Home
မြန်မာသတင်း
ပြည်သူပိုင်သိမ်းဆည်းထားသည့်ကားများကို မွန်ပြည်နယ် ဦးစီးဌာနများထံ မဲနှိုက်ပေးမည်
DVB
·
March 15, 2016
မွန်ပြည်နယ်အတွင်း ဖမ်းဆီးရမိထားတဲ့ တရားမဝင်လိုင်စင်မဲ့ကားတွေနဲ့ တရားရုံးမှ ပြစ်မှုအရ စီရင်ချက်ချပြီး ပြည်သူပိုင်သိမ်းယူလိုက်တဲ့ ကားအပါအဝင် စုစုပေါင်း ၁၄၆ စီးကို ဦးစီးဌာန ၉၈ ဌာနအား မဲနှိုက်ပေးသွားမှာ ဖြစ်ပါတယ်။ မူလကတော့ မတ်လ ၁၅ ရက်နေ့မှာ မွန်ပြည်နယ်အတွင်းရှိဦးစီးဌာနမှ တာဝန်ရှိသူတွေကို ခေါ်ယူပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးအတွင်း မဲနှိုက်ပေးဖို့စီစဉ်ထားပေမယ့် မတ်လ ၁၇ ရက်နေ့ နောက်ပိုင်းမှသာ မဲနှိုက်ပေးသွားဖို့ ရှိနေပါတယ်။ “အရင်ကတော့ ဒီနေ့ မဲနှိုက်ပေးမလို့ဘဲ။ ဒါပေမယ့် ခုတော့ ကက်ဘိနက် အစည်းအဝေး တင်ပြီးမှဘဲ ဆက်လုပ်တော့မယ်”လို့ ဌာနတွေကိုထုတ်ပေးနိုင်ရန် စိစစ်ကြီးကြပ်ပေးမယ့် အဖွဲ့ခေါင်းဆောင်လည်းဖြစ် မွန်ပြည်နယ်အစိုးရအဖွဲ့ စီမံ-စီးပွားဝန်ကြီး ဒေါက်တာ မင်းနွယ်စိုး ကပြောပါတယ်။ ဦးစီးဌာန ၉၈ ဌာနရှိတဲ့ မွန်ပြည်နယ်အတွင်း ဖွဲ့စည်းပုံကြီးပြီး လုပ်ငန်းသဘော သဘာဝကြီးတဲ့ ဦးစီးဌာနတွေကိုတော့ ကားအရေအတွက် ပိုမိုမဲနှိုက်ခွင့်ရမှာပါ။ “တရားရုံးမှာ နှစ်ချီကြားထားထားတော့ ကိုတွေကတော်တော်ပျက်စီးနေပြီ၊ မျှမျှတတဖြစ်ဖို့ အတွက် မဲနှိုက်ပေးတာပါ”လို့ ဝန်ကြီးဒေါက်တာမင်းနွယ်စိုးက ဆက်ပြောပါတယ်။ ၂၀၁၀ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ မွန်ပြည်နယ်အတွင်းသိမ်းဆည်းရမိခဲ့တဲ့ ကားတွေကို လေလံတင်ရောင်းချခဲ့ပြီးဖြစ်ပေမယ့် အခုနောက်ဆုံး အစိုးရက သိမ်းဆည်းရမိထားတဲ့ ကားတွေ ကိုတော့ မွန်ပြည်နယ်အတွင်းက ဦးစီးဌာနတွေကို မဲနှိုက်ပေးသွားမှာဖြစ်ပါတယ်။ သတင်းဓာတ်ပုံ - ကျော်စိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024