ယူကရိန်းအရှေ့ပိုင်း သူပုန်နယ်မြေက ပထမဆုံး နိုင်ငံကူးလက်မှတ် ဖြန့်ချိ

ဓာတ်ပုံ - အေအက်ဖ်ပီ
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက တကိုယ်တော် ကြေညာထားတဲ့ ဒန်ညက်စ် ပြည်သူ့သမ္မတနိုင်ငံ (DNR) က သူပုန်နယ်မြေရဲ့ ပထမဆုံး ကိုယ်ပိုင် နိုင်ငံကူးလက်မှတ်ကို ဖြန့်ချိလိုက်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယူကရိန်းနိုင်ငံသား အဖြစ်ကနေ DNR နိုင်ငံသားအဖြစ် ပြောင်းဖို့ ဆုံးဖြတ်ထားသူတွေအတွက်လို့ ဆိုပါတယ်။ DNR အကြီးအကဲ အလက်ဇန်းဒါး ဇာခါချန်ကိုက သူ့နိုင်ငံကူးလက်မှတ်ကို ဒန်ညက်စ်မြို့ အခမ်းအနားမှာ ပထမဆုံး ထုတ်ယူခဲ့ပြီး ပွဲတက်လာသူ အုပ်စုဝင်တွေကိုလည်း ထုတ်ပေးခဲ့ပါတယ်။ နိုင်ငံကူးလက်မှတ်ဟာ ရုရှားပြည်ထောင်စုဆိုတဲ့ စာသားနေရာမှာ ဒန်ညက်စ် ပြည်သူ့သမ္မတနိုင်ငံ ဆိုတဲ့စာသား ပါရှိတာကလွဲလို့ ရုရှားနိုင်ငံကူးလက်မှတ်နဲ့ ဆင်တူပါတယ်။ ယူကရိန်းအစိုးရကတော့ သူ့နိုင်ငံသားတွေကို နိုင်ငံသား ၂ မျိုး ခံယူခွင့်မပေးသလို တကိုယ်တော် ကြေညာထားတဲ့ ဒန်ညက်စ် ပြည်သူ့သမ္မတနိုင်ငံကိုလည်း အသိအမှတ် မပြုပါဘူး။ ယူကရိန်းအစိုးရ၊ သူပုန်တွေ၊ ရုရှားနဲ့ ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအသင်း (OSCE) တို့ မင့်ခ်စ်မြို့မှာ ယူကရိန်း အကျပ်အတည်းအတွက် နိုင်ငံရေး၊ လူသားချင်းစာနာမှု အရေးနဲ့ တခြားအရေးတွေကို ဆွေးနွေးခဲ့ကြပြီး ဖြစ်ပါတယ်။ ၂၀၁၅ ဖေဖော်ဝါရီ သဘောတူညီချက်အောက်က သတ်မှတ်ချက်တွေအရ ဒန်ညက်စ်နဲ့ လူဟန့်စ်ဒေသတွေမှာ ယူကရိန်းတနိုင်ငံလုံးနည်းတူ ဒေသတွင်း ရွေးကောက်ပွဲလုပ်ဖို့ ပါရှိပါတယ်။ ရွေးကောက်ပွဲကို ယူကရိန်းအစိုးရက ဦးစီးလုပ်ဆောင်ရမှာ ဖြစ်ပေမယ့် သူပုန်ထိန်းချုပ် ဒေသ ၂ ခုကို ထိန်းချုပ်မရသေးလို့ အဲဒီနေရာမှာ ရွေးကောက်ပွဲ မလုပ်နိုင်သေးဘူးလို့ ယူကရိန်း အစိုးရက အသိအမှတ်ပြု ပြောဆိုပါတယ်။ သူပုန်တွေက သူတို့ရဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့ အစီအစဉ်တွေ ကြေညာရာမှာ ယူကရိန်းအစိုးရက ကန့်ကွက်ခဲ့ပါတယ်။ ၂၀၁၄ ဧပြီကစတဲ့ ယူကရိန်းအရှေ့ပိုင်း ပဋိပက္ခကြောင့် အရပ်သားနဲ့ စစ်သား အယောက် ၉၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up