Home
မေးမြန်းခန်း
ကေအိုင်အိုကိစ္စ လွှတ်​တော်မှာ ​ဆွေး​နွေး​မည်
အေးနိုင်
·
August 10, 2011
အခုဩဂုတ်လဆန်း​ပိုင်း​က ​ကေအိုင်အိုကိုယ်စား​လှယ်​တွေနဲ့​ အပစ်ရပ်​ရေး​ဆွေး​နွေး​ပွဲမှာ ကချင် ပြည်နယ်အစိုး​ရကိုယ်စား​လှယ်အဖွဲ့​ခေါင်း​ဆောင် ဗိုလ်မှူး​ကြီး​သန်း​အောင်က လာမယ့်​ ၂၂ ရက်​နေ့​ လွှတ်​တော်မှာ ​ကေအိုင်အိုကိစ္စထည့်​ ​ဆွေး​နွေး​မယ်လို့​ အသိ​ပေး​ပြောကြား​ခဲ့​ပါတယ်။ ဒီ​ပြောဆိုချက်နဲ့​ပတ်သက်လို့​ ​ကေအိုင်အိုသ​ဘောထား​ကို ​ကေအိုင်အို​ပြောခွင့်​ရ ဦး​လနန်း​ကို ​မေး​ထား​ပါတယ်။ ပြီး​ခဲ့​တဲ့​ ကချင်ပြည်နယ်အစိုး​ရ ဗိုလ်မှူး​ကြီး​သန်း​အောင်တို့​ ​ကေအိုင်အိုနဲ့​ ​တွေ့​ဆုံပွဲမှာ ဗိုလ်မှူး​ကြီး​သန်း​အောင် ​ပြောသွား​တဲ့​ စကား​တခွန်း​က၊​ ​ကေအိုင်အိုကိစ္စကို လွှတ်​တော်မှာ ​ဆွေး​နွေး​မယ်ဆိုတဲ့​အ​ကြောင်း​ နည်း​နည်း​ပြောပြပါလား​။ ဦး​တို့​ ဘယ်​လောက်ထိ စိတ်ဝင်စား​လဲ။ “ကျ​နော်တို့​ လိုချင်တာ အဲဒါမဟုတ်ပါဘူး​။ သူက အဲ့​လိုမျိုး​တော့​ ​ပြောပါတယ်။ နိုင်ငံ​တော်ရဲ့​ အဆင့်​အမြင့်​ဆုံး​ဖြစ်တဲ့​ လွှတ်​တော်မှာ ​ကေအိုင်အိုအ​ကြောင်း​ကို တင်ပြ​ဆွေး​နွေး​မယ်ဆိုတာကို ​ပြောသွား​တာရှိတယ်။ ကျ​နော်တို့​လိုချင်တာက လွှတ်​တော်က​နေ နိုင်ငံ​ရေး​ဆွေး​နွေး​မှုကို လိုချင်တာမဟုတ်ဘူး​။ ကျ​နော်တို့​လိုချင်တာက တိုင်း​ရင်း​သား​အင်အား​စု အား​လုံး​ရဲ့​ နိုင်ငံ​ရေး​ရပိုင်ခွင့်​၊​ တိုင်း​ရင်း​သား​ အခွင့်​အ​ရေး​တွေ၊​ ရပိုင်ခွင့်​တွေကို ပြည်​ထောင်စု မြန်မာနိုင်ငံ စတင်​ပေါ်​ပေါက်လာတဲ့​ ၁၉၄၇ ခုနှစ်ပင်လုံ ညီလာခံမှာ သ​ဘောထား​ရယူထား​တဲ့​ ပင်လုံစာချုပ်နဲ့​ ပင်လုံကတိကဝတ်​ပေါ်မှာ အ​ခြေခံပြီး​တော့​ ယ​နေ့​ခေတ်ကာလနဲ့​ ကိုက်ညီ​အောင် နိုင်ငံ​ရေး​ ​ဆွေး​နွေး​ပွဲကို လိုချင်တာပါ။ ဒီအချက်​တွေကို အမြဲတမ်း​တောင်း​ဆို​နေတာပါ။ ဒီအချက်​တွေ​ပေါ်မှာ သူတို့​တွေက လုပ်မယ်လို့​ လက်ခံတယ်ဆိုရင်​တော့​ ​စေ့​စပ်ညှိနှိုင်း​ရေး​ လုပ်ငန်း​စဉ်က ​ရှေ့​ကို တိုး​လို့​ရပါတယ်။ အခုသူတို့​ပြော​နေတဲ့​ ဩဂုတ် ၂၂ ရက်​နေ့​ ကျင်း​ပမယ့်​ လွှတ်​တော်အစည်း​အ​ဝေး​မှာ ​ကေအိုင်အိုနဲ့​ ပတ်သက်ပြီး​တော့​ လွှတ်​တော်ကိုယ်စား​လှယ်​တွေက​နေ တင်ပြ​ဆွေး​နွေး​မှု ရှိတယ်ဆိုတာကို​တော့​ ထူး​ခြား​မှု​တော့​ ဘာမှမရှိပါဘူး​။ သူတို့​ဘာသာ သူတို့​ တင်ပြတာဖြစ်ပါလိမ့်​မယ်။” တိုင်း​ရင်း​သား​ လက်နက်ကိုင်အဖွဲ့​တွေနဲ့​ အစိုး​ရကြား​မှာ ငြိမ်း​ချမ်း​ရေး​ကိစ္စ ​ဆွေး​နွေး​ရေး​ အဖွဲ့​တခုကို ဖွဲ့​စည်း​သွား​မယ်လို့​လည်း​ ပါတယ်မဟုတ်လား​။ “ဟုတ်ပါတယ်။ အဲဒါလည်း​ သူတို့​ပြောတဲ့​အထဲမှာ ပါသွား​တယ်။ အဲဒီမှာ​တော့​ ဦး​သိန်း​ဇော်က​နေ ​ခေါင်း​ဆောင်ပိုင်း​မှာ ​နေရာယူပြီး​တော့​ အဲဒီ ​ကော်မရှင်ဖြစ်ဖြစ်၊​ ​ကော်မတီဖြစ်ဖြစ်​ပေါ့​။ တခုဖွဲ့​စည်း​ပြီး​တော့​ နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲကို လုပ်​ဆောင်​ပေး​မယ်လို့​ ​ပြောတယ်။ ဒါ​ပေမယ့်​ ကျ​နော်သိချင်တာက ဒီနိုင်ငံ​ရေး​ ​ဆွေး​နွေး​ပွဲဆိုတာ ဘယ်လိုပုံစံနဲ့​ နိုင်ငံ​ရေး​ ​ဆွေး​နွေး​ပွဲလည်း​ဆိုတာကို ကျ​နော်တို့​ သိချင်ပါတယ်။ အပစ်အခတ် ရပ်စဲ​ရေး​ လုပ်ပြီး​တဲ့​နောက်ပိုင်း​မှာ ​ရှေ့​လုပ်ရမယ့်​ နိုင်ငံ​ရေး​ ​ဆွေး​နွေး​ပွဲ လမ်း​စဉ်ကို ရှင်း​ရှင်း​လင်း​လင်း​ ကျ​နော်တို့​ကို အသိ​ပေး​စေချင်တယ်။ ကျ​နော်တို့​ ​တောင်း​ဆိုထား​တာ အဲဒီအချက်​တွေ ပါတယ်။” ၂၂ ရက်​နေ့​ လွှတ်​တော်မှာ ​ကေအိုင်အိုက တက်ခွင့်​ရတာ မဟုတ်​တော့​ ​ကေအိုင်အိုကိစ္စကို ​ဆွေး​နွေး​ကြမယ်ဆို​တော့​ မျက်ကွယ်မှာ ​ဆွေး​နွေး​တော့​ ​ကေအိုင်အိုက ဘယ်လိုသ​ဘောထား​လဲ။ “ကျ​နော်တို့​ဘက်က ဘာမှသ​ဘောထား​ မရှိပါဘူး​။ အခု ဒီလွှတ်​တော်ကိုယ်စား​လှယ်ဆိုတာလည်း​ ကျ​နော်တို့​ရဲ့​ ​ကေအိုင်အို အဖွဲ့​အစည်း​ကို ကိုယ်စား​ပြုတာလည်း​ မဟုတ်ပါဘူး​။ သူတို့​ဟာသူတို့​ ​ဆွေး​နွေး​ကြပါလိမ့်​မယ်။ ဒါ​ပေမယ့်​ သူတို့​ရဲ့​ ဆုံး​ဖြတ်ချက်ကလည်း​ ကျ​နော်တို့​နဲ့​ ဘယ်​လောက်မှ အကျိုး​သက်​ရောက်တာမျိုး​ ရှိမယ်လို့​တော့​ ကျ​နော်တို့​ မထင်ဘူး​။” အခု ကျ​နော်တို့​ သတိထား​မိတာ ​ကေအိုင်အိုနဲ့​ ဆိုရင် ကိုယ်စား​လှယ်ငယ်​တွေ လွှတ်တာ​တော့​ အကြိမ်​ပေါင်း​မနည်း​တော့​ဘူး​။ စာ​တွေ​ရေး​ကြတယ်။ ​နောက်​တော့​ ကိုယ်စား​လှယ်ကြီး​ဆို​တော့​ ဗိုလ်မှူး​ကြီး​သန်း​အောင် အဆင့်​ဆိုရင် နှစ်​ခေါက် ​တွေ့​တယ်။ အဲ​တော့​ ဒီဘက်မှာလည်း​ ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီမှာ ဘုန်း​ကြီး​နှစ်ပါး​ကို တပ်ရင်း​မှူး​က​နေပြီး​ ငြိမ်း​ချမ်း​ရေး​ လိုချင်တယ်ဆိုပြီး​ ကမ်း​လှမ်း​တယ်။ သတင်း​ကြေညာချက် ထုတ်တယ်။ အခု ဒီရက်ပိုင်း​အတွင်း​မှာ မွန်ပြည်သစ်ပါတီကို ဘုန်း​ကြီး​ နှစ်ပါး​ လွှတ်ပြီး​တော့​ ငြိမ်း​ချမ်း​ရေး​ လုပ်ရ​အောင်ဆိုပြီး​ ​ပြောတယ်။ အစိုး​ရရဲ့​ ဒီ​ခြေလှမ်း​တွေက ဘာကို ညွှန်ပြ​နေလဲ။ ဦး​လနန်း​တို့​ ဘယ်လိုသုံး​သပ်လဲ။ “ဘယ်လိုသုံး​သပ်ရမှာလည်း​တောင် မသိဘူး​။ ကျ​နော်တို့​ထင်တာ အဲဒီလို မဟုတ်ဘူး​။ သူတို့​လိုချင်တာက ဘယ်အဖွဲ့​အစည်း​ကိုမှ ငြိမ်း​ချမ်း​ရေး​ အတွက် လူလွှတ်ပြီး​တော့​ လုပ်စရာမလိုပါဘူး​။ သူတို့​ နိုင်ငံ​တော် အစိုး​ရဆိုတဲ့​ အဖွဲ့​အစည်း​က​နေ တပြည်လုံး​အတိုင်း​အတာနဲ့​ အပစ်အခတ်ရပ်စဲ​ရေး​ကို ​ကြေညာချက်​ပေး​ရမယ်။ ​နောက်ပြီး​တော့​ နိုင်ငံ​ရေး​လမ်း​ကြောင်း​နဲ့​ ​ဖြေရှင်း​ပေး​ရမယ်။ တံခါး​ဖွင့်​ပြီး​တော့​ ​တွေ့​ဆုံ​ဆွေး​နွေး​ရေး​ ​ကြေညာလိုက်တာနဲ့​ အခုတိုက်​နေခိုက်​နေတာက ရပ်သွား​မယ်။ အပစ်အခတ်ရပ်စဲ​ရေး​ လက်မှတ်ထိုး​စရာလည်း​ မလိုပါဘူး​။ အဲလိုမျိုး​ စိတ်ထား​ဖြူဖြူစင်စင်နဲ့​ပဲ တနိုင်ငံလုံး​ အတိုင်း​အတာ အပစ်အခတ်ရပ်စဲ​ကြောင်း​ ​ကြေညာ​ပေး​မယ်။ ​နောက်ပြီး​ နိုင်ငံ​ရေး​ ​တွေ့​ဆုံလမ်း​ကြောင်း​ကို သူတို့​ ​ဖော်​ဆောင်​ပေး​မယ်ဆိုရင်​တော့​ အဲဒီလမ်း​ကြောင်း​အတိုင်း​ပါပဲ တိုင်း​ရင်း​သား​တွေရဲ့​ အခွင့်​အ​ရေး​ကို အား​လုံး​ကိုယ်စား​ပြုနိုင်တဲ့​ UNFC က နိုင်ငံ​ရေး​ ​ဆွေး​နွေး​ပွဲ​တွေကို ​ဖော်​ဆောင်သွား​မှာပါ။ တဖွဲ့​ချင်း​ကို ဖဲ့​ပြီး​တော့​ အပစ်အခတ်ရပ်စဲ​ရေး​ ပုံစံ သ​ဘောတူစာချုပ်​တွေကို သူတို့​ပုံစံမတူဘဲနဲ့​ ကွဲပြား​ပြီး​လုပ်တဲ့​ဟာမျိုး​ကို ကျ​နော်တို့​ မဖြစ်​စေချင်ဘူး​။” အခုဆိုရင် ကျ​နော်တို့​ သိထား​သ​လောက်ဆိုရင် ​ကေအိုင်အိုဆိုရင် ဗိုလ်မှူး​ကြီး​ အဆင့်​ပြောတယ်။ ရှမ်း​ပြည်တိုး​တက်​ရေး​ ပါတီဆိုရင် တပ်ရင်း​မှူး​ နာမည်​တောင် မ​ပြောလိုက်ဘူး။ အခု မွန်ပြည်သစ်ပါတီကိုကျ​တော့​ မွန်ပြည်နယ် ဝန်ကြီး​ချုပ်က​နေ ကမ်း​လှမ်း​တယ်လို့​ သိရတယ်။ အခု​နောက်ဆုံး​ ​ကေအိုင်အိုနဲ့​ အစိုး​ရကြား​မှာ ​ပေါ်ထွန်း​နေမှု​တွေက စစ်​ရေး​အပါအဝင် ​ဆွေး​နွေး​ပွဲ​တွေက ဘာထူး​ခြား​သေး​လဲ။ ​နောက်ဆုံး​အ​ခြေအ​နေ​လေး​ ​ပြောပြပါဦး​။ “တခြား​ထူး​ခြား​တာ​တော့​ မရှိပါဘူး​။ ခုန​ပြောတဲ့​ SSA တို့​ မွန်တို့​ကို သွား​လုပ်တာ​တော့​ ကျ​နော့်​အထင်​တော့​ သူတို့​အခုတ​လောမှ ဒုသမ္မတ ဦး​တင်​အောင်မြင့်​ဦး​ သူက​နေ ဒီ​မော်လမြိုင်ဘက်မှာ ​ရေ​ဘေး​ဒုက္ခသည်​တွေကို သွား​တွေ့​ဆုံတုန်း​က နိုင်ငံ​ရေး​အတွက် အမြဲတမ်း​လုပ်​နေပါတယ်ဆိုတာကို ပြချင်လို့​ ဖြစ်ပါလိမ့်​မယ်။ သိပ်သ​ဘောထား​ ရိုး​ရိုး​နဲ့​လုပ်မယ်​တော့​ မထင်ဘူး​။ သူတို့​လုပ်​နေပါတယ်ဆိုတာကို ​ပြောတာဖြစ်လိမ့်​မယ်။ ဒါ​ပေမယ့်​ သူတို့​လုပ်တယ်ဆိုတဲ့​ ​နေရာမှာ နိုင်ငံ​ရေး​ ​ဆွေး​နွေး​မှုဆိုတဲ့​လမ်း​ကြောင်း​က ကျ​နော်တို့​ တိုင်း​ရင်း​သား​တွေ အား​လုံး​လိုလား​ ​တောင့်​တ​နေကြတဲ့​ အချက်ပါပဲ။ ဒါ​ပေမယ့်​ အဲဒီ နိုင်ငံ​ရေး​ဆွေး​နွေး​မှု ဆိုတာ​တော့​ ၂၀၀၈ ဖွဲ့​စည်း​ပုံအ​ခြေခံ ဥပ​ဒေ​ဘောင်အတွင်း​က နိုင်ငံ​ရေး​ စီး​ဆင်း​မှု ဆိုတဲ့​ဟာက​တော့​ ကျ​နော်တို့​ တိုင်း​ရင်း​သား​အဖွဲ့​တွေက​တော့​ မလိုလား​ကြဘူး​။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024