အန်အယ်လ်ဒီကဖွဲ့မယ့် အစိုးရ၀န်ကြီးဌာန ၂၁ ခုရှိတယ်လို့ ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဌာနနာမည်တွေနဲ့အတူ လွှတ်တော်နာယကက ကြေညာသွား ပါတယ်။
အရင်အစိုးရလက်ထက် ၀န်ကြီးဌာန ၃၆ ခုရှိတဲ့အနက် တချို့ကို ပေါင်းစည်း၊ တချို့ကို ဖျက်သိမ်းခဲ့ပြီး ဌာန လျှော့ချခဲ့တာဖြစ်ပါတယ်။
အန်အယ်လ်ဒီပြောခွင့်ရသူ ဒေါက်တာဇော်မြင့်မောင်ရဲ့ ပြောကြားချက်အရ အစိုးရ အသုံးစရိတ် လျှော့ချလိုတာကြောင့် ၀န်ကြီးဌာနတွေ လျှော့ချမှာလို့ သိရပါတယ်။
ဝန်ကြီးဌာနတွေ လျှော့ချဖွဲ့စည်းလိုက်တာကြောင့် အစိုးရ အသုံးစရိတ်တွေ လျော့ကျသွား နိုင်မလား၊ ပေါင်းစည်းမယ်ဆိုတဲ့ ဌာနက ၀န်ထမ်းတွေ ဘယ်လို စိတ်ခံစားချက် ရှိနေနိုင်မလဲ၊ နယ်ပယ်အသီးသီးက လူပုဂ္ဂိုလ်တချို့ရဲ့ အမြင်သဘောထားတွေကို စုစည်းတင်ဆက်ပေးပါမယ်။
ဦးအောင်သူငြိမ်း(မြန်မာ့နိုင်ငံရေး သုတေသီ)
“အန်အယ်လ်ဒီက ရွေးကောက်ပွဲစည်းရုံးရေးကာလ ကြေညာစာတမ်းထုတ်ကတည်းက အစိုးရက ကျစ်လျစ်ရမယ်။ ထိရောက်ရမယ်ဆိုတဲ့ဟာမျိုး ပြောထားတာ ရှိပါတယ်။ ရွေးကောက်ပွဲ ကြေညာချက်နဲ့ အညီပဲ အခုလို တတ်နိုင်သမျှ ၀န်ကြီးဌာနတွေ လျှော့ချတယ်လို့ မြင်ပါတယ်။ ပြီးခဲ့တဲ့အစိုးရမှာ ၀န်ကြီးနဲ့ ဒုဝန်ကြီးပေါင်း ၉၉ ယောက်လောက် ရှိတယ်ခင်ဗျ။ အခု ၀န်ကြီးဌာနတွေ လျှော့ချလိုက်တော့ ဖြစ်နိုင်တာက ၀န်ကြီး လစာတွေ တ၀က်လောက် လျှော့ချသွားနိုင်မယ့် အနေအထားပေါ့၊ အဆောင်အယောင်တွေ ပေးရတဲ့ကိစ္စတွေ လျော့သွားနိုင်ပါတယ်။ တဘက်မှာကျတော့လည်း ၀န်ထမ်းတွေမှာ စိုးရိမ်စရာ စိတ်ပူစရာတွေ ရှိလာပါတယ်။ အခု ဘဏ္ဍာနဲ့ စီမံကိန်းဌာနကို ပေါင်းပစ်လိုက်တယ်၊ ပေါင်းလိုက်တော့ ပြည်နယ်တွေမှာဆိုရင် ရုံးက ၂ ရုံး ၂ ရုံးစီ ရှိတဲ့အခါကျတော့ ဘယ်လို ပြန်ပေါင်းမလဲပေါ့နော်။ ကျနော့်အမြင်ပြောရရင်တော့ တချို့နိုင်ငံတွေမှာ လုပ်သလို အစိုးရအုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲရေးဝန်ကြီးဌာနဆိုတာတောင် ရှိပါတယ်၊ Admin Reform Ministery ဆိုတာမျိုးပေါ့၊ အခု အန်အယ်လ်ဒီမှာတော့ အဲ့ဒါမျိုး မတွေ့ရဘူးဗျ။”
ဦးဖေသန်း (မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
“အစိုးရအသုံးစရိတ် လျှော့ချတယ်ဆိုတာကတော့ အနည်းအကျဉ်းတော့ ပါမှာပေါ့။ ၀န်ကြီးတွေ လျော့သွားတာလည်း ပါကောင်းပါမယ်၊ ပြီးတော့ ဦးစီးဌာနတွေ တဆက်တစပ်တည်း ပေါင်းပြီး လုပ်ရတဲ့အတွက်လည်း ဒီ့ပြင်အသုံးစရိတ်တွေ လျော့ကျကောင်း လျော့ကျနိုင်တာပေါ့။ အသုံးစရိတ်ကို အတော်အသင့်တော့ လျှော့ချနိုင်ပါလိမ့်မယ်။ ဒါပေမယ့် တဘက်က စိုးရိမ်တာကတော့ ၀န်ကြီးဌာန နည်းသွားတဲ့အပေါ်မှာ လုပ်နိုင်ကိုင်နိုင် လက်လှမ်းမီနိုင်တော့ ရှိပါလိမ့်မယ်။ ဒါပေမယ့် ဦးစီးဌာနတွေများလာတော့ အဲ့ဒီထဲမှာ အံဝင်ခွင်ကျ ဦးစီးဌာနတွေ ပေါ်လာဖို့ လိုတယ်။ ဦးစီးဌာနတွေရဲ့ လုပ်ပိုင်ခွင့်တွေ လျော့ကျသွားမလား၊ ဘတ်ဂျက်ခွဲဝေမှုတွေ လျော့ကျသွားမလား၊ ၀န်ထမ်းတွေ ဟိုရောက် ဒီရောက် ဖြစ်ကုန်မလား၊ ဖြစ်တဲ့ထဲမှာ ဘယ်လိုဆိုးကျိုးများ ဖြစ်လာမလဲပေါ့ အဲ့ဒါတွေလည်း စိုးပါတယ်။ တဘက်က ၀န်ကြီးတယောက်ထဲက ဦးစီးဌာနတွေ အများကြီးကိုင်ထားရတဲ့အခါ စီမံခန့်ခွဲမှုအပိုင်းမှာ အားနည်းလာနိုင်မလား၊ အမျိုးမျိုးပေါ့လေ။ ဒီကိစ္စ အန်အယ်လ်ဒီ ဒီအားနည်းချက်တွေအပေါ် အစီအစဉ်တွေရှိလိမ့်မယ်လို့ ထင်ပါတယ်။”
ဦးသုဝေ (ဒီမိုကရက်တစ်ပါတီ မြန်မာ-ဥက္ကဋ္ဌ)
“၀န်ကြီးဌာနလျော့နည်းတော့ ၀န်ကြီးအရေအတွက် လျော့သွားမှာပေါ့။ ဒါပေမယ့် အဲ့ဒီဝန်ကြီးဌာနရဲ့ လုပ်ငန်းတွေကတော့ လျော့မသွားဘူးပေါ့နော်၊ များများကြီး လျော့သွားဖို့တော့ မရှိပါဘူး၊ သို့သော် ၀န်ကြီးလစာ ပေးရတာတော့ လျော့သွားမှာပေါ့။ ဒီလို ၀န်ကြီးဌာနတွေခွဲတယ်၊ ၀န်ကြီး အရေအတွက်တွေ ခွဲတယ်ဆိုတာတွေကို သက်ဆိုင်ရာပါတီရဲ့ အခြေအနေပေါ်မူတည်ပြီးတော့ လုပ်တာပေါ့၊ ပါတီရဲ့ ဆုံးဖြတ်လုပ်ဆောင်တာကို ကျနော်တို့က ဘာမှ ပြောလို့ မရဘူး။ သူကတော့ အကောင်းဆုံးလို့ ယူဆပြီးတော့ လုပ်မှာပဲလေ၊ အစိုးရထဲမှာလည်း ကွာတာပေါ့၊ ဥပမာ ဖဆပလ အစိုးရဆိုရင် သက်ဆိုင်ရာ ၀န်ကြီးတွေက သူ့ရဲ့ အရည်အချင်းအရ သူ့မှာ လုပ်ပိုင်ခွင့် အပြည့်အ၀ရှိတယ်။ မဆလ ခေတ်မှာကတော့ အစိုးရပုံစံကိုက အထက်က ညွှန်ကြားတဲ့အတိုင်း လုပ်ရတယ်ဆိုတဲ့အခါကျတော့ ပုံစံချင်း မတူးကြဘူးလေ၊ အန်အယ်လ်ဒီထဲမှာလည်း အရည်အချင်းရှိတဲ့သူတွေ အများကြီး ရှိပါတယ်၊ သူတို့မှာ ကိုယ်ပိုင်လုပ်ပိုင်ခွင့်ရှိတဲ့အခြေအနေ မရှိသေးဘူးဗျ။”
သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာနမှ ကထိက ဆရာမတဦး
“သပန ၁၉၉၆ မှာဖွဲ့တယ် ၊ ၉၇ မှာအလုပ်ဝင်တယ် ပညာရေးက master ဘွဲ့ရခဲ့တယ် ဌာနမှာ weight အများဆုံးဦးစီးက စက်မှုနဲ့သက်မွေးပညာဦးစီးဌာနပါ။ အဓိကကတော့ နည်းပညာတက္ကသိုလ် ကောလိပ်သိပ္ပံ စက်မှုအထက်တန်းကျောင်းတွေကို စီမံကွပ်ကဲတာပါ။ ပညာရေးဝန်ကြီးဌာနအောက်ကို ပေါင်းလို့ရပါတယ်၊ ကိုယ်မင်းကိုယ်ချင်းမို့ ဝန်ထမ်းတွေရဲ့ ရာထူးတိုး အပြောင်းအရွှေ့ နှစ်တိုး စတာတွေက မူမရှိပါဘူး။ ပညာရေးနဲ့ လုပ်ငန်းသဘောသဘာဝတူပေမယ့် အခွင့်အရေးချင်းက မတူညီပါဘူး။ သင်ကြားစီမံကိစ္စတွေကလည်း စနစ်တကျမရှိပါလှပါဘူး။ ပညာရေးဆိုင်ရာကိစ္စအားလုံးကို လူတဦးတည်း မူတမျိုးတည်းကသာ စီမံခန့်ခွဲပါက ရည်းမှန်းချက်များ ပေါက်မြောက်အောင်မြင်နိုင်မည်ဟု ယူဆမိပါကြောင်း။”
ဦးလှမောင် (ဘောဂဗေဒပညာရှင်)
“အသုံးစရိတ်ပိုင်း တခုတည်းနဲ့တော့ မပြောသင့်ဘူးပေါ့။ ၀န်နဲ့အား မျှအောင် လုပ်ရမှာပေါ့၊ အရင်တုန်းကတော့ ၀န်ကြီးတွေများတဲ့အတွက်ကြောင့်မို့လို့ ခရီးထွက်ရင်လည်း အသိုင်းအ၀ိုင်းတွေ အများကြီးနဲ့ ခရီးထွက်ကြရတယ်။ အဲ့ဒီမှာ အသုံးစရိတ်ပိုတာတွေ ရှိတယ်။ ဥပမာ ဟယ်လီကော့ပတာနဲ့ ၀န်ကြီးတွေ ပြိုင်ပြီး ခရီးထွက်ခဲ့ကြဖူးတယ်။ အဲ့ဒီဟယ်လီကော့ပတာဆိုတာက မြေကြီးကနေ မကြွခင် စက်နှိုးလိုက်တာနဲ့ စက်ကို ခလုတ်နှိပ်လိုက်ရင် ကျပ်ငွေ ၂၀၀၀၀ ထွက်ပါတယ်တဲ့၊ မြေကြီးကနေ ၁ ပေထွက်လိုက်တာနဲ့ ကျပ်ငွေ ၂၀၀၀၀၀ ထွက်ပါတယ်ဆိုတဲ့ ဆိုရိုးတွေ ရှိတယ်။ အဲ့ဒီတော့ ဟယ်လီကော့ပတာကြီးတစီးနဲ့ ၀န်ကြီးတွေအပြိုင် အရင်တုန်းကတော့ လျှောက်သွားခဲ့ကြဖူးတယ်။ အဲ့ဒီတော့ ၀န်ကြီးနည်းသွားရင်တော့ အဲ့ဒီလို လျှောက်သွားတဲ့ အသုံးစရိတ် လျော့သွားနိုင်ပါတယ်လို့ပဲ မြင်ပါတယ်။”