ကချင်အာဇာနည်နေ့ ဂုဏ်ပြုပွဲကျင်းပ
DVB
·
August 10, 2011
ကချင်လွတ်မြောက်ရေးအတွက် အသက်စွန့်သွားခဲ့တဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ၃၆ နှစ်မြောက် ကချင်အာဇာနည်နေ့အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တနေရာမှာ ဒီကနေ့ ကျင်းပခဲ့ပြီး ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။
အခမ်းအနားကို ထိုင်းနိုင်ငံရောက် ကချင်စင်တာအဖွဲ့က ဦးစီးဆောင်ရွက်ခဲ့ပြီး ကချင်အဖွဲ့အစည်းနဲ့ ကချင်လူမျိုးတွေ တက်ရောက်ခဲ့ပါတယ်။
ကြေညာချက်နဲ့ပတ်သက်ပြီး ကချင်စင်တာအဖွဲ့ရဲ့ အတွင်းရေးမှူး ကိုဘောဝ်လာဒွဲက “ကျနော်တို့ ကချင်စင်တာအနေနဲ့ကတော့ အစိုးရနဲ့ ကေအိုင်အေကြားမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် ပြည်သူတွေ ဒုက္ခရောက်နေကြပါတယ်။ ဆိုတော့ ကျနော်တို့ ကချင်တမျိုးသားလုံး အနေနဲ့ တတ်နိုင်သလောက် စည်းလုံးညီညွတ်ပြီးတော့ ဒုက္ခရောက်နေတဲ့ ကျနော်တို့ပြည်သူတွေကို ကူညီပြီးတော့ တိုင်းပြည်အေးချမ်းဖို့အတွက် စစ်မှန်တဲ့ဒီမိုကရေစီ ရရှိဖို့အတွက် ဆက်လက်ပြီး တိုက်ပွဲဝင်သွားမယ်။ ကြိုးစားသွားမယ်ဆိုတဲ့ အရာပေါ့။ အဲဒါကို ကချင်စင်တာအနေနဲ့ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။
ကချင်အာဇာနည်နေ့ကို ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေကို စတင်ထူထောင်ခဲ့တဲ့ ဗိုလ်ချုပ် လထော် ဇွာဆိုင်း ကျဆုံးခဲ့တဲ့နေ့ကို အစွဲပြုပြီး သတ်မှတ်ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ဆယ်နှစ်ကြာရင် ခွဲထွက်နိုင်တဲ့ ပင်လုံစာချုပ်ပါအချက်ကို မြန်မာအစိုးရက ဖောက်ဖျက်ခဲ့တဲ့အတွက် တိုက်ပွဲဝင်ဖို့ ကချင်တော်လှန်ရေးကို ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့မှာ စတင်ခဲ့ပါတယ်။
မျိုးချစ်စိတ်ပြင်းပြသူ၊ ရဲရင့်သူ၊ လက်အောက်ငယ်သားကို ငဲ့ညှာတတ်သူ ခေါင်းဆောင်တဦးဖြစ်ခဲ့တဲ့ ဗိုလ်ချုပ် လထော် ဇော်ဆိုင်းအပါဝင် ကေအိုင်အေ တော်လှန်ရေးသမား ငါးဦးတို့ဟာ တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်ရင်း လွန်ခဲ့တဲ့ ၁၉၇၅ ခုနှစ် ဩဂုတ်လက ထိုင်း-မြန်မာနယ်စပ်တစ်နေရာမှာ မြန်မာအစိုးရသူလျှိုရဲ့ လုပ်ကြံသတ်ဖြတ်တာကို ခံခဲ့ရပါတယ်။
ကချင်အမျိုးသားရေးအတွက် သတ္တိရှိရှိ အသက်စွန့်သွားသူ၊ မျိုးချစ်စိတ်ရှိသူတွေကို မျိုးဆက်သစ်တွေ စံနမူနာယူဖို့၊ မမေ့မလျော့ ဂုဏ်ပြုဖို့ ကျင်းပခဲ့တယ်လို့လည်း ကိုဘောဝ်လာဒွဲက ပြောပါတယ်။