Tuesday, May 30, 2023
HomeLead Storyအားကစားဝန်ကြီးဌာန မရှိတော့သည့်အပေါ် မေးမြန်းချက်

အားကစားဝန်ကြီးဌာန မရှိတော့သည့်အပေါ် မေးမြန်းချက်

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာဖွဲ့စည်းခဲ့တဲ့  ပြည်ထောင်စု ၀န်ကြီးဌာန ၃၆ ထဲက တချို့ကို အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်လက်ထက်မှာ  ပယ်ဖျက် ပေါင်းစည်းပြီး ၀န်ကြီးဌာန ၂၁ ခုနဲ့ ဖွဲ့စည်းဖို့ ပြင်ဆင်နေပါတယ်။  ဖျက်သိမ်းလိုက်တဲ့ ၀န်ကြီးဌာနတွေထဲမှာ အားကစားဝန်ကြီးဌာနလည်း တခုအပါအ၀င်ဖြစ်ပါတယ်။

အားကစားဝန်ကြီးဌာန ခုလိုဖျက်သိမ်းလိုက်တဲ့အတွက် ၀န်ကြီးဌာနတွင်းက ၀န်ထမ်းတွေနဲ့  မြန်မာအားကစားလာကပေါ် ဘာတွေသက်ရောက်မှုရှိလာနိုင်ပါသလဲ  အား ကစားဝန်ကြီးဌာန  လူထုပညာဌာနက – ညွန်ကြားရေးမှူး- ဦးဌေးအောင်ကို  ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကြေညာသွားတဲ့ အစိုးရသစ်လက်ထက်ဖွဲ့စည်းမယ့်  ပြည်ထောင်စုဝန်ကြီးဌာန ၂၁ ခု စာရင်းမှာ အားကစား ၀န်ကြီးဌာနပါမလာတော့ဘူးဆိုတော့ ဌာနထဲမှာ ဘယ်လို အပြောင်းအလဲအတွေဖြစ်လာမယ်ထင်ပါသလဲ။

“ကျနော်တို့ အကြမ်းဖျင်းသိတာတော့  အရင်တုန်းကကတည်းက  အားကစားဝန်ကြီးဌာနကို ကျန်းမာရေးဝန်ကြီးဌာနအောက်မှာ  ဦးစီးဌာနအနေနဲ့ ရှိခဲ့တာ အခုက ၀န်ကြီးဌာနတွေက အကုန်လျော့တဲ့အခါကျတော့ ကျနော်တို့က ကျန်းမာရေးဝန်ကြီးဌာန အောက်ကို ပြန်ရောက်မယ်လို့ သိရတယ်။ တရားဝင်တော့ မပြောသေးပါဘူး။ ၀န်ထမ်းတွေတော့ မဖြုတ်ဘူး။ ၀န်ကြီးဌာနမရှိတော့တဲ့အတွက် ဦးစီးဌာနပဲကျန်တော့မယ်။ ဦးစီးဌာနကတော့ ကျန်းမာရေးဌာနအောက်ကို ပြန်ရောက်မှာပေါ့နော်။ ဒါပေမယ့် ၀န်ကြီးရုံးက အဖွဲ့တွေကတော့ အခြားဌာနတွေ ဥပမာ တိုးချဲ့ဖွဲ့စည်းတဲ့ တိုင်းရင်းသားရေးရာဌာန အောက်ကို အကုန်ရွှေ့မယ်ထင်တယ်။”

အန်အယ်လ်ဒီကတော့ ၀န်ထမ်းတွေကို အလုပ်မဖြုတ်ဘူးလို့ ကတိပေးထားတာရှိတယ်။ ခုလို ၀န်ကြီးဌာနမရှိတော့အတွက် လက်ရှိ  အားကစား ၀န်ကြီးဌာနက ၀န်ထမ်းတွေ အကြားမှာရော ဒါနဲ့ပတ်သက်ပြီး ဘယ်လောက် ဂယက်ရိုက်ခတ်မှုတွေ ရှိနေပါသလဲ။

“မရှိပါဘူး။ နဂိုကတည်းက ကြေညာထားပြီးသားပဲလေ။ အစိုးရအဖွဲ့ပြောင်းတိုင်းပြောင်းတိုင်း အရင်တုန်းကလည်းပဲ ကုန်သွယ်ရေးဖြုတ်လိုက်လို့ ကုန်သွယ်ရေးဝန်ထမ်းတွေ ဟိုဌာနရောက်၊ ဒီဌာနရောက်နဲ့ အစိုးရအဖွဲ့တဖွဲ့ ပြောင်းပြီဆိုရင် ဒါမျိုးကဖြစ်တတ်တဲ့ သဘောသဘာဝ ရှိတာပဲလေ။ အတွေ့အကြုံရှိနေပါပြီ ၀န်ထမ်းတွေက သိပ်တော့ မတုန်လှုပ်ပါဘူး။ တက်လာမယ့် အစိုးရကလည်း အာမခံထားတယ်။ ၀န်ထမ်းတွေကို မဖြုတ်ပစ်ပါဘူး။ အာမခံပါတယ်လို့ တရားဝင်ကြေညာထားတာပဲလေ။”

တကယ်လို့ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ကို ရောက်သွားမယ်ဆိုရင် လက်ရှိဝန်ထမ်းတွေနဲ့ အံဝင်ခွင်ကျမှုရှိနိုင်မလား ၀န်ထမ်းတွေအတွက် စိန်ခေါ်မှု အခက်အခဲ ဘာတွေရှိနိုင်မလဲ။

“မရှိနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျန်းမာရေးအောက်မှာ  အားကစားဦးစီးဌာန ဆိုတာ သီးခြားတခုရှိနေမှာလေ၊ အားကစားနဲ့ ကာယပညာဦးစီးဌာနက အားကစားတိုးတက်ရေးလုပ်ငန်းတွေ ယခုလုပ်ငန်းတွေပဲ ပြန်လုပ်ရမှာပေါ့။”

ခုလိုအားကစားဝန်ကြီးဌာနဆိုပြီး သတ်သတ်မှတ်မှတ် မရှိတော့တဲ့အတွက် မြန်မာ့ အားကစားလောကအတွက် ထိခိုက်နိုင်ပါသလား။ မြန်မာနိုင်ငံရဲ့ အားကစားအဆင့်အတန်းပို ကျသွားမယ်ထင်ပါသလား။

“အဲဒါကတော့ လက်ရှိတာဝန်ထမ်းဆောင်မယ့်သူ အားကစားဝန်ကြီးဌာနတော့ မရှိတော့ဘူး၊ ကျန်းမာရေးဝန်ကြီးဌာနအောက်ကို ရောက်မယ်ဆိုရင် ကျန်းမာရေးဌာနမှာ တာဝန်ထမ်းဆောင်မယ့် သူရဲ့ အပေါ်မှာပဲ မူတည်မယ်လို့ ထင်ပါတယ်။  သမိုင်းကြောင်းပြန်ကြည့်မယ်ဆိုရင် ဟိုးအရင်တုန်းက ၁၉၅၀ နဲ့ ၁၉၇၀ ၀န်းကျင်မှာ အားကစားဝန်ကြီးဌာန မရှိဘူး။ အားကစားနဲ့ ကာယပညာဦးစီးဌာနဆိုတာပဲရှိတယ်။ အဲဒီတုန်းက မြန်မာ့အားကစားက အရှေ့တောင်အာရှအဆင့်ကို ကျော်လွန်ပြီး အာရှအဆင့် ထိတောင် တက်လှမ်းနိုင်ခဲ့တဲ့ အနေအထားတွေရှိတာပဲ။ သို့သော်လည်း အဲဒီအချိန်တုန်းက အားကစားဝန်ကြီးဌာန မရှိပေမယ့် ကိုင်တွယ်တဲ့လူတွေက အားကစားအပေါ်  စိတ်ဝင်စားမှု အားကစားရဲ့လိုလားချက်ကို သိမှုအပေါ်မှာ မူတည်ပြီးတော့ အားကစားရဲ့တိုးတက်မှုက မူတည်တာပဲလေ။ ၁၉၆၁ နဲ့ ၁၉၆၉  အဲဒီတုန်းက ဆီးဂိမ်း ကျွန်းဆွယ် အားကစားပြိုင်ပွဲပေါ့၊ အဲဒီမှာ ၂ ကြိမ်လုံး ပထမရခဲ့တာပဲလေ။ အဲဒီတုန်းက အားကစားဝန်ကြီးဌာနဆိုတာ ရှိမှမရှိဘဲ”

ဒါဆို အားကစားဝန်ကြီးဌာန ရှိလာကာမှ မြန်မာပြည်ရဲ့ အားကစားအဆင့် ကျသွားတဲ့သဘောလား။

“မရှိခင်တုန်းကတော့ အဲဒီအချိန်တုန်းကတော့ ပြည်သူတရပ်လုံးကရော အားကစားဌာန မှာ တာဝန်ယူနေတဲ့သူတွေနဲ့က အစွမ်းကုန်ကြိုးစားခဲ့တယ် သို့သော် နောက်ပိုင်းမှာ နိုင်ငံတကာက အားကစားမှာ အားပေးအားမြှောက်ပြုတဲ့အပိုင်းမှာ ကိုယ့်နိုင်ငံထက် ပိုသာလာတဲ့ အနေအထားများဖြစ်တာပေါ့။”

ဦးဌေးအောင်အနေနဲ့ရော အားကစားဝန်ကြီးဌာနမှာ ၁၀ နှစ် ကျော်လောက်လုပ်ခဲ့ပြီမှ ခုလို ၀န်ကြီးဌာနမရှိတော့တဲ့ အပေါ်မှာ ဘာပြောချင်ပါသလဲ။

“၀န်ကြီးဌာနကြီးမရှိတော့တဲ့အတွက်ကြောင့် ၀န်ကြီးဌာနဆိုတာကတော့  အမိအဖပဲလေ။ အမိအဖရှိတဲ့အခါကတော့ အားကစားဝန်ကြီးဌာနရှိတဲ့အခါကျတော့ အားကစားလုပ်ငန်းတွေ လုပ်ရကိုင်ရတာ  ဂုဏ်ရှိတာပေါ့။ သို့သော်လည်းပဲ မရှိတော့တဲ့အတွက်ကြောင့် ဦးစီးဌာန အနေနဲ့ ညွှန်ကြားရေးမှူးရဲ့ ဦးဆောင်မှုအောက်မှာ ဒီအားကစားလုပ်ငန်းတွေလုပ်ရတာပဲ။ လုပ်တဲ့ လုပ်ငန်းကတော့ အတူတူပါပဲ။ ဦးစီးဌာနဆိုတော့ ဦးစီးဌာနဆိုတော့ ညွှန်ကြားရေးမှူး ချုပ်အောက်မှာ ညွှန်ကြားရေးမှူး ခိုင်းတဲ့အလုပ်တွေကို ကျနော်တို့က ကျေပွန်စွာ ထမ်းဆောင်ရ မှာပါပဲ။ သို့သော်လည်း နိုင်ငံတကာနဲ့ ဆက်သွယ် ပြောဆိုဆက်ဆံတဲ့အခါမှာတော့ ကျနော်တို့က နည်းနည်းလေးတော့ နိုင်ငံတကာမှာ အားကစားဝန်ကြီးဌာန အားကစားလုပ်ငန်းတွေကို မြှင့်တင်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက အားကစားဝန်ကြီးဌာန သီးခြားမထားတော့တဲ့အတွက်ကြောင့် နိုင်ငံအနေနဲ့ပေါ့ ဂုဏ်ငယ်စရာဖြစ်သွားတယ်လို့တော့ ယူဆတယ်။ ၀န်ထမ်းတွေကတော့ ဒီဝန်ထမ်းတွေပါပဲ၊ သို့သော်လည်းပဲ ၀န်ကြီးအဆင့် ဦးစီးပြီးလုပ်တဲ့ အတိုင်းအတာနဲ့ ညွှန်ကြားရေးမှူးချုပ်အဆင့် အတိုင်းအတာနဲ့ ကွာသွားမယ်။ အောက်က ၀န်ထမ်းတွေကတော့ ခိုင်းတာအကုန်လုပ်ရမှာ။”

မြန်မာပြည်ရဲ့ အားကစားလောက ဖွံ့ဖြိုးတိုးတက်ဖို့ မကြာခင်တက်လာတော့မယ့် အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် အစိုးရသစ်ကို ဘာတွေလုပ်ဆောင်ဖို့ တိုက်တွန်းချင်ပါသလဲ။

“တကယ့် အားကစားဌာန တာဝန်ထမ်းဆောင်မယ့် ပုဂ္ဂိုလ်သည် အားကစားရဲ့ သဘောသဘာဝကို သိအောင်ကြိုးစားပြီးတော့ အားကစားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို စိတ်ဝင်တစားလုပ်မယ့်သူ ဖြစ်ဖို့တော့လိုပါတယ်။ အားကစားဆိုတာက လွယ်လွယ်လေးတွေးပြီး လွယ်လွယ်လေးလုပ်လို့ရတဲ့ အရာမဟုတ်ဘူး။ လူကို လုပ်ရတဲ့ အရာဖြစ်တယ်။ လွယ်လွယ်လေးနဲ့ အဆောက်အဦဆောက်သလို ငါးနှစ်အတွင်း ဒီအဆောက်အဦ ပြီးရမယ်လို့ လုပ်လို့မရဘူး။ အားကစားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆိုတာ ဓနငွေကြေးတို့၊ နည်းပညာတို့၊ လူသားအရင်းအမြစ်ကို မူတည်ပြီးတော့မှ အချိန်ကာလ အတိုင်းအတာ တခုအထိ ရင်းနှီးမြှုပ်နှံ ရတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် အားကစားမှာ သတ်မှတ်ထားတဲ့ နိုင်ငံတကာမှာလည်း အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာတွေလုပ်ရမယ်ဆိုတဲ့ အချက်အလက်တွေက ရှိပြီးသားပါ။ အဲဒီအချက်အလက်တွေကို အားကစားဌာနတိုးတက်အောင် ဦးစီးဌာနက တာဝန်ရှိတဲ့သူတွေနဲ့ ညှိညှိနှိုင်းနှိုင်း တိုင်ပင်ပြီးတော့ ဒီလုပ်ငန်းစဉ်တွေကို စဉ်ဆက်မပြတ် အားပေးအားမြှောက်ပြီးတော့ တွန်းအားပေးဆောင်ရွက်သွားမယ်ဆိုရင် အားကစားအဆင့်အတန်းက ကျစရာမရှိပါဘူး။”

“တာဝန်ယူမယ့် သူက အားကစားကဏ္ဍကို စိတ်ဝင်တစားနဲ့အရှိန်အဟုန်မပျက် ဆက်လက်လုပ်ဆောင်သွားဖို့ ပဲလိုတယ်။ သို့သော်လည်းပဲ အားကစားကဏ္ဍကို စိတ်မ၀င်စားဘူး၊ ဘတ်ဂျက်တွေ လျော့ချမယ်၊ ပြိုင်ပွဲတွေ လုပ်ခွင့်မပေးဘူး၊ နိုင်ငံတာပြိုင်ပွဲတွေကို အရင်လောက် ယှဉ်ပြိုင်ခွင့်မပေးဘူး၊ သင်တန်းတွေ မလွှတ်ဘူး၊ အားကစားကွင်းရုံတွေ မျှော်မှန်းထားသလောက် မပြုပြင်ပေးဘူး၊ မျှော်မှန်းသလောက် မတိုးချဲ့ဘူးဆိုရင် အားကစားက တဖြည်းဖြည်းနဲ့ နောက်ဆုံးပိတ်ရောက်သွားမှာပေါ့။ တကယ်လို့ ဒါတွေကို အရင်အတိုင်း စဉ်ဆက်မပြတ်အားပေးပြီးတော့ စိတ်ဝင်တစားနဲ့ လုပ်ဆောင်ပေးသွားမယ်ဆိုရင် အားကစားက ဒီထက်တိုးတက်လာဖို့ပဲ ရှိပါတယ်။”

RELATED ARTICLES
- Advertisment -
Google search engine

Most Popular