ဘတ်စ်ကားပေါ် အဓမ္မပြုကျင့်မှုအတွင်း ၁၄ ရက်သား ကလေးငယ်သေဆုံး (ရုပ်သံ)

6.4K
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တာပရာဒေ့ရှ်ပြည်နယ် ဘာရဲလီးမြို့က ဘတ်စ်ကားပေါ်မှာ အဓမ္မပြုကျင့်တိုက်ခိုက်မှုတခုအတွင်း သူမရဲ့ ၁၄ ရက်သား ကလေးတဦး သေဆုံးတယ်လို့ အမျိုးသမီးတဦးက ပြောကြောင်း ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။
ညီမအိမ်ကနေ ပြန်အလာမှာ စော်ကားသူတွေကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ရင်း ကလေးသေဆုံးခဲ့တယ်လို့ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးက ပြောပါတယ်။
ဘာရဲလီမြို့ အကြီးတန်း ရဲအရာရှိကတော့ အမျိုးသမီးက တိုင်ကြားလို့ အမှုဖွင့်ပေးထားတယ်လို့ ပြောပါတယ်။
သန့်ရှင်းရေးသမား တဦးနဲ့ တခြားအမျိုးသားတဦးက သူ့ကို ဘတ်စ်ကားပေါ်မှာ စော်ကားခဲ့တယ်လို့ တိုင်ကြားထားတာကြောင့် အမျိုးသမီးကို ဆေးစစ်နေတယ်လို့ ရဲက ပြောပါတယ်။
ကလေးရဲ့ အလောင်းကို ရင်ခွဲစစ်ဆေးဖို့ သက်ဆိုင်ရာကို ပို့ထားတယ်၊ စွပ်စွဲခံရသူတွေကို ဖမ်းဆီးစစ်မေးဖို့ ရှာနေတယ်လို့လည်း ပြောပါတယ်။
မတ်လ ၇ ရက်နေ့က အမျိုးသမီးက ခရီးသွားနေချိန် ဘတ်စ်ကားပေါ်က တခြားလူတွေ ဆင်းသွားချိန်မှာ ကိုယ်ထိလက် ရောက်ကျူးလွန်မှု ဖြစ်ခဲ့တာလို့ ဒေသခံ မီဒီယာက ပြောပါတယ်။
နိုင်ငံရေးခေါင်းဆောင် အများအပြားနဲ့ အမျိုး သမီး အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက ဒီအမှုကို ပြစ်တင် ရှုံ့ချခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံမှာ လိင်ပိုင်း ကျူးလွန် တိုက်ခိုက်မှုတွေ အများစုက တိုင်ကြားမခံရပါဘူး ဒါပေမယ့် ၂၀၁၂ ခုနှစ်က မြို့တော် နယူးဒေလီရဲ့ ဘတ်စ်ကားပေါ်မှာ ဆေးကျောင်းသူတယောက် သေဆုံးတဲ့အထိ အဓမ္မပြုကျင့်ခံရမှုက ကမ္ဘာ့မီဒီယာတွေပေါ်မှာ အုတ်အော် သောင်းတင်း ဖြစ်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ အမျိုးသမီးတွေအပေါ် ဆက်ဆံပုံကို နိုင်ငံတကာက အာရုံစိုက် ပြစ်တင် ခဲ့ပါတယ်။
၂၀၁၄ ခုနှစ်က အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်မှု၊ နှိပ်စက်မှု၊ ပြန်ပေးဆွဲမှုနဲ့ ခင်ပွန်းသည်ရဲ့ ရက်စက်ကြမ်းကြုတ်မှု ဆိုင်ရာ အမှုပေါင်း ၃ သိန်း ၄ သောင်း နီးပါး ရှိခဲ့တယ်လို့ အမျိုးသား ရာဇဝတ်မှု မှတ်တမ်းဗျူရိုရဲ့ နှစ်ပတ်လည် အစီရင်ခံစာက ဆိုပါတယ်။
အဓမ္မပြုကျင့်မှု စုစုပေါင်းရဲ့ ၈၆ ရာခိုင်နှုန်းက ဖခင်၊ မောင်နှမနဲ့ ဦးလေးတွေလို နီးကပ်တဲ့ မိသားစုဝင်တွေ၊ အိမ်နီးချင်းတွေ၊ အလုပ်ရှင်တွေ၊ လုပ်ဖော်ကိုင်ဖက် တွေနဲ့ သူငယ်ချင်းတွေက ကျူးလွန်ခဲ့တာလို့ သတင်းအချက်အလက်တွေက ပြထားပါတယ်။