ထိုင်းဆုန်ကရန် သင်္ကြန်ပွဲတော်ကာလတွင်း ရေချွေတာသုံးစွဲရန် ထုတ်ပြန်

နိုင်ငံတွင်း မိုးခေါင်ရေရှားမှု ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာမို့ လာမယ့် ဆုန်ကရန် သင်္ကြန်ပွဲတော်ကာလတွင်းမှာ ရေကို ချွေတာသုံးစွဲကြဖို့ ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ မတ်လ ၁၅ ရက်နေ့က ဖော်ပြပါတယ်။ လာမယ့်ပွဲတော်ကာလကို ဧပြီလ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ သုံးရက်တာ ကန့်သတ်လိုက်ပြီး မြို့တော်ဧရိယာတွင်း ခရိုင် ၅၀ မှာ ရေကစားတာတွေကို ည ၉ နာရီမှာ ရပ်ရမှာဖြစ်တယ်လို့ ဘန်ကောက်မြို့ ဒုတိယမြို့တော်ဝန် အမွန်ကစ်ချာဝမ်ကာလ်က ပြောလိုက်တာပါ။ ရေပက်ကစားတာဟာ ဆုန်ကရန်ပွဲတော်ရဲ့ ထင်ရှားတဲ့ လှုပ်ရှားမှုတရပ်ဖြစ်ကာ ပွဲတော်ကျင်းပတဲ့ ထင်ရှားတဲ့ နေရာတွေမှာ ညမိုးချုပ်တဲ့ထိ ရေပက်ကစားကြတာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (ဘီအမ်အေ)၊ ခရီးသွားလုပ်ငန်းနဲ့ အားကစားဝန်ကြီးဌာန၊ ခရီးသွားရဲဌာနနဲ့ ပုဂ္ဂလိက ကဏ္ဍတွေ ပူးတွဲကျင်းပတဲ့ အစည်းအဝေးအပြီးမှာ ချမှတ်ခဲ့တာပါ။ ပွဲတော်ကာလတွင်းမှာ သုံးစွဲတဲ့ ရေပမာဏဟာ ပုံမှန်ထက် သုံးဆလောက်ရှိတာဖြစ်ပြီး လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေကို စီးပွားရေးလုပ်ငန်းတွေက နားလည်တဲ့အတွက် ပူးပေါင်းပါဝင်လာကြတယ်လို့ အမွန်က ပြောပါတယ်။ ဆုန်ကရန်ပွဲတော်ဟာ လူသိများထင်ရှားတဲ့ ပွဲတော်တခုဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားတွေ အများအပြား လာရောက်ကြတာမို့ ပွဲတော်ကာလတွင်း အသစ်ချမှတ်လိုက်တဲ့ ရေချွေတာသုံးစွဲရေးဆိုင်ရာ ကန့်သတ်ချက်တွေနဲ့ လက်ရှိအခြေအနေတွေကို နားလည်နိုင်ဖို့ သရုပ်ပြလှုပ်ရှားမှုတွေကို ပွဲတော်ကျင်းပနေကျ နေရာတွေဖြစ်တဲ့ ပရာနခွန်ခရိုင်ထဲမှာ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up