ဂျိုလီနှင့် ဂရိဝန်ကြီးချုပ် ရွှေ့ပြောင်းနေထိုင်သူများအရေး ဆွေးနွေး

အမေရိကန် ရုပ်ရှင်သရုပ်ဆောင်နဲ့ ကုလသမဂ္ဂ အထူးသံတမန် အိန်ဂျလီနာ ဂျိုလီဟာ ဂရိဝန်ကြီးချုပ် အလက်ဇစ် စီပရက်စ်နဲ့ မတ် ၁၆ ရက်နေ့က တွေ့ဆုံပြီး ရွှေ့ပြောင်းနေထိုင်မှု အကျပ်အတည်းအကြောင်း ဆွေးနွေးပါတယ်။ ဒါဟာ ဂျိုလီအတွက် ဂရိနိုင်ငံအတွင်း ပိတ်မိနေတဲ့ ထောင်သောင်းချီ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ လာကြည့်ဖို့ အလည်အပတ် ခရီးစဉ်လည်း ဖြစ်ပါတယ်။ အင်မတန် အရေးကြီးတဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းကို ထင်သာစေဖို့ အားထုတ်မှုအတွက် ဂျိုလီကို ကျေးဇူးတင်ကြောင်း ဂရိဝန်ကြီးချုပ်က ပြောပါတယ်။ ဘော်လ်ကန်နိုင်ငံတွေက ဘော်လ်ကန်လမ်းကြောင်းကို တဘက်သတ် ပိတ်ပစ်ခဲ့လို့ ဂရိနိုင်ငံ မြောက်ပိုင်းနယ်စပ်မှာ လူတွေပိတ်မိနေပြီး အင်မတန် ခက်ခဲတဲ့ အခြေအနေ ဖြစ်နေတယ်လို့ သူက ဂျိုလီကို ပြောပါတယ်။ မနက်အစောပိုင်းက ဂျိုလီဟာ မြို့တော် အေသင်ရဲ့ အပြင်က ဒုက္ခသည် လက်ခံရေးစခန်းကို သွားရောက်လည်ပတ်ပါတယ်။ အဲဒီစခန်းမှာ ရွှေ့ပြောင်းနေထိုင်သူ အယောက် ၇၀၀ လောက် နေထိုင်ပါတယ်။ ဂရိရဲ့ အဓိက စီးပွားရေးဆိပ်ကမ်းမှာလည်း ရွှေ့ပြောင်းနေထိုင်သူ အယောက် ၄၀၀၀ လောက် ရွက်ဖျင်တဲတွေနဲ့ စခန်းချနေရပါတယ်။ အစိုးရရဲ့ နောက်ဆုံးရ ကိန်းဂဏန်းတွေအရ ဂရိနိုင်ငံထဲမှာ ရွှေ့ပြောင်းနေထိုင်သူ အယောက် ၄၃၀၀၀ ရောက်နေပါပြီ။ သူတို့ဟာ အရှေ့အလယ်ပိုင်းနဲ့ အာရှက စစ်ပွဲတွေကနေ ထွက်ပြေးလာသူတွေပါ။ ရွှေ့ပြောင်းနေထိုင်သူ အများစုက ဆီးရီးယားက လာတာဖြစ်ပြီး အီရတ်နဲ့ အာဖဂန်နစ္စတန်ကနေ လာသူတွေလည်း ပါပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိတ်ခ်ျစီအာ) က ဂျိုလီဟာ ကော်မရှင်နာမင်းကြီး ဖိလစ်ပို ဂရန်ဒီကိုယ်စား ဂရိကို သွားရောက်လည်ပတ်တာဖြစ်ပြီး ဒုက္ခသည်တွေကို ထောက်ပံ့ရေး၊ လုံလောက်တဲ့ လက်ခံရေးနဲ့ ကာကွယ်ရေး အခြေအနေတွေ ရရှိရေးကို အာရုံစိုက်သွားမယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။ ယူအန်အိတ်ခ်ျစီအာက ဂရိနိုင်ငံအတွင်း အစိုးရနဲ့ လူ့အဖွဲ့အစည်းတွေကို နောက်ထပ် ပံ့ပိုးနိုင်ဖို့ စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေကို သိရှိရေး၊ ဥရောပသမဂ္ဂရဲ့ ပြန်လည်နေရာချထားရေး အစီအစဉ်နဲ့ ရွှေ့ပြောင်းနေထိုင်သူတွေက ဒုက္ခသည်နဲ့ ခိုလှုံခွင့် တောင်းခံသူတွေ ဖြစ်လာရေး တရားဝင်လမ်းကြောင်းတွေကို ရှာသွားမယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

More News
Up