မိကျောင်းကို ဆက်လက်ထားရှိနိုင်ရေး တိုက်ပွဲဝင်သည့် အမျိုးသမီး (ဓာတ်ပုံ)

အမေရိကန်နိုင်ငံသူ အမျိုးသမီးတဦးဟာ မိကျောင်းတကောင်ကို အလှအိမ်မွေး တိရစ္ဆာန်အဖြစ် မွေးမြူထားခဲ့ပြီးနောက် ခုချိန်မှာတော့ မိကျောင်းဟာ ပိုရှည်လာတာမို့ အိမ်မှာ ဆက်ပြီး မထားသင့်ဘူးဆိုတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မေရီသွန်အမည်ရ အဲဒီအမျိုးသမီးဟာ ဖလော်ရီဒါပြည်နယ်၊ လိတ်ခ်လဲန်းမြို့မှာ နေထိုင်တာဖြစ်ပြီး မိကျောင်းကို တရားဝင် မွေးမြူထားခဲ့တာ ၁၁ နှစ်ကြာခဲ့ပြီ ဖြစ်ပါတယ်။ ရမ်ဘိုလို့အမည်ပေးထားတဲ့ သူ့ရဲ့မိကျောင်းဟာ ခုချိန်မှာတော့ အရှည် ၆ ပေနဲ့ ကိုယ်အလေးချိန် ၁၂၅ ပေါင်ရှိခဲ့ပြီလို့ ဆိုပါတယ်။ ဖလော်ရီဒါပြည်နယ် ငါးနဲ့ သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေးအဖွဲ့က ခုလောက်ကြီးလာတဲ့ မိကျောင်းတကောင်အနေနဲ့ မြေနေရာအကျယ် ၂ ဧကခွဲလောက် အသုံးပြုဖို့ လိုအပ်တယ်လို့ ပြောတဲ့အပေါ် သွန်က ငြင်းဆိုလိုက်တာပါ။ သွန်က ရမ်ဘိုကို အသက် ၄ နှစ်အရွယ်တည်းက မွေးမြူခဲ့တာဖြစ်ပြီး ခုချိန်မှာ အဲဒီလောက် မြေအကျယ်အ၀န်း ရှိရင်တောင် ရမ်ဘိုအနေနဲ့ ပြင်ပနေရောင်ခြည်ဒဏ်ကို မခံနိုင်တဲ့အတွက် အသုံးပြုမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ သွန်ဟာ ရမ်ဘိုကို အ၀တ်အစားဝတ်ဆင်ပေးပြီး ဆိုင်ကယ်အတူစီးတာတွေ၊ ကျောင်းနဲ့ လူမှုရေးဆိုင်ရာ အခမ်းအနားတွေကို ခေါ်သွားလေ့ရှိပြီး လူတွေကို တွားသွားသတ္တ၀ါတွေအကြောင်းကို သင်ကြားမျှဝေပေးလေ့ ရှိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ သွန်ဟာ ရမ်ဘိုကို အိမ်ထဲမှာပဲ စနစ်တကျ မွေးမြူထားခဲ့တဲ့အတွက် ပြန်လွှတ်ပေးလိုက်ရင် သူ့အနေနဲ့ အဆင်ပြေနိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဖလော်ရီဒါပြည်နယ် သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဂယ်ရီမိုးရ်ကတော့ လက်ရှိမှာ ဒီကိစ္စကို စုံစမ်းစစ်ဆေးဆဲဖြစ်တယ်လို့ ပြောပါတယ်။ ရမ်ဘိုဟာ နေရောင်ခြည်အောက်မှာ ပြဿနာဖြစ်နိုင်ပြီး သူ့အနေနဲ့ သံယောဇဉ် ရှိနေတဲ့အတွက် ဒါ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ သွန်က ပြောပါတယ်။ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလည်း ကျော်ကြားတဲ့ ရမ်ဘိုအတွက် သူ့ပရိသတ်တွေက အိမ်ပြင်ပကို လွှတ်ပေးတာမျိုး မဖြစ်သင့်ဘူးလို့ ပြောနေကြတာပါ။ သွန်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာတော့ သူ့ကို ဖလော်ရီဒါ နပန်းချန်ပီယံပွဲရဲ့ ဖျော်ဖြေသူအဖြစ် သတ်မှတ်ထားကြပြီး သူဟာ ပေါလ်ခ်စတိတ်ကောလိပ်ကနေ တိရစ္ဆာန်အပြုအမူဆိုင်ရာ သိပ္ပံဘာသာကို သင်ယူခဲ့တယ်လို့ ပြောနေကြပါတယ်။ ဓာတ်ပုံ - Mary Thorn / Facebook  

More News
Up