အင်ဒိုနီးရှားတွင် ပလတ်စတစ်အမှိုက်မှ လောင်စာ ဖန်တီး ထုတ်ယူ (ရုပ်သံ)

2.3K
အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမှာ အမှိုက်ပြဿနာ ကြီးမားနေချိန် ဒေသခံ အမျိုးသားတဦးက ပလတ်စတစ် အမှိုက်တွေကနေ သူ့ရဲ့ မော်တော်ဆိုင်ကယ် အသေးစား စကူတာအတွက် လောင်စာကို ဖန်တီး ထုတ်ယူလိုက်ပါတယ်။
ဂျကာတာမြို့စွန်က ဖို့မြေအရပ်မှာ နေ့စဉ် အမှိုက်တန်ချိန် ၆၀၀၀ ကျော်ကို ရုန်းကန်ဖြေရှင်းနေရတာပါ။
အမှိုက်ပုံကြီးတွေကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်တွေ ခြိမ်းခြောက်နေပါတယ်။
ဒေသခံတွေက အမှိုက်ပြဿနာကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေရလို့ တချို့က စိတ်ပျက်ခဲ့ကြပါတယ်။
စွန့်ဦးတီထွင်သူ လူငယ် ဟာမီဒီက ပလတ်တစတစ် အမှိုက်ကနေ လောင်စာ ထုတ်လုပ်ခဲ့တာပါ။
"ပလတ်စတစ်ကို ရေနံစိမ်းကနေ ထုတ်ခဲ့တာပါ၊ ကျနော်လုပ်တာက လုပ်ငန်းစဉ်ကို ပြောင်းပြန်လှန်ပြီး ပလတ်စတစ်ကို မူရင်းဘဝ ပြန်ရောက်အောင် လုပ်တာပါ၊ ဒါကြောင့် ပလတ်စတစ်ဟာ ရေနံ ဒါမှမဟုတ် တွင်းထွက်စွမ်းအင်ကို ပံ့ပိုးနိုင်တဲ့ စွမ်းအင် ဖြစ်လာတယ်" လို့ သူက ပြောပါတယ်။
ဟာမီဒီက သူဟာ နေ့စဉ် ပလတ်စတစ်အမှိုက် ၂၅ ကီလိုကို လောင်ကျွမ်းစေပြီး အငွေ့ကနေတဆင့် လောင်စာရည်ဖြစ်အောင် လုပ်နိုင်တယ်လို့ ပြောပါတယ်။
ခုတော့ သူ့စကူတာလေးအတွက် လောင်စာအဖြစ်သာ သုံးနေပြီး ထုတ်လုပ်မှု တိုးမြှင့်ရာမှာ ကူညီချင်တယ်လို့လည်း ပြောပါတယ်။
"ကုန်ကြမ်းတွေ လွယ်လွယ်နဲ့ရနေတယ်၊ အရင်စမ်းသပ်မှုတွေ အောင်မြင်လို့ ဒေသခံ အစိုးရဆီကနေ ရန်ပုံငွေရအောင်လုပ်ဖို့ ဆုံးဖြတ်ထားတယ်" လို့ သူက ဆက်ပြောပါတယ်။
အမှိုက်စီမံခန့်ခွဲရေး လုပ်ငန်းထဲမှာ အော်ဂဲနစ် အမှိုက်ကနေ ဓာတ်မြေသြဇာ ထုတ်လုပ်တာနဲ့ ပလတ်စတစ်တွေကို တကျော့ပြန်သုံးတာတွေ ရှိပြီးသားပါ။
ပိုကြီးတဲ့ ပြဿနာကို ဖြေရှင်းဖို့ ခြေလှမ်းက သေးနေသေးတယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။
ဂျကာတာမြို့မှာ လူဦးရေ ၁၀ သန်း နေထိုင်ပြီး သူတို့ကစွန့်ထုတ်တဲ့ အမှိုက်တွေကို စီမံခန့်ခွဲဖို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ကြိုးစားနေပါတယ်။
ဒေသခံ အစိုးရတွေကိုလည်း ဟာမီဒီရဲ့ စီမံကိန်းလိုမျိုး စီမံကိန်းတွေကို ရန်ပုံငွေ ထောက်ပံ့ဖို့ ဆော်သြနေပါတယ်။