အိုင်အက်စ် တိုက်ခိုက်ခံခဲ့ရသည့် အီရတ်ရွာသားများကို အီရန်ဆေးအဖွဲ့ ကုသပေး

ဓာတ်ပုံ - ရိုက်တာ
အီရန်ဆေးဘက်အဖွဲ့က အိုင်အက်စ် စစ်သွေးကြွတွေ တိုက်ခိုက်တာကို ခံရတဲ့ အီရတ်နိုင်ငံ တာဇာရွာမှာ ရွာသားတွေကို ဆေးကုပေးနေရပါတယ်။ ရွာသား အယောက် ၄၀ ကျော်ဟာ အိုင်အက်စ်တွေ ပစ်လိုက်တဲ့ ဒုံးကျည်နဲ့ မော်တာကျည်ဆံ ပေါက်ကွဲအပြီး အသက်ရှူကြပ်တာနဲ့ အရေပြား ယားယံတာတွေ ခံစားနေရတာပါ။ ဒုံးကျည်တွေထဲမှာ အဆိပ်သင့်ပစ္စည်းတွေ ဖြည့်ထားတယ်လို့ ယုံကြည်နေကြပါတယ်။ သေဆုံးသူ မရှိခဲ့ပေမယ့် လူ ၅ ဦး ဆေးရုံတင်ထားရဆဲလို့ တာဇာက ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။ တာဇာမြို့ဟာ ကာဒစ်ရှ်တွေ ထိန်းချုပ်ထားတဲ့ ဒေသထဲက ရေနံမြို့ ကာကတ်ရဲ့ တောင်ဘက် ၁၂ မိုင်အကွာက ရှီးယားမွတ်စလင်တွေ နေထိုင်တဲ့ ရွာပါ။ အီရန်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ကတော့ ဒဏ်ရာရသူတွေကို လိုအပ်သမျှ ကုသမှုပေးမယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ အနားက ဘတ်ရှားဒေသကနေ တာဇာရွာထဲကို မော်တာနဲ့ ဒုံးကျည် စုစုပေါင်း ၂၄ လုံး ပစ်ထည့်ခဲ့တာလို့ ဒေသတွင်းက ကာဒစ်ရှ် ပဲ့ရှ်မာဂါ တပ်မှူးက ပြောပါတယ်။ အမေရိကန်လေယာဉ်က အီရတ်နိုင်ငံအတွင်း မိုဆူးလ်မြို့နားက အိုင်အက်စ်တွေရဲ့ ဓာတုလက်နက်သိုလှောင်ရာ တပ်စခန်းတွေကို ပစ်ခတ်ခဲ့တယ်လို့ စီအန်အန် သတင်းဌာနက အစီရင်ခံပါတယ်။ အစီရင်ခံမှုအပြီး ခုလို တန်ပြန် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ အမေရိကန်စစ်တပ်က ဖမ်းမိထားတဲ့ အိုင်အက်စ်စစ်သွေးကြွ တယောက်ဆီက အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို ရခဲ့လို့ အမေရိကန်က တိုက်ခိုက်နိုင်ခဲ့တာလို့ စီအန်အန်က ကြေညာပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up