Live
Home
မြန်မာသတင်း
ဦး​အောင်ဆန်း​ဦး​နှင့်​ ​မော်နီတာဂျာနယ်ကို ​ဒေါ်​အောင်ဆန်း​စုကြည် တရား​စွဲဆို
DVB
·
August 10, 2011
မြန်မာ့​လွတ်လပ်​ရေး​ဖခင် ဗိုလ်ချုပ်​အောင်ဆန်း​ရဲ့​ သမီး​ဖြစ်သူ ​ဒေါ်​အောင်ဆန်း​စုကြည်က အစ်ကို​တော်စပ်သူ ဦး​အောင်ဆန်း​ဦး​နဲ့​ ​မော်နီတာဂျာနယ်တို့​ကို တရား​စွဲဆိုလိုက်ပါတယ်။ တရား​ရုံး​က မဆုံး​ဖြတ်ရ​သေး​တဲ့​ ၂၀၀၁ ခုနှစ်မှာ ဦး​အောင်ဆန်း​ဦး​က ​ဒေါ်​အောင်ဆန်း​စုကြည်​နေထိုင်တဲ့​ ​နေအိမ်နဲ့ ခြံကို​ “အ​မွေဘုံ ပစ္စည်း​ စီမံခန့်ခွဲ​ပေး​စေလိုမှု” နဲ့ ဆွဲဆိုခဲ့​တာနဲ့ ပတ်သက်ပြီး​ ​မော်နီတာဂျာနယ်ဆောင်းပါး​မှာ ဦး​အောင်ဆန်း​ဦး​က တရား​ရုံး​ရဲ့ဆုံး​ဖြတ်ချက်ကို ​ကျော်လွန်ပြီး​ ​ပြောဆိုခဲ့​တဲ့​အ​ပေါ် ​ဒေါ်​အောင်ဆန်း​စုကြည်က တရား​စွဲဆိုလိုက်တာပါ။ ဒီလိုတရား​စွဲတဲ့​နေရာမှာ ဦး​အောင်ဆန်း​ဦး​နဲ့​အတူ ​ဖော်ပြသူ ​မော်နီတာဂျာနယ် အယ်ဒီတာချုပ် ဦး​မြတ်ခိုင်နဲ့​ ထုတ်​ဝေသူ ဝဏ္ဏ​ကျော်ထင် ဦး​လှမြင့်​ဆွေတို့​ကို တရား​စွဲဆိုလိုက်တာလဲဖြစ်ပါတယ်။ ဒီလ ၈ ရက်​နေ့​က ရန်ကုန်တိုင်း​ဒေသကြီး​ တရား​လွှတ်​တော်မှာ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ရှေ့​နေ​တွေက တရား​ရုံး​ကို မထီမဲ့​မြင်ပြုမှုနဲ့​ တရား​ဆွဲဆိုခဲ့​တာ ဖြစ်ပြီး  တရား​စွဲရတဲ့​ အ​ကြောင်း​အရင်း​နဲ့​ပတ်သက်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ​ရှေ့​နေ ဦး​ဥာဏ်ဝင်း​က အခုလို ရှင်း​လင်း​ ​ပြောဆိုပါတယ်။ “ဦး​အောင်ဆန်း​ဦး​က ​ဒေါ်​အောင်ဆန်း​စုကြည်အ​ပေါ်မှာ အ​မွေဘုံ စီမံခန့်​ခွဲ​ပေး​စေလိုမှုဆိုပြီး​ စွဲဆိုထား​တယ်။ စွဲဆိုထား​တဲ့​အမှုက လက်ရှိအ​ခြေအ​နေမှာ ​ဒေါ်​အောင်ဆန်း​စုကြည်ဘက်က သက်​သေ​တွေကို စစ်​ဆေး​ဖို့​အဆင့်​ရှိ​သေး​တယ်။ အမှုကမပြီး​သေး​ဘူး​၊​ အဆုံး​အဖြတ်​တွေ မချမှတ်ရ​သေး​ဘူး​။ အဲ့​ဒီအချိန်မှာ ​မော်နီတာဂျာနယ်က ပြီး​ခဲ့​တဲ့​ ဇူလိုင်လမှာ ​ဆောင်း​ပါး​တခု​ရေး​ခဲ့​တယ်။ ​ဆောင်း​ပါး​မှာ ဦး​အောင်ဆန်း​ဦး​က အဓိကငြင်း​ချက်​တွေ (Major Issue) တွေမှာ​ သူအနိုင်ရပြီး​ပြီလို့​ အင်္ဂလိပ်လို​ပေါ့​ ​ရေး​ထား​တယ်။ ​ဒေါ်​အောင်ဆန်း​စုကြည်ဘက်က ပစ္စည်း​တွေလိုချင်တဲ့​သ​ဘောနဲ့​ ပြုလုပ်​နေတယ်ဆိုပြီး​ ​ပြောတယ်။ ဒီအ​ပေါ်မှာ တရား​ရုံး​က အဆုံး​အဖြတ်မပြုရ​သေး​တဲ့​ ကိစ္စကို ပုဂ္ဂိုလ် တဦး​တ​ယောက်တည်း​ရဲ့​ ​ပြောကြား​ချက်ကို ဂျာနယ်ကထည့်​တယ်၊​ ဒီကိစ္စနဲ့​ပတ်သက်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်က ဆရာဦး​ကြည်ဝင်း​နဲ့​ ကျ​နော်တို့​ကို ကိုယ်စား​လှယ်စာ​ပေး​ပါတယ်။ အဲ့​ဒါနဲ့​ ကျ​နော်တို့​ ပြီး​ခဲ့​တဲ့​တနင်္လာ​နေ့​က ရန်ကုန်တိုင်း​ဒေသကြီး​ တရား​လွှတ်​တော်မှာ တရား​စွဲပါတယ်။” လက်ရှိ​ခြေအ​နေမှာ​တော့​ ရန်ကုန်တိုင်း​တရား​လွှတ်​တော်က အမှုကို လက်ခံထား​ပြီး​ ထုတ်ပြန်လာမယ့်​ သတိ​ပေး​ကြေညာစာကို ​စောင့်​ဆိုင်း​နေတယ်လို့​လည်း​ ဦး​ဥာဏ်ဝင်း​က ဆိုပါတယ်။ “ကျ​နော်တို့​လျှောက်ထား​တာက ၁၉၂၆ ခုနှစ် တရား​ရုံး​များ​အား​ မထီမဲ့​မြင်ပြုမှု ဥပ​ဒေ ပုဒ်မ ၂ နဲ့​ ၃ ပါ။ ရန်ကုန်တိုင်း​ဒေသကြီး​ တရား​လွှတ်​တော်က ဒီအမှုကို လက်ခံထား​ပါတယ်။ လာမယ့်​ ရုံး​ချိန်း​တွေမှာ ဘာလုပ်မလဲဆိုတာနဲ့​ပတ်သက်ပြီး​တော့​ တရား​လွှတ်​တော်ရဲ့​ ​သောကြာ​နေ့​တိုင်း​ ထုတ်ပြန်တဲ့​ သတိ​ပေး​ကြေညာစာ​တွေကို ​စောင့်​ကြည့်​ရမှာပါ။ ပြီး​မှ ဘာဆက်လုပ်ရမလဲဆိုတာ စဉ်း​စား​သွား​မှာပါ။” အခုလို ၁၉၂၆ ခုနှစ်က ပြဋ္ဌာန်း​ခဲ့​တဲ့​ တရား​ရုံး​များ​အား​ မထီမဲ့​မြင်ပြုမှု ပုဒ်မ​တွေဟာ လက်ရှိ အသက်ဝင်​နေပြီဖြစ်တဲ့​ ၂၀၀၈ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေနဲ့​ တရား​ကျင့်​ထုံး​တွေနဲ့​ ကိုက်ညီမှု ရှိမရှိဆိုတဲ့​အ​ပေါ်ကိုလည်း​ ဦး​ဥာဏ်ဝင်း​က အခုလိုရှင်း​လင်း​ပြောဆိုပါတယ်။ “လုံး​ဝ အကျုံး​ဝင်မှုရှိပါတယ်။ လက်ရှိအစိုး​ရမတက်ခင် ကာလမှာပဲ ကျ​နော်တို့​ ​ရှေ့​နေကြီး​ ဦး​အောင်သိန်း​တုန်း​ကလည်း​ ဒီပုဒ်မတွေနဲ့ပဲ ပြစ်ဒဏ်​ပေး​ခံခဲ့ရတာပါ။ ဒါက ပြစ်မှု​မြောက်တာ မ​မြောက်တာကို ​ပြောတာမဟုတ်ပါဘူး​ ဒီဥပ​ဒေ အသက်ဝင်​နေ​သေး​တယ် ဆိုတာကို ကျ​နော်​ပြောတာပါ။” ဒါ့​အပြင် ဒီအမှုမှာ ဦး​အောင်ဆန်း​ဦး​ရဲ့​ အင်တာဗျူး​ကို ​ဖော်ပြခဲ့​တဲ့​ ​မော်နီတာဂျာနယ်က တာဝန်ရှိသူ​တွေကို ထည့်​သွင်း​တရား​စွဲဆိုရတာနဲ့​ ပတ်သက်ပြီး​တော့​လည်း​ ဦး​ဥာဏ်ဝင်း​က အခုလို ​ပြောပါတယ်။ “ဦး​အောင်ဆန်း​ဦး​ အပါအဝင် ​မော်နီတာဂျာနယ် ထုတ်​ဝေသူ ဝဏ္ဏ​ကျော်ထင် ဦး​လှမြင့်​ဆွေ၊​ အယ်ဒီတာချုပ် ဦး​မြတ်ခိုင် သူတို့​ကို ထည့်​ဆွဲတယ်။ သူတို့​ ၂ ​ယောက်ကို ဆွဲရတာကလည်း​ မြန်မာနိုင်ငံမှာ ရှိ​နေတဲ့​ တရား​ရုံး​ မထီမဲ့​မြင် ပြုမှုဥပ​ဒေ​တွေမှာ ဥပ​ဒေလုပ်ထုံး​ လုပ်နည်း​ ​တွေနဲ့​ အညီ တရား​ရုံး​ စီရင်ချက်​တွေမှာ ထုတ်​ဝေသူနဲ့​ အယ်ဒီတာလည်း​ တာဝန်ရှိတယ်ဆိုပြီး​ တသမတ်ထဲ ဆုံး​ဖြတ်ထား​တယ်။ ဒီအ​ပေါ်မှာ အဲဒီသုံး​ဦး​ကို တနင်္လာ​နေ့​က တရား​စွဲပါတယ်။” တရား​စွဲဆိုခံရတဲ့​ထဲမှာ ပါဝင်တဲ့​ ​မော်နီတာဂျာနယ်ရဲ့​ အယ်ဒီတာချုပ်ဖြစ်သလို ဒီဆောင်းပါးကိုရေးသားခဲ့တဲ့ ဆရာဦး​မြတ်ခိုင်က​တော့​ ဒီအ​ပေါ်ကို အခုလို​ပြောပါတယ်။ “ဒါ ဖြေတဲ့သူ​တွေရဲ့​ အာ​ဘော်ပဲ​လေ။ ကိုယ့်​အာ​ဘော်မှ မဟုတ်ဘဲ။ သတင်း​ရေး​တာ မဟုတ်ဘူး​။ သတင်း​ဆိုရင်​တော့​ သတင်း​ရေး​သူရဲ့​ အာ​ဘော်ပဲ။ ဒါက အင်တာဗျူး​တဲ့​သူက ​မေး​တယ်။ ​အောင်ဆန်း​ဦး​က ​ဖြေတယ်။ တခြား​ဟာ​တွေ တချို့​ဟာ​တွေက တရား​ရုံး​ကျမှပဲ ​ပြော​တော့​မယ်။ တချို့​ဟာ​တွေက အစ်မ​ကော၊​ ကို​အောင်ဆန်း​ဦး​ပါ ဗိုလ်ချုပ်​အောင်ဆန်း​ သား​သမီး​တွေဖြစ်လို့​ ဘာမှဖြစ်စရာ အ​ကြောင်း​မရှိဘူး​။ ဥပ​ဒေအထက်မှာ ဘယ်သူမှ မရှိ​စေရလို့​ ဦးရွှေမန်းတို့က မကြာခဏ ​ပြောဖူး​တာပဲ။ ဥပ​ဒေ အဆုံး​အဖြတ်ခံယူရမှာပါ။” ဦး​အောင်ဆန်း​ဦး​က ​ဒေါ်​အောင်ဆန်း​စုကြည်ကို ၂၀၀၀ ပြည့်​နှစ်မှ စတင်ပြီး​ ​နေအိမ်နဲ့​ ခြံဝင်း​ အ​မွေပိုင်ဆိုင်လိုမှုနဲ့​ စတင်တရား​စွဲဆိုမှု ဖြစ်ပွား​ခဲ့​ပါတယ်။ အဲ့​ဒီအမှုမှာ​တော့​ ဦး​အောင်ဆန်း​ဦး​ကို နိုင်ငံခြား​သား​ တဦး​အ​နေဖြင့်​ ​နေအိမ်ခြံဝင်း​ ပိုင်ဆိုင်ခွင့်​မရှိ​ကြောင်း​ တရား​ရုံး​က ဆုံး​ဖြတ်ခဲ့​တာ​ကြောင့်​ ဦး​အောင်ဆန်း​ဦး​ အမှုရှုံး​နိမ့်​ခဲ့​ရပါတယ်။ အဲ့​ဒီ​နောက် ၂၀၀၁ ခုနှစ်မှာ​တော့​ ဦး​အောင်ဆန်း​ဦး​ရဲ့​ ​ရှေ့​နေ​တွေက အ​မွေဘုံ ပစ္စည်း​ စီမံခန့်​ခွဲ ​ပေး​စေလိုမှုနဲ့​ ထပ်မံတရား​စွဲဆိုခဲ့​ရာ ၁၀ နှစ်အကြာ ဒီက​နေ့​အချိန်အထိ တရား​ရုံး​က မဆုံး​ဖြတ်​သေး​တာလည်း​ ဖြစ်ပါတယ်။ ဒီကာလအတွင်း​ ​ဒေါ်​အောင်ဆန်း​စုကြည်က ၂၀၀၉ ခုနှစ်မှာ ​နေအိမ်ပြင်မှုပြုလုပ်ခဲ့​စဉ်အချိန်ကလည်း​ ဦး​အောင်ဆန်း​ဦး​ရဲ့​ ကန့်​ကွက်မှု​ကြောင့်​ ပြင်ဆင်မှုကို ​ခေတ္တရပ်ဆိုင်း​ထား​ရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024