မြန်မာရွှေ့ပြောင်းအလုပ်သမား ၁ ဦး ဆင်တိုက်ခိုက်ခံရ၍ သေဆုံး
DVB
·
March 14, 2016
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်က ဆင်စခန်းတစ်ခုမှာ မြန်မာအလုပ်သမားတဦး ဆင်တိုက် ခိုက်တာ ခံရပြီး သေဆုံးသွားတယ်လို့ ထိုင်းမန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။
အဆိုပါ ဆင်စခန်းဟာ ချင်းမိုင်မြို့ မြောက်ဘက် ၂၆ မိုင်အကွာ မယ့်တိုင်မြို့နယ် မိုင်းကစ်ေ ကျးရွာအုပ်စုထဲမှာတည်ရှိပြီး ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က အသက် ၂၀ နှစ်ရွယ် ဆန်ထော်နီ အမည်ရှိ မြန်မာအလုပ်သမားတဦး ဆင်အစာကျွေးနေစဉ် ဆင်ကသူ့ကို ခြေတောက်နဲ့ ကန် ကြောက်ခဲ့တာလို့ ရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
အလုပ်သမားရဲ့ ကျောရိုးကျိုးသွားပြီး လုပ်ဖော်ကိုင်ဖက်တွေက မယ့်တိုင်ဆေးရုံကို ပို့ဆောင်ပေး ခဲ့ပေမယ့်လည်း ဆေးရုံမှာဘဲသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးတဲ့အလုပ်သမားဟာ လွန်ခဲ့တဲ့ ၅ ရက်လောက်မှ အဲဒီဆင်စခန်းကို ရောက်လာတာဖြစ်ပြီး ဆင်ကိုအစာကျွေးရာမှာ ကျွမ်းကျင်မှုမရှိတာလည်း ဖြစ်နိုင်သလို ရာသီဥတုပူပြင်းမှုကြောင့် ဆင်က စိတ်ဆတ်ဆတ်နဲ့ လူကိုအန္တရာယ်ပြုတာလည်း ဖြစ်နိုင်တယ်လို့ ဆင်စခန်း အလုပ်သမား တဦးကပြောပါတယ်။
သေဆုံးသူ အလုပ်သမားမှာ ဘာလက်မှတ်အထောက်အထားမှ မရှိတဲ့အတွက် ဆင်စခန်း တာဝန်ခံကလည်း အဲဒီအလုပ်သမား ဘယ်လိုလုပ်ရောက်လာသလဲဆိုတာ မသိသလို အလုပ်သမားနဲ့ ပတ်သက်မှုမရှိဘူးလို့ ငြင်းဆိုထားပါတယ်။
တာဝန်ရှိသူတွေကတော့ အဲဒီအနီးတ၀ိုက်နေထိုင်သူတွေကို ဆက်လက်ခေါ်ယူမေးမြန်းပြီး အဖြစ်မှန်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
အဆိုပါဆင်စခန်းမှာ အများအားဖြင့် ဒုက္ခိတဖြစ်နေတဲ့ဆင်တွေ၊ မကျန်းမာတဲ့ဆင်တွေကို လက်ခံပြုစုနေပြီး ဆင်ချစ်သူစေတနာ့ဝန်ထမ်းတွေလည်း ဆင်အစာကျွေးခြင်း၊ ဆင်ချေးကျုံးခြင်း၊ ဆင်ရေချိုးခြင်းတွေ လာရောက်ကူညီလုပ်ကိုင်ပေးလေ့ရှိတယ်လို့ ဆင်ထိန်းတစ်ဦးမှ သတင်းထောက်ကို ပြောသွားပါတယ်။