ဂွမြို့နယ်တွင် တရားမ၀င်သစ်ကား တိမ်းမှောက်၊ ၂ ဦး သေဆုံး
DVB
·
March 17, 2016
ရခိုင်ပြည်နယ် ဂွမြို့နယ် ဆပ်သွားချောင်းဖျား ရွှေတောင်ဒေသမှာ မတ်လ ၁၅ ရက်နေ့ ည ၁ နာရီ ဝန်းကျင်မှာ တရားမဝင်သစ်တွေ တင်လာတဲ့ ကားတစီး တိမ်းမှောက်ခဲ့ပါတယ်။
ယာဉ်တိမ်းမှောက်ခဲ့တာကြောင့် ဂွမြို့နယ် ရဟိုင်ကူးတို့ကျေးရွာက ၃၂ နှစ် အရွယ် ကိုကြက်ဖကြီး နဲ့ ၅၁ နှစ်အရွယ် ကိုအာကျယ် တို့ သေဆုံးခဲ့ပြီး ကျန် ၆ ဦးမှာ ဒဏ်ရာရှိခဲ့ပါတယ်။
သေဆုံးသူတွေအတွက် တဦးကို ၃ သိန်းစီထောက်ပံ့ပေးခဲ့ပေမယ့် မိသားစု တခုကသာ လက်ခံခဲ့ပြီး နောက်မိသားစုတစုကတော့ လက်မခံခဲ့ဘူးလို့ သိရပါတယ်။
အဲ့ဒီသစ်ကားဟာ ကားလိုင်စင်ရှိပေမယ့် သစ်ကတော့ တရားမဝင် ထုတ်လုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ကညင်၊ စကားဝါ စတဲ့ သစ်မာ သစ် ၅ တန်လောက်ရှိတဲ့ ကားမှောက်ခဲ့တာဖြစ်ပြီး ဒေသခံ တွေအနေနဲ့ ဦးအောင်ဗိုလ်ပိုင်သစ်တွေဖြစ်တယ်လို့ ဒေသခံတွေက သိထားပေမယ့် သက်ဆိုင်ရာ ရဲစခန်းကတော့ ပိုင်ရှင်မဲ့ သစ်တွေအဖြစ်နဲ့ အမှုဖွင့်ထားပါတယ်။
ပြီးခဲ့တဲ့လထဲမှာလည်း အခုလို သစ်ကားမှောက်မှုတွေကြောင့် လူသေဆုံးမှုတွေရှိခဲ့ပေမယ့် သက်ဆိုင်ရာတာဝန်ရှိသူတွေက ဖမ်းဆီးရမိတဲ့ သစ်တွေကို ပိုင်ရှင်မဲ့ သစ်တွေအဖြစ်နဲ့ အမှုဖွင့်ခဲ့ဖူးပါတယ်။