အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်း ဆာရေးက ဒေါ်ကင်းမှာ ၉ ကြိမ်မြောက် ဇနီးများကို ထမ်းပိုးပြီး ယှဉ်ပြိုင်ရတဲ့ အပြေးပြိုင်ပွဲမှာ အမေရိကန်-ပြင်သစ်အတွဲက ပထမဆု ရရှိသွားပါတယ်။
အမေရိကန်အမျိုးသား ဂျိုနသန် ရှဝိုချတ်နဲ့ ပြင်သစ်ဖွား ချာရိုလက်တို့က ၁ မိနစ် ၄၀ စက္ကန့်နဲ့ ဒုတိယအကြိမ် ဆုရရှိခဲ့တာ ဖြစ်ပါတယ်။
ပြိုင်ပွဲမှာ အနိုင်ရဖို့အတွက် ပုံမှန်လေ့ကျင့်ခန်းတွေ လုပ်တယ်လို့လည်း ဒီစုံတွဲက ပြောပါတယ်။
မတ် ၆ ရက်က ကျင်းပတဲ့ ပြိုင်ပွဲမှာ ပထမဆုအဖြစ် အရက်စည်တစည် ချီးမြှင့်မှာ ဖြစ်ပါတယ်။
စုံတွဲတွေက မီတာ ၃၈၀ ကို ပြေးလွှားရတာ ဖြစ်သလို အခက်အခဲတွေကို ဖြတ်သန်း ယှဉ်ပြိုင်ရတာ ဖြစ်ပါတယ်။
ယှဉ်ပြိုင်သူတွေကို ရေနဲ့ပက်သူတွေရှိသလို သယ်ဆောင်ရတဲ့ ဇနီး ဒါမှမဟုတ် တဦးတယောက်ဟာ ၅၀ ကီလို ရှိရမှာ ဖြစ်ပါတယ်။
တချို့အမျိုးသမီးတွေက အမျိုးသားတွေကို ထမ်းယှဉ်ပြိုင်သလို တချို့ကလည်း အမျိုးသမီးချင်း အမျိုးသားချင်း ထမ်းပိုးယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။
ပြိုင်ပွဲဟာ အိမ်နီးချင်းရွာကနေ အမျိုးသမီးတွေကို ခိုးယူမယ်ဆိုရင် ခြေထောက်တွေ လျှင်မြန်ဖို့ လိုအပ်တယ်ဆိုတဲ့ စကင်ဒေနေးဗီးယား ရိုးရာကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။