှာ ကျနော်တို့ လွှတ်တော်ကဏ္ဍကနေပြီးတော့ ကူညီလို့ရမယ်၊ ကျနော်တို့ကို ဖိတ်ကြားလို့ရှိရင်တော့ ကျနော်တို့ အဲဒီစက်ရုံတွေအထိ ကွင်းဆင်းဖို့ စိတ်ကူးရှိပါတယ်။ အခုကတော့ နည်းနည်း တာဝန်ယူခါစဆိုတော့ အကုန်လုံးကိုတော့ ချင့်ချိန်နေရပါတယ်။" အလုပ်သမားရပိုင်ခွင့်တွေဘက်ကနေ အရမ်းကြည့်လို့ရှိရင်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို အဟန့်အတား ဖြစ်သွားနိုင်တယ်ဆိုတဲ့ သဘောထားတွေ တချို့မှာ ရှိကြတယ်လေ။ အဲဒီဟာနဲ့ပတ်သက်ပြီးတော့ ဦးကျော်ထွေး သဘောထားလေး ရှင်းပြပါဦး။ "အဲဒါက စိုးရိမ်နေကြတာပါ။ နိုင်ငံတကာ ကုမ္ပဏီကြီးတွေကလည်း နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ သူတို့က အလုပ်သမားတွေနဲ့ ဆက်ဆံရတာ၊ နိုင်ငံတကာ Standard Payment တွေနဲ့ Facility တွေနဲ့ သူတို့လုပ်ရတာပါ။ ကျနော်တို့ ဒီမှာလည်း အဲဒီလို အခွင့်အရေးတောင်းတာကို ထူးခြားပြီးတော့ သူတို့ မပေးနိုင်စရာအကြောင်း မရှိဘူးလို့ ကျနော်မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အလုပ်သမားတွေ အကုန်လုံးက ကိုယ့်ရဲ့စားဝတ်နေရေး ဖူလုံလောက်ငရုံ၊ သူတို့ရဲ့ လုပ်အားတန်ဖိုးနဲ့ ညီမျှတဲ့ဟာကို တောင်းဆိုတာတော့ နိုင်ငံတကာလုပ်နေတဲ့ အဖွဲ့အစည်းတွေကတော့ ပုံမှန်ဆိုရင်တော့ မပေးနိုင်စရာ အကြောင်းမရှိဘူးလို့ မြင်ပါတယ်။ တွေးပူနေကြတာပါ။" ဦးကျော်ထွေးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလာတဲ့ လွှတ်တော်ကိုယ်စားလှယ် တဦးဆိုတဲ့ အခါကျတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အလုပ်သမားရေးရာ မူဝါဒနဲ့ ပတ်သက်ပြီး နည်းနည်းလောက် ရှင်းပြပါလား။ "ဟုတ်ကဲ့ ကျနော်တို့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ အလုပ်သမားရေးရာ မူဝါဒနဲ့ ပတ်သက်ပြီးတော့ အတိအလင်း ပြဋ္ဌာန်းထားတာ ရှိပါတယ်။ အဲဒါကတော့ ကျနော်တို့ နံပါတ် ၁ အချက်က အလုပ်သမားတွေ လုပ်ငန်းခွင်ကျွမ်းကျင်ဖို့ သင်တန်းတွေ ပိုမိုရရှိအောင်၊ အလုပ်သမားတွေရဲ့ အရည်အချင်း တိုးတက်အောင် ဆောင်ရွက်ရေး၊ နံပါတ် ၂ ကတော့ ကျနော်တို့ အလုပ်သမားတွေရဲ့ လုပ်ခနဲ့ ညီမျှတဲ့ ရပိုင်ခွင့်နဲ့ လုပ်ငန်းခွင်လုံခြုံမှုရရှိရေး၊ နံပါတ် ၃ ကတော့ ကျနော်တို့ အလုပ်သမားသမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ပါဝင်လုပ်ဆောင်ခွင့်၊ နံပါတ် ၄ အချက်ကတော့ ကျနော်တို့ အဓမ္မခိုင်းစေမှုတွေ မည်သည့်အကြောင်းကြောင့်ပဲဖြစ်ဖြစ် အဓမ္မခိုင်းစေမှုတွေ မရှိရအောင်၊ ပပျောက်အောင် ဆောင်ရွက်ရေး၊ ချိုင်းလေဘာ (Child Labor) နဲ့ ပတ်သက်ပြီးတော့ ကလေးသူငယ် အခွင့်အရေးတွေ အပြည့်အ၀ ကာကွယ်ပေးနိုင်ဖို့ ဆောင်ရွက်မယ်။ နောက်နံပါတ် ၆ အချက်အနေနဲ့က ကျနော်တို့ အိုင်အယ်လ်အိုက ချမှတ်ထားတဲ့ standard တွေနဲ့အညီ ရွှေ့ပြောင်း မြန်မာလုပ်သားတွေ ခံစားခွင့်ရရှိဖို့အတွက် ကျနော်တို့ မူဝါဒတွေ ချမှတ်ပြီး အကောင်အထည်ဖော်မယ်။ နောက် အိုင်အယ်လ်အိုကနေ ချမှတ်ထားတဲ့ အချို့စည်းမျဉ်းစည်းကမ်းတွေ ကျနော်တို့နိုင်ငံနဲ့ ကိုက်ညီတဲ့ဟာတွေရှိရင် လက်မှတ်ထိုးနိုင်ဖို့အတွက် ကျနော်တို့ အသင့်ပြင်ဆင်ထားမယ်။ နောက်ဆုံးအချက်အနေနဲ့ကတော့ ပြည်ပရောက် မြန်မာလုပ်သားတွေ အခြားနိုင်ငံတွေမှာ ဒုက္ခရောက်နေတာတွေ၊ ခံစားနေရတဲ့ ပြဿနာတွေကို သက်ဆိုင်ရာနိုင်ငံ အစိုးရတွေနဲ့ ညှိနှိုင်းဆောင်ရွက်နိုင်ဖို့အထိ ကျနော်တို့ ဥပဒေအရ ပြင်ဆင်ထားဖို့တွေ ကျနော်တို့ ပြဋ္ဌာန်းထားပါတယ်။" ဟုတ်ကဲ့ခင်ဗျာ။ အဓမ္မလုပ်အားပေး စေခိုင်းမှုတွေနဲ့ ကလေးအလုပ်သမား ကိစ္စတွေမှာ အခုလက်ရှိ ပြဋ္ဌာန်းပြီးသား ဥပဒေတွေလည်းရှိတယ်။ ဒါပေမယ့် အဲဒီဥပဒေတွေက အချို့အချက်တွေမှာ အားနည်းနေတယ်ဆိုပြီးတော့ ဝေဖန်မှုတွေ ရှိနေတယ်။ အဲဒါတွေကိုရော လွှတ်တော်ထဲမှာ အလုပ်သမားဆိုင်ရာ ကော်မတီအနေနဲ့ ပြုပြင်သွားဖို့။ "အဲဒီဟာတွေကတော့ ကျနော်တို့ လေ့လာဆဲ ကောက်ချက်ချဖို့ စောပါသေးတယ်။ ဟို နည်းနည်းလေး ကျနော်ကွဲပြားအောင် ပြောချင်တာက ကျနော်တို့ ဒီလွှတ်တော်က ဖွဲ့ပေးတဲ့ ကော်မတီဆိုတာ ဥပဒေပြုရေးကဏ္ဍကနေ လုပ်သားထုရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးဖို့ ဖွဲ့ထားတာ။ ကျနော်တို့က အစိုးရအဖွဲ့လို ၀င်ပြီးတော့ အာဏာပေးလို့၊ အမိန့်ပေးလို့ မရဘူး။ မရတော့ ခုနလို အချက်အလက်လေးတွေ အဆင်မပြေတဲ့ ဥပဒေအရ အားနည်းချက်တွေ ဥပဒေအရ မဆီလျော်တော့တဲ့ ခေတ်နဲ့မညီတော့တာတွေ ရှိတဲ့အတွက် လုပ်သားထုတရပ်လုံး အတိဒုက္ခရောက်နေတယ်လို့ အကြမ်းဖျင်း သုံးသပ်ရမယ်။ အဲဒါတွေ ကျနော်တို့ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်သွားရမယ်။ ဒါကြောင့်မို့ ပြင်ဆင်နိုင်ဖို့အတွက်ကို လုပ်သားထုကြီးတရပ်လုံးကော လုပ်သားတွေနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းပေါင်းစုံကော ပြည်တွင်းပြည်ပ အဖွဲ့အစည်းအားလုံးရော ကျနော်တို့ကို ဆက်သွယ်ပါ၊ ကျနော်တို့ကို တာဝန်တွေပေးပါ၊ အကြံဉာဏ်တွေ ပေးကြပါ။ ကျနော်တို့ကို အသုံးချကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်၊ အဲဒါပါပဲ။" နောက်ပြီးတော့ Migrant workers တွေပေါ့နော်၊ ပြည်ပမှာ သွားရောက်အလုပ်လုပ်နေတဲ့ ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ အလုပ်ခွင်အတွင်းမှာ မတော်မတရား ပြုမူခံရတာတွေ၊ သူတို့ရဲ့ အခွင့်အရေး ဆုံးရှုံးတာတွေနဲ့ ပတ်သက်ပြီးတော့ရော ဦးကျော်ထွေးတို့ ကော်မတီက ဘယ်လိုဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိလဲခင်ဗျ။ "အဲဒီမှာ ကျနော့်အမြင်ပေါ့နော်။ ကျနော့်ခံယူချက်လေး ပြောပါ့မယ်။ ပြည်ပနိုင်ငံတွေမှာ သွားအလုပ်လုပ်တဲ့ ကျနော်တို့လူမျိုးတွေ လုပ်အားခ ခေါင်းပုံဖြတ်ခံရတာတင် မကဘူး၊ နှိပ်စက်ခံရတာတွေ၊ ညှဉ်းပန်းခံရတာတွေ၊ ချုပ်နှောင်ခံရတာတွေ ကျနော်တို့ ကြားရပါတယ်။ အဲဒီတော့ ကိုယ့်နိုင်ငံသားတယောက်ကို ပြည်ပမှာ အဲလို ဖိနှိပ်စော်ကားခံနေရတယ် ဆိုတာက ကျနော်တို့နိုင်ငံကို စော်ကားတာလို့ပဲ ကျနော် ယူဆပါတယ်။ ကျနော်တို့ရဲ့ အုပ်ချုပ်ရေး ယန္တရားကို မထီမဲ့မြင်ပြုတာလို့ ယူဆပါတယ်။ အဲဒါတွေကို ကျနော်တို့ နောက်မဖြစ်အောင် ကျနော်တို့ ဥပဒေပြုရေးကဏ္ဍနဲ့ လွှတ်တော်တွင်းကနေ အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်ပါ့မယ်။" ဟုတ်ကဲ့၊ ဦးကျော်ထွေးတို့ ကော်မတီအနေနဲ့က ဒါ အလုပ်ရှင်ဘက်ကကော အလုပ်သမားဘက်ကကော၊ နောက် အစိုးရ ဌာနဆိုင်ရာတွေနဲ့ကော ပေါင်းစပ်ညှိနှိုင်းပေးရမယ့် တာဝန်က အဓိကဖြစ်နေတော့ အခုလာမယ့် အစိုးရသစ်အနေနဲ့ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အစိုးရပဲဖြစ်မယ်၊ လွှတ်တော်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အသာစီးရထားတဲ့ လွှတ်တော် ဖြစ်မယ်ဆိုတဲ့အခါကျတော့ တဘက်နဲ့တဘက် အပြန်အလှန် ထိန်းညှိနိုင်ဖို့ စိုးရိမ်တာတွေ ရှိနေကြတာ၊ အဲဒါကို ဦးကျော်ထွေး နည်းနည်းလေး ရှင်းပြပါလား။ "အဲလိုတော့ မဖြစ်ပါဘူး။ ကျနော်တို့က ပြည်သူတွေကနေပြီးတော့ တာဝန်ပေးလိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေပါ။ ပြည်သူ့ကိုယ်စားလှယ်ဆိုတော့ ပြည်သူတွေမျက်နှာပဲ ကြည့်ရပါမယ်။ ကျနော်တို့ပါတီမျက်နှာကြည့်လို့၊ ဦးစားပေးကြည့်လို့ အဆင်မပြေပါဘူး။ တကယ်လို့ အစိုးရအဖွဲ့နဲ့ လွှတ်တော်နဲ့က ပါတီကြီးတခုတည်းကနေပဲ လွှမ်းမိုးနေတာ ဖြစ်တဲ့အတွက် ဟို အချင်းချင်း ငဲ့ညှာတာတွေတော့ ရှိမှာ မဟုတ်ပါဘူး။ ဥပဒေအရဆိုရင် ကျနော်တို့ ပါတီဝင်အချင်းချင်းလည်း သည်းမခံပါဘူး။ အရင်ဆုံး တည့်မတ်ပေးနိုင်အောင် အကြံပြုမယ်၊ လမ်းညွှန်မယ်၊ အဲလိုမှမရဘူးဆိုရင် ကျနော်တို့ ပါတီတွင်းမှာလည်း အရေးယူမှုတွေ လုပ်မှာပါ။ အဲဒီလို အစိုးရအဖွဲ့က တိန်းချော်နေရင်လည်း ဥပဒေအရကို ကျနော်တို့ တည့်မတ်ပေးမှာပါ။ အရင်လို အစ်ကိုကြီး ညီလေး ဆက်ဆံရေးမျိုးတွေနဲ့ တယောက်ကိုတယောက် ဖာထေးပေးတာတို့၊ ဖုံးဖိပေးတာတို့ ကျနော်တို့ လုံးဝလုပ်မှာ မဟုတ်ပါဘူး။" အမျိုးသားလွှတ်တော် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ တယောက်အနေနဲ့ ဒီအလုပ်သမားထု၊ ပြည်တွင်းကရော ပြည်ပကရော အလုပ်သမားထုတွေကို ကျနော်တို့ ဒီဗွီဘီကနေတဆင့် ဘယ်လိုမက်ဆေ့များ ပေးချင်ပါသလဲခင်ဗျာ။ "ကျနော်တို့ အလုပ်သမားထုကြီးကိုရော အလုပ်သမားထုကြီးနဲ့ အဓိက ဆက်ဆံနေတဲ့ အလုပ်ရှင်တွေရော နောက် ဒီ အစိုးရ အလုပ်သမားဝန်ကြီးဌာနကနေပြီးတော့ ပါဝင်ပတ်သက်နေတဲ့ အလုပ်သမားပဋိပက္ခ ဖြေရှင်းရေး ခုံသမာဓိလို အဖွဲ့အစည်းမျိုးတွေရော အကုန်လုံးကို ကျနော်ပြောချင်တာကတော့ ကျနော်တို့ အမျိုးသားလွှတ်တော်ကနေ အခု ဖွဲ့စည်းပေးလိုက်တဲ့ အလုပ်သမားရေးရာ ကော်မတီကို အသုံးချကြပါ၊ အားမနာပါနဲ့။ အလုပ်လုပ်ဖို့အတွက် ဖွဲ့ထားတာပါ။ ကျနော်တို့ ရေးရာကော်မတီဖွဲ့တယ်ဆိုတာ လိုအပ်ချက်အရ ဖွဲ့တာ။ အဲတော့ ကျနော်တို့ကို အချိန်မရွေး ဆက်သွယ်ပါ။ အချိန်မရွေး ကျနော်တို့ကို အကြံလည်းပေးနိုင်တယ်။ လမ်းလည်းညွှန်နိုင်တယ်။ ပြဿနာတွေ ဖြေရှင်းပေးဖို့အတွက် ဥပဒေပြုတဲ့ ကဏ္ဍကနေ ကျနော်တို့ အပြည့်အ၀ ပံ့ပိုးပေးနိုင်အောင် ကျနော်တို့ကို အသုံးချကြပါလို့နော်၊ အဲဒါ ကျနော်ပြောချင်ပါတယ်။"
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024