Home
မြန်မာသတင်း
မြန်မာ့လူ့အခွင့်အရေး ချိုးဖောက်မှုအခြေအနေ ဂျီနီဗာတွင် ဆွေးနွေးမည်
DVB
·
March 13, 2016
မြန်မာနိုင်ငံရဲ့ လက်ရှိလူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး လာမယ့်သီတင်း ပတ်အတွင်း ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ဆွေးနွေးဖို့ ရှိနေပါတယ်။ ကမ္ဘာ့နိုင်ငံတွေရဲ့ လူ့အခွင့်အရေးအခြေအနေကို အလှည့်ကျပုံမှန် သုံးသပ်အကဲဖြတ်တဲ့ Universal Peroidic Review ယူပီအာလုပ်ငန်းစဉ်အဖြစ် မတ်လ ၁၇ ရက်နေ့မှာ အစိုးရ ကိုယ်စားလှယ်တွေရော၊ မြန်မာပြည်တွင်းက လူ့အခွင့်အရေး လှုပ်ရှားသူတွေပါ တက်ရောက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာ လူ့အခွင့်အရေး ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ညီမျှခြင်းမြန်မာအဖွဲ့က ဒါရိုက်တာ ဦးအောင်မျိုးမင်းကတော့ လက်ပံတန်းမှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးတရားစွဲထောင်ချခံနေရတဲ့ သပိတ်မှောက်ကျောင်းသားတွေ အရေးကို တင်ပြသွားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ “အဓိကက အစိုးရက သူတို့ ဘာတွေလုပ်ဆောင်ပါမယ်ဆိုတဲ့ ဟာတွေကို တရားဝင်ကြေညာမှာပါ။ ကျနော်တို့ကတော့  ဘယ်အချက်တွေကတော့ လက်ရှိမှာ ဖြစ်နေတဲ့အတွက်  အစိုးရအနေနဲ့ ဘာတွေလုပ်သင့်တယ်ဆိုတဲ့ အကြောင်းအရာတင်ပြမယ်။ အထူးသဖြင့် ကျောင်းသားတွေကိစ္စပါမယ်၊ မြေယာသိမ်းတာပါမယ်။ တိုင်းရင်းသား လက်နက်ကိုင်တိုက်ပွဲတွေ ကိစ္စပါမယ် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု အဲဒါ အဓိက။” ဒါ့အပြင် မတ်လ ၁၄ ရက်နေ့  ဂျနီဗာမြို့မှာ  မြန်မာနိုင်ငံရဲ့ ဘာသာရေးလွတ်လပ်ခွင့် အခြေအနေနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲနဲ့ မတ်လ ၁၅ ရက်မှာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူတွေရဲ့ ဆွေးနွေးပွဲအစီအစဉ်တွေလည်းရှိပါတယ်။ ဂျနီဗာမှာ ရောက်ရှိနေတဲ့ ရှမ်း၊ ကချင်၊ ကရင်နဲ့ ပလောင်ဒေသက လူ့အခွင့်အရေးလှုပ်ရှားတဲ့ အမျိုးသမီးအဖွဲ့ကိုယ်စားလှယ်တွေက မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားပဋိပက္ခနဲ့ အဓမ္မပြုကျင့်မှု လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး မတ်လ ၁၁ ရက်က  ဆွေးနွေးနွေးပွဲတခု ကျင်းပသွားပါတယ်။ ဒီဆွေးနွေးပွဲမှာ တိုင်းရင်းသားဒေသတွေက စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အဓမ္မပြုကျင့်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတဲ့အကြောင်းနဲ့  မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ် နိုင်ငံရေးပြောလဲမှုတွေ စကတည်းက ၂၀၁၅ ရွေးကောက်ပွဲ အပါအ၀င် အကောင်းဘက်ကို ပြောင်းလဲတာတွေ ရှိနေပေမယ့် ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး  စိုးရိမ်စရာ အခြေအနေတွေ အများကြီးရှိနေသေးတဲ့အကြောင်း ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် မြန်မာတိုင်းရင်းသား အမျိုးသမီးအဖွဲ့တွေက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီနဲ့ ဂျနီဗာမှာ တွေ့ဆုံပြီး နယ်စပ်ဒေ သတွေမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး အခြေနေတွေကို ပြောပြခဲ့ကြပါတယ်။ ပြီးခဲ့တဲ့၂၀၁၅ နိုဝင်ဘာ ၆ ရက်က ဂျီနီဗာမှာ ကျင်းပတဲ့ ယူပီအာ အစည်းအဝေးမှာတော့ မြန်မာအစိုးရကိုယ်စားလှယ် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာထွန်းရှင်က မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး တိုးတက်ဆောင်ရွက်နေမှုတွေကိုတင်ပြပြီး လူ့အခွင့်အရေးချိုးဖောက်မှု  စွပ်စွဲချက်တွေကို  အစိုးရကိုယ်စား ချေပရှင်းလင်းခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024