မက္ကဆီကိုနိုင်ငံမှ ၁၆ ရာစုလက်ရာ ခရစ်ယာန်ဘုရားကျောင်းတကျောင်းဟာ ရေ အောက်ကို နစ်မြုပ်နေရာကနေ ပြန်ပေါ်လာခဲ့တယ်လို့ တယ်လီဂရပ်ဖ်သတင်းမှာ မတ် လ ၁၂ ရက်နေ့က ဖော်ပြပါတယ်။
အဲဒီဘုရားကျောင်းဟာ ကက်သလစ်ဘုရားကျောင်းတကျောင်းဖြစ်ပြီး ၁၆ ရာစု ၀န်းကျင်မှာ တည်ဆောက်ခဲ့ကာ ၁၉၆၂ ခုနှစ်မှာ ဘန်နီတိုဂျူရက်ဇ် ရေလှောင်တမံတည်ဆောက်ရေး ဆောင်ရွက်ရာမှ ရေလွှမ်းမိုးမှုကြောင့် ရေအောက်နစ်မြုပ်သွားခဲ့ရတာပါ။
ရေလှောင်တမံအောက် ရေအောက်အနက်မှာ ရှိနေတဲ့ ဘုရားကျောင်းဟာ အဲဒီ အရပ်ဒေသမှာ မိုးခေါင်မှုတွေကြောင့် သုံးကြိမ်တိုင်တိုင်ရေပေါ်ကို ပေါ်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
လက်ရှိအချိန်မှာတော့ ရေလှောင်တမံ ရေမျက်နှာပြင်ရဲ့ ၄၀ ရာခိုင်နှုန်းအောက် ကျဆင်းနေတာမို့ ဒေသခံတွေအတွက် စိုက်ပျိုးသီးနှံတွေအတွက် ရေရရှိရေးအတွက် အဓိက စိုးရိမ်စရာတခုဖြစ်လာပါတယ်။
လူးဝစ်ဂူတီယာရက်ဇ်အမည်ရတဲ့ ဒေသခံငါးဖမ်းသမားတဦးက “ကျနော်တို့ အရပ်မှာ ဒီနှစ်မှာ မိုးမရွာတာတော်တော်ကြာနေခဲ့တာမို့ ဘုရားကျောင်းက ပြန်ပေါ်လာတာ”လို့ ပြောပါတယ်။
အဲဒီရေလှောင်တမံမှ ရေကို ရပ်ကွက် ၂၄၇ ခုကို အသုံးပြုဖို့ ဖြန့်ဝေပေးနေတာမို့ သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့ ခုထက်ပိုဆိုးဝါးလာမှာကို စိုးရိမ်နေကြပါတယ်။
ဘုရားကျောင်းဟာ ၁၆ ရာစုစပိန်လက်ရာတွေနဲ့ တည်ဆောက်ထားခဲ့တဲ့ အမွေ အနှစ်တခုဖြစ်ပါတယ်။