ဂျူဗင်တပ်ကို နိုင်ပြီး ဘိုင်ယန် ချန်ပီယံလိဂ် ကွာတားတက် (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်နဲ့ ဂျူဗင်တပ်တို့ မတ်လ ၁၆ ရက်ညက ယှဉ်ပြိုင်ရာ ဘိုင်ယန်မြူးနစ်က အချိန်ပို သွင်းဂိုး ၂ ဂိုးအပါအ၀င် ၄ ဂိုး ၂ ဂိုးနဲ့နိုင်ပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ ဒီပွဲမှာ အီတလီထိပ်သီးကလပ် ဂျူဗင်တပ်က ပွဲချိန် ၅ မိနစ်မှာ ပေါ့ဂ်ဘာနဲ့ ၂၈ မိနစ်မှာ ကွာဒရာဒိုတို့ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ပထမပိုင်းမှာ ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဘိုင်ယန်အတွက် ချေပဂိုးတွေကို ၇၃ မိနစ်မှာ လီဝန်ဒေါစကီးနဲ့ ဒုတိယပိုင်း ပြီးကာနီး နာကျင်အချိန်ပိုမှာ မူလာတို့က သွင်းယူပေးခဲ့လို့ ပုံမှန်ပွဲကစားချိန်အပြီး ၂ ဂိုးစီ သရေကျသွားခဲ့တာပါ။ ပထမအကျော့ ဂျူဗင်တပ်ကွင်းမှာ ကစားစဉ်ကလည်း ၂ ဂိုးစီသရေကျခဲ့လို့ အချိန်ပို ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။ ဒီပွဲမှာ ဘိုင်ယန်က ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့သလို ဂိုးကန်သွင်းခွင့်တွေမှာလည်း အသာရခဲ့တာပါ။ ဘိုင်ယန်အတွက် အနိုင်ဂိုးတွေကိုတော့ အချိန်ပို ဒုတိယပိုင်း ၃ မိနစ်မှာ အယ်လ်ကန်တာရာ၊ ၅ မိနစ်မှာ ကိုးမန်းတို့က အသီးသီး သွင်းယူပေးခဲ့လို့ နှစ်ကျော့ပေါင်းရလဒ် ၆ ဂိုး ၄ ဂိုးနဲ့ ဘိုင်ယန်မြူးနစ်အသင်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

More News
Up