ကမ္ဘာ့ဆရာဆုကို ပါလက်စတိုင်း ကျောင်းဆရာမ ဆွတ်ခူး

ဓာတ်ပုံ - ရိုက်တာ
ကလေးတွေ ကစားခြင်းကတဆင့် သင်ယူနိုင်အောင် ကူညီတဲ့အတွက် ကမ္ဘာ့ဆရာဆုကို ပါလက်စတိုင်း ကျောင်းဆရာမတဦး မတ်လ ၁၃ ရက်နေ့က ဆွတ်ခူး ရရှိသွားပါတယ်။ အနောက်ဘက်ကမ်းပါးက ပါလက်စတိုင်းမြို့ အယ်လ်ဘီရာမြို့ စာမီဟာခါလီ အထက်တန်းကျောင်းက ကျောင်းဆရာမ ဟာနန် အယ်လ် ဟရူဘီကို အာရပ်စော်ဘွားများပြည်ထောင်စုက အမေရိကန်ဒေါ်လာ ၁ သန်းတန်ဆု ချီးမြှင့်လိုက်ပါတယ်။ ဆရာအလုပ် လုပ်ကိုင်သူ အခြေအနေတွေ ကျဆင်းလာတယ်လို့ ၂၀၁၃ စစ်တမ်းက တွေ့ခဲ့အပြီးမှာ ကမ္ဘာ့ဆရာဆုကို အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်း Varkey က တည်ထောင်ခဲ့တာပါ။ အနောက်ဘက်ကမ်းပါး ဘက်သ်လေဟမ်မြို့နားက ဒုက္ခသည်စခန်းမှာ ကြီးပြင်းလာတဲ့ ဟရူဘီဟာ ဂျပန်၊ ကနေဒါ၊ ကင်ညာ၊ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေက ဆုလျာထားခံရသူတွေကို ကျော်ဖြတ် အနိုင်ရခဲ့ပါတယ်။ ဟရူဘီဟာ ကစားမယ်၊ သင်ယူမယ်လို့ နာမည်ပေးထားတဲ့ စာအုပ်ထဲမှာ သူ့ရဲ့ သင်ကြားနည်းကို အသေးစိတ် ဖော်ပြထားပါတယ်။ ပါလက်စတိုင်း ဆရာမတဦးအဖြစ် ဒီစင်မြင့်ပေါ် ရပ်ခွင့်ရတာ ဂုဏ်ယူတယ်လို့ သူက ပြောပါတယ်။ ဆုကြေးငွေတချို့ကို သူ့ပညာရေးစနစ်ကို မြှင့်တင်ဖို့ သုံးမှာဖြစ်ပြီး ပါလက်စတိုင်း နယ်ပယ်ထဲက လုပ်ဖော်ကိုင်ဘက် ဆရာတွေကို ထောက်ပံ့မယ်လို့ သူက ဆက်ပြောပါတယ်။ ကိုယ့်အတွေးအခေါ်ကို ယုံကြည်ပါ၊ ကိုယ့်အတွေးအခေါ်နဲ့ လုပ်ကိုင်ပါ၊ လူတွေကို ကိုယ့်အတွေးအခေါ်အကြောင်း ပြောပါ၊ သိမ်းသွင်း စည်းရုံးပါ၊ တကမ္ဘာလုံးကို စိန်ခေါ်ပါလို့လည်း သူက ပြောပါတယ်။ ဒီဆုပေးပွဲကို အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီး ဝန်ကြီးချုပ်နဲ့ ဒူဘိုင်း အုပ်ချုပ်သူ ရှိတ် မိုဟာမဒ် ဘင် ရာရှစ် အယ်လ် မတ်ခ်တွန်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ပုပ်ရဟန်းမင်းကြီးက ရုပ်သံသတင်းစကားကနေ ဆုရသူကို ကြေညာပေးခဲ့ပါတယ်။ ဒီဆုပေးပွဲအတွက် ပုပ်ရဟန်းမင်းကြီး၊ ဗြိတိန် တော်ဝင်မင်းသား ဝီလျံ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အမေရိကန် ဒု-သမ္မတ ဂျိုး ဘစ်ဒင်နဲ့ အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန်တို့က ရုပ်သံအမှာစကား ပေးပို့ခဲ့ကြပါတယ်။

More News
Up