နျူကလီးယားထိပ်ဖူးတပ် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်စမ်းသပ်မည်ဟု မြောက်ကိုရီးယား ပြော

ဓာတ်ပုံ - ရိုက်တာ
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျွန်အန်းက သူ့နိုင်ငံဟာ မကြာခင်မှာ နျူကလီးယား ထိပ်ဖူးကို စမ်းသပ်မှာဖြစ်တယ်၊ နျူကလီးယားထိပ်ဖူး တပ်နိုင်စွမ်းရှိတဲ့ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်စမ်းသပ်မယ်လို့ ပြောတဲ့အကြောင်း မြောက်ကိုရီးယား မီဒီယာ ကေစီအန်အေက မတ်လ ၁၃ ရက်နေ့မှာ အစီရင်ခံပါတယ်။ မြောက်ကိုရီးယားရဲ့ ဇန်နဝါရီလ နျူကလီးယား စမ်းသပ်မှုအပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှု တင်းကျပ်တဲ့ ဆုံးဖြတ်ချက် အသစ်ကို ချမှတ်ခဲ့ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယား ပညာရှင်တွေက မြောက်ကိုရီးယားဟာ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်မှာ နျူကလီးယားထိပ်ဖူး တပ်ဆင်မှု မအောင်မြင်သေးဘူးလို့ ယူဆကြောင်း ပြောပါတယ်။ ဒီနည်းပညာကို မစမ်းသပ်ခဲ့ရသေးဘူးလို့လည်း ဆိုပါတယ်။ ကင်မ်ဂျွန်အန်းကတော့ မြောက်ကိုရီးယားဟာ နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်ကို တကယ်ကို ပုံစံအသေးစားနဲ့ စမ်းသပ် အောင်မြင်ခဲ့ပြီးပြီလို့ ပြောပါတယ်။ မြောက်ကိုရီးယားဟာ နျူကလီးယားစမ်းသပ်မှု လေးကြိမ်လုပ်ခဲ့ပြီး ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှု အောင်မြင်ခဲ့တယ်လို့ အခိုင်အမာ ပြောပါတယ်။ ဒါပေမယ့် ပညာရှင် အများစုကတော့ ပေါက်ကွဲအားက မဖြစ်နိုင်လောက်အောင် သေးလွန်းတယ်လို့ ပြောပါတယ်။ မြောက်ကိုရီးယားဟာ ဂြိုဟ်တုတွေကို သူ့ပတ်လမ်းအတွင်း အောင်အောင်မြင်မြင် လွှတ်တင် အလုပ်လုပ်နေပြီလို့လည်း ပြောပါတယ်။ ဒါပေမယ့် ဒီလွှတ်တင်မှုကိုလည်း သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေး အတည်ပြုနိုင်မှု မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up