Home
မြန်မာသတင်း
လူ့အခွင့်အရေးကောင်စီတွင် မြန်မာနိုင်ငံကိစ္စ သုံးသပ်မည်
အေးနိုင်
·
March 14, 2016
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို ၄ နှစ်တကြိမ်သုံးသပ်တင်ပြတဲ့ Universal Periodic Review ရဲ့ နောက်ဆုံးရလဒ်တွေကို အတည်ပြုတဲ့ အစီအစဉ်ကို ဂျီနီဗာမှာရှိတဲ့ လူ့အခွင့်အရေးကောင်စီမှာ မတ်လ ၁၇ ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံက အစိုးရကိုယ်စားလှယ်တွေရော၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေရော တက်ရောက်ဆွေးနွေးကြမှာဖြစ်ပါတယ်။ တက်ရောက်မယ့် အစိုးရမဟုတ်တဲ့အစုမှာပါတဲ့ Equality Myanmar လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက “၁၄ ရက်နေ့က မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဘာသာရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတပွဲရှိမယ်။ ၁၅ ရက်နေ့က human rights defender ရှိမယ်။ ၁၇ ရက်နေ့က မြန်မာနိုင်ငံ UPR section။ အဲဒီမှာ အစိုးရကိုယ်စားလှယ်တွေလည်း လာမယ်။ ကျနော်တို့လည်း ပြောမယ်။” လို့ ပြောပါတယ်။ သူတို့အဓိကတင်ပြမယ့် အချက်တွေနဲ့ပတ်သက်လို့ သူက “အဓိကကတော့ အစိုးရက တင်ပြတဲ့အချက်ပဲ။ အစိုးရကနေ ဘာတွေကို လုပ်ဆောင်ပါမယ်ဆိုတဲ့ အာမခံချက်တွေကို တရားဝင်ကြေညာတဲ့ဟာ။ ကျနော်တို့ကတော့ ဘယ်အချက်တွေကတော့ လက်ရှိမှာ ဖြစ်နေတဲ့အတွက် အစိုးရအနေနဲ့လုပ်သင့်တာကို တင်ပြမယ်၊ အထူးသဖြင့် ကျောင်းသားတွေ ကိစ္စပါမယ်။ မြေယာသိမ်းတာပါမယ်။ နောက်တခုက တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲတွေ အကြောင်းပါမယ်၊ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု၊ အဲဒါ အဓိက ၄ ချက်ပဲ။” လို့ ပြောပါတယ်။ ကျောင်းသားကိစ္စဆိုရာမှာ မနှစ်တုန်းက ပညာရေးဥပဒေပြင်ဆင်ရေးအတွက် ဆန္ဒပြတောင်းဆိုတဲ့ ကျောင်းသားနဲ့ ၀န်းရံသူတွေကို အုပ်ချုပ်ရေးဘက်က ရိုက်နှက်ဖမ်းဆီးပြီး ပုဒ်မပေါင်းများစွာနဲ့တရားစွဲဆိုထားမှုဖြစ်ပါတယ်။ မြေယာသိမ်းဆည်းမှုက နိုင်ငံတ၀န်းက လယ်ယာမြေတွေကို အုပ်ချုပ်ရေးပိုင်းနဲ့ တပ်မတော်က သိမ်းပိုက်ယူငင်ထားတဲ့ ကိစ္စတွေဖြစ်ပါတယ်။ တိုက်ရင်းသားလက်နက်ကိုင်တိုက်ပွဲတွေကိစ္စကတော့ မြန်မာနိုင်ငံမှာ တပြည်လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို အစိုးရနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ၈ ဖွဲ့အကြား လက်မှတ်ထိုးပြီးပေမယ့် မထိုးရသေးတဲ့အဖွဲ့တွေ အများအပြားရှိနေသေးတာ ဖြစ်ပါတယ်။ နိုင်ငံတိုင်း သူ့နိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ လေးနှစ်တကြိမ် မပျက်မကွက်တင်ပြရတဲ့ လုပ်ငန်းစဉ်ကို ၂၀၀၆ ခုနှစ်မှာ စတင်ခဲ့ပြီး မြန်မာနိုင်ငံက ၂၀၁၁ ခုနှစ်မှာ ပထမအကြိမ်၊ ၂၀၁၅ ခုနှစ်မှာ ဒုတိယအကြိမ် သုံးသပ် အကြံပြုခံရပါတယ်။ အခုလာမဲ့ မတ်လ (၁၇) ရက်မှာကတော့ တင်ပြထားတဲ့အကြံပြုချက်တွေက ဘယ်အချက်တွေကို လက်ခံကျင့်သုံးပါမလဲ.. ဘ်ာအချက်တွေကို ငြင်းဆိုပါ့မယ်ဆိုတာကို မြန်မာအစိုးရက တရားဝင် ကြေညာမှာဖြစ်တယ်လို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။ ဒီတခေါက်အစည်းအဝေးမှာ မြန်မာအစိုးရအနေနဲ့ အမှန်တကယ်ဖြစ်နေတဲ့ လူ့အခွင့်အရေး အခြေအနေတွေကို တကယ်တမ်းထိထိရောက်ရောက် လုပ်ဆောင်လာဖို့အတွက် ဖြစ်နေတဲ့ အရာတွေကို အသိအမှတ်ပြုဖို့လိုကြောင်းနဲ့ တကယ်တမ်းအဖြစ်မှန်အတိုင်းလက်ခံပြီး လုပ်ဆောင်ပါမယ်လို့ ကမ္ဘာ့အလည်မှာ ဂတိပြုဖို့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ လက်တွဲ လုပ်ဆောင်နေကြောင်း ဦးအောင်မျိုးမင်းက ပြောပါတယ်။ မနှစ်က မြန်မာနိုင်ငံနဲ့စပ်လျဉ်းတဲ့အစည်းအဝေးက နိုင်ငံတကာတင်ပြချက်တွေထဲမှာ နိုင်ငံတကာ လူ့အခွင့်အရေးစာချုပ်တွေ လက်မှတ်ထိုးဖို့၊ ငြိမ်းချမ်းရေးကိုဖော်ဆောင်ဖို့၊ မတရားဖမ်းဆီးမှုတွေ ရပ်တံ့ဖို့၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို လေးစားဖို့၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို တားဆီးဖို့၊ ကလေးသူငယ်အခွင့်အရေးကို ကာကွယ်ပေးဖို့၊ လူ့အခွင့်အရေး ကော်မရှင်ကို အားကောင်းအောင်လုပ်ဆောင်ဖို့ စတဲ့အချက်တွေပါဝင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024