Home
သုံးသပျခကျြ
ဒေါ်အောင်ဆန်းစုကြည် သမ္မတ တာဝန်ထမ်းရွက်နိုင်ခြင်းမရှိသည့်အပေါ် အမြင်များ
နော်နိုရင်း
·
March 12, 2016
ရွေးကောက်ပွဲမတိုင်ခင်က သမ္မတ ဖြစ်ချင်တယ်လို့ ပြောခဲ့ဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ်အစု အဖွဲ့တွေက ဒုသမ္မတတွေအဖြစ်  ဦးထင်ကျော်နဲ့ ဦးဟင်နရီဗန်ထီးယူတို့ကို ဒီကနေ့ အတည်ပြုခဲ့ပါတယ်။ ရွေးကောက်ပွဲ အနိုင်ရ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကန့်သတ်ချက်အရ သမ္မတဖြစ်မလာတဲ့အပေါ် သဘောထား အမြင်တွေကို စုစည်းတင်ပြထားပါတယ်။ ထွန်းအိန္ဒြာဗိုလ် (ဂီတ၊ ရုပ်ရှင် အနုပညာရှင်) “အမေဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်မရတာကတော့ တိုင်းပြည်အတွက် တိုက်ရိုအားဖြင့်ကတော့ နစ်နာတာပေါ့။ ဒါပေမယ့် အမေစုကတော့ ရောက်ရာနေရာကနေ တိုင်းပြည်ကို အတတ်နိုင်ဆုံး အကျိုးပြုလုပ်ဆောင်မယ်ဆိုတာ ယုံကြည်ပါတယ်။ အမေစုကို သမ္မတဖြစ်စေချင်တာပေါ့၊ လူတိုင်းဖြစ်စေချင်တာပေါ့ မေးစရာတောင်မလိုဘူး။ အမေစုလို အရည်အချင်းရှိတဲ့လူမျိုးမှ သမ္မတမဖြစ်ရင် အရည်အချင်းမရှိတဲ့ လူတွေလုပ်ခဲ့တဲ့ သမ္မတပေါင်းများစွာမှာ ကျမတို့တိုင်းပြည် တော်တော်ပျက်စီးခဲ့ပြီးပြီ။ အမေစုလိုအရည်အချင်းရှိတဲ့လူကျတော့ သမ္မတဖြစ်ခွင့်မရဘူးဆိုကတည်းက ကျမတို့တိုင်းပြည်က ဒါ တရားမျှတမှုက တော်တော်မျက်ကွယ်ပြုရာ ရောက်နေတာပေါ့နော်။ အဲဒီတော့ အမေစုလို့အနေအထားမျိုးကို ကျမတို့က နိုင်ငံတကာမှာ ပညာရှင်အဖြစ်နဲ့ ငှားရင်တောင်မှ နိုင်ငံဘဏ္ဍာ ဘယ်လောက်အကုန်အကျခံပြီးငှားရင်တောင်မှ စိတ်ရင်းစေတနာချင်းမတူနိုင်ဘူး။ အမေစုလိုအရည်အချင်းမျိုးတူတဲ့လူကိုငှားရင်တောင်မှ စိတ်ရင်းစေတနာချင်း မတူနိုင်ဘူးပေါ့နော်။ အမေစုတန်ဖိုးကို သိကြဖို့လိုပါတယ်။ (အခုတင်မြှောက်မယ့်သမ္မတတွေ ဒုသမ္မတတွေအပေါ်အမြင်) ဘယ်လိုပဲဖြစ်ဖြစ် ကျမကတော့ ဒါ ကျမတယောက်တည်းအမြင်ပေါ့ သမ္မတတွေ၊ ဒုသမ္မတတွေဆိုတာကတော့ ပညတ်ချက်ပဲပေါ့နော်။ တကယ်အလုပ်လုပ်နိုင်မယ့်လူ၊ တကယ် lead (ဦးဆောင်) မယ့်၊ ကျမတို့တိုင်းပြည်ကို တကယ်ခေါင်းဆောင်မယ့်သူက အမေဒေါ်အောင်ဆန်းစုကြည်ပါပဲ။” ဦးကိုကိုလေး (အန်အယ်လ်ဒီ မန္တလေးခရိုင် ဒုတိယဥက္ကဋ္ဌ) “အခုလိုပေါ့နော် ဒေါ်အောင်ဆန်းစုကြည်က တနိုင်ငံလုံးအတိုင်းအတာနဲ့ သမ္မတလို့ အားလုံးက လက်ခံထားတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်မရှိခြင်းသည် တိုင်းပြည်ရဲ့ရတနာတပါး ဆုံးရှုံးသွားတာပဲခင်ဗျာ။ ဒါက ဒေါ်စု နစ်နာသွားတာမဟုတ်ဘူး။ တိုင်းပြည်ရဲ့ ပြည်သူလူထုပဲ နစ်နာသွားတယ်လို့ပဲ ကျနော် သုံးသပ်ချင်ပါတယ်။ ကျနော်တို့ခေါင်းဆောင်က ယုံကြည်စွာတင်မြှောက်လိုက်တဲ့ ပုဂ္ဂိုလ်တွေကိုတော့ ဒေါ်စုကိုယ်စား အများပြည်သူအကျိုးကို လုပ်ပေးနိုင်မယ့် သမ္မတလောင်းတွေလို့ ကျနော် ထင်မြင်ယူဆမိပါတယ်။” ဦးနေမျိုးကျော် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်းအတွင်းရေးမှူး၊ မင်းဘူးစကုမဲဆန္ဒနယ် အမှတ် ၂၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်) “ဒေါ်အောင်ဆန်းစုကြည် ချက်ချင်း သမ္မတ တာဝန်မယူတဲ့အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လောက်နစ်နာလဲဆိုတာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်နေစိတ်ထားနဲ့ သူ့ရဲ့ရပ်တည်ပုံက သူ့အတွက်ကြည့်တာ မဟုတ်တဲ့အတွက် သူတဦးတည်းရဲ့နစ်နာမှုကိုတော့ ထူးပြောစရာမလိုဘူးလို့မြင်ပါတယ်။ သို့သော်လည်းပဲ တိုင်းပြည်အတွက် နစ်နာမှုကတော့ နံပါတ် (၁) ပြည်သူလူထုရဲ့ စိတ်နှလုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်လို့မဲပေးခဲ့တဲ့ ပြည်သူတွေအတွက်တော့ တစုံတရာ ထိခိုက်မှုရှိနိုင်တယ်။ နောက်တခုက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်တဲ့ နေရာတွေမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်ရိုက် ဦးဆောင်မှုမရှိတဲ့အတွက် တစုံတရာ ထိခိုက်မှုတချို့ရှိနိုင်တယ်။ သို့သော်လည်းပဲ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောပြီးဖြစ်တဲ့အတွက် နိုင်ငံတကာမှာလည်း အာဏာရပါတီတွေဟာ သူ့ရဲ့ခေါင်းဆောင်ဟာ နိုင်ငံရဲ့ ဒီပြုပြင်ပြောင်းလဲမှု၊ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေကို မူဝါဒချတဲ့နေရာမှာ အနိုင်ရပါတီရဲ့ဥက္ကဋ္ဌဟာ အဓိကအခန်းကဏ္ဍမှာရှိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဦးတည်တယ်၊ ငြိမ်းချမ်းရေးကို ဦးတည်တယ်၊ ပြည်သူတွေ ထိခိုက်နစ်နာမှုတွေကို ရှောင်ရှားလိုတဲ့ ဦးတည်ချက်အရ အခုလို ဒေါ်အောင်ဆန်းစုကြည် သမ္မတတာဝန်ကို တိုက်ရိုက်မယူသော်လည်းပဲ တိုင်းပြည်ကို ကောင်းမွန်စွာ ခေါင်းဆောင်နိုင်မှာ ဖြစ်တဲ့အတွက် ဒါဟာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးအတွက် အများကြီး အကျိုးပြုတဲ့အတွက် ကောင်းတဲ့အခြေအနေတရပ်လို့ပဲ ပြောချင်တယ်။” ဒေါ်တင်တင်ညို  (မြန်မာ့အမျိုးသမီးသမဂ္ဂ ဥက္ကဋ္ဌ) “ပြောရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတမဖြစ်နိုင်ဘူးဆိုတာ ကျမတို့ ကြိုတင်မှန်းထားပြီးသားပေါ့နော်၊ အခုဆိုလို့ရှိရင်တော့ တခြားတယောက်ကနေ ဖြစ်လာတယ်ဆိုရင်လည်း သူ့အနေနဲ့က ဒီအပေါ်မှာ သေသေချာချာ ဦးဆောင်ပြီးတော့မှ ထိန်းကျောင်းသွားနိုင်မယ်လို့ ကျမတို့ ယုံကြည်တယ်ပေါ့နော်၊ ခုဖြစ်လာမယ့် သမ္မတကိုပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အများပြည်သူတွေက မျှော်မှန်းထားတဲ့အရာတွေကို ဖြစ်လာမယ့် သမ္မတကလည်း သေသေချာချာ နားလည်သဘောပေါက်ထားတဲ့အတွက်ကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောက်ကနေ လိုက်ပါအကောင်အထည်ဖော်သွားနိုင်မယ်လို့ ကျမတို့ ယုံကြည်ပါတယ်။ သမ္မတမဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က အထူးတလည် နစ်နာသွားမယ်လို့ မမြင်ပါဘူး။ သူက ပါတီမှာလည်းဥက္ကဋ္ဌ၊ အခုဖြစ်လာနိုင်ခြေရှိတဲ့ ဦးထင်ကျော်ကလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ယုံကြည်မှု အပြည့်ရှိပြီးတော့မှ ရိုကျိုးလိုက်နာမှု ရှိတဲ့သူပဲပေါ့။ ဒါကြောင့်မို့လည်းပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကတော့ ဆက်ရှိနေဦးမှာပဲ၊ ရှေ့မှာသာ မရှိတာ နောက်ကွယ်မှာတော့ရှိဦးမှာပဲ။ ဒါကြောင့်မို့လို့ အထူးတလည် နစ်နာသွားမယ်လို့ မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လွှတ်တော်မှာ အများစုကို ကိုယ်စားပြုနေတဲ့သူတွေကလည်း အန်အယ်လ်ဒီတွေကပဲဆိုတော့ သူတို့ကလည်း စုပေါင်းဦးဆောင်မှု စနစ်တွေနဲ့ သေသေချာချာ လုပ်ဆောင်သွားနိုင်မယ်လို့ယုံကြည်တယ်။” ဦးအောင်မျိုးမင်း ((Equality Myanmar ဒါရိုက်တာ) “တကယ်လို့သာ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်မယ်ဆိုရင် သားရွှေအိုးထမ်းတဲ့ ကိစ္စမျိုးပေါ့နော်။ ကျနော်တို့မျှော်မှန်းတဲ့ ခေါင်းဆောင်ကောင်း လုပ်ပိုင်ခွင့်လည်း ရှိမယ်။ နိုင်ငံတကာရဲ့ အကူအညီအထောက်အပံ့တွေ၊ အသိအမှတ်ပြုမှုတွေကောင်းမယ်။ အဲဒီတော့ ဒါက အကောင်းဆုံဖြစ်မယ်။ ဒါပေမယ့် အခုတော့ အဲဒီလိုမဖြစ်ဘူးဗျ။ မဖြစ်ပေမယ့် ကျနော်တို့ဘက်ကတော့ ရွေးချယ်ထားတဲ့ လူတွေအပေါ်မှာ အကောင်းဆုံးတော့ ရွေးချယ်ထားတယ်လို့ ယူဆတယ်။ အထူးသဖြင့် ဖက်ဒရယ်ကိစ္စ၊ တိုင်းရင်းသားကိစ္စကို အလေးထားပြီးတော့ လုပ်ဆောင်မယ်လို့ ကျနော်တို့ ယုံကြည်တယ်။ အဲဒီတော့ ဒီရွေးချယ်ထားတဲ့သမ္မတ၊ ဒုတိယသမ္မတထဲမှာ ဆိုရင် ကျနော်တို့ သူတို့ပေါ်မှာ ခိုင်မာတဲ့ယုံကြည်ချက်တွေ၊ သစ္စာရှိမှုတွေရှိတယ်ဆိုတာ ကျနော်တို့ လက်ခံတယ်။ အဲဒီထဲမှာမှ ပင်ကိုယ်ပညာတွေ၊ အတွေ့အကြုံတွေ စတဲ့ အရည်အချင်းနဲ့ပေါင်းစပ်နိုင်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်ပေမယ့် ဒီဖြစ်တဲ့ပုံစံအတိုင်းပဲ အကောင်းဆုံး ရှေ့ဆက်သွားဖို့အတွက် မျှော်လင့်ပါတယ်။ ပြည်သူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အရမ်းမျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ လူထုအားလုံးက ဒေါ်အောင်ဆန်းစုကြည်ကိုလိုလားတယ်၊ မျှော်လင့်ချက်တွေ အများကြီးရှိတယ်ဆိုတာ သိတယ်။ ဒါပေမယ့် ဒီလိုမျိုးမပါလာတဲ့အတွက်ကြောင့်မို့လို့ စိတ်မကောင်းတဲ့သူတွေ ရှိပါလိမ့်မယ်၊ ဒါပေမယ့်လည်း တဖက်မှာပြန်ကြည့်တဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ၅၉ (စ) ကို မပြင်နိုင်မချင်း ဒေါ်အောင်ဆန်းစုကြည်က ဖြစ်ဖို့အတွက် အခက်အခဲရှိတယ်ဆိုတာ သဘောပေါက်ထားပါတယ်။ အခုချိန်မှာ ဒီလိုကန့်သတ်ချက်ကြောင့်မရှိပေမယ့် ရင်ထဲက ပြည်သူရဲ့ဆန္ဒထဲမှာ နှလုံးသားထဲမှာ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ရဲ့ခေါင်းဆောင်အဖြစ် သတ်မှတ်ထားတဲ့သူတွေတော့ ရှိနေကြဦးမှာပါပဲ။”

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024