Home
မြန်မာသတင်း
မြန်မာနှစ်ဦးထံမှ ဘတ် ၁၆ သန်းတန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းဆီးရမိ
DVB
·
March 11, 2016
ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကန်ချနဘူရီခရိုင် ဆန်ခပူရီမြို့နယ်ထဲမှာ မြန်မာနိုင်ငံဘက်က ၀င်လာတဲ့ ကာလတန်ဖိုး ဘတ် ၁၆ သန်းတန်ဖိုးရှိ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိတယ်လို့  ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ အဲဒီစိတ်ကြွဆေးတွေဟာ မြန်မာနိုင်ငံကနေ မလေးရှားနိုင်ငံကို ပို့ဆောင်ဖို့ဖြစ်ပြီး ထိုင်းနိုင်ငံကို ကြားခံနယ်မြေအဖြစ် အသုံးချနေတဲ့ မူးယစ်ကုန်သည် ဂိုဏ်းကြီးတစ်ခုကို ပထမဆုံးအကြိမ် ဖမ်းမိတာလို့ မတ်လ ၁၀ ရက်နေ့ မနက် ၁၀ နာရီအချိန်က ကန်ချနဘူရီခရိုင် ရဲဌာနချုပ်ရှေ့သတင်းစာရှင်းပွဲမှာ ဒုစခန်းမှူး ရဲမှူး ဆွန်ဆဒ်ဒီး ယင်ပလိုင်က ပြောကြားခဲ့ပါတယ်။ ဒီမတိုင်ခင်က ဆန်ခပူရီနယ်မြေထဲမှာ ဘုရားသုံးဆူဘက်ကနေ မူးယစ်ဆေးဝါး အချီကြီး သယ်လာမယ်ဆိုတဲ့သတင်းကို ကြိုတင်ထောက်လှမ်းရရှိခဲ့ပြီး မသင်္ကာသူတွေကို စောင့်ကြည့်ခဲ့ ရာမှာ မတ် ၇ ရက်နေ့က မသီသီဝင်း အသက် ၄၂ နှစ်ထံမှ   လက်ဆွဲအိတ် ၂ လုံးနဲ့ သယ်လာတဲ့ စိတ်ကြွဆေး အလုံးပေါင်း ၈ သောင်းကို နောင်လူးရပ်ကွက်ထဲမှာ ဖမ်းမိခဲ့တယ်လို့ ရဲမှူးက ဆက်ပြောပါတယ်။ မသီသီဝင်းရဲ့ထွက်ဆိုချက်အရ အဲဒီမူးယစ်ဆေးတွေကို ထိုင်းတောင်ပိုင်း ဟတ်ယိုင်ခရိုင်ကို ပို့ဆောင်ပေးရမှာဖြစ်ပြီး အဲဒီကနေတဆင့် မလေးရှားနိုင်ငံကို တင်ပို့ဖို့ ဖြစ်ကြောင်း၊ သူမဟာ ယခင်ကလည်း တကြိမ်သယ်ဆောင်ပေးခဲ့ဖူးပြီး သယ်ပို့ခ မြန်မာငွေ ကျပ် ၅ သိန်းရရှိတယ်လို့ ပြောပါတယ်။ တာဝန်ရှိသူတွေဟာ နယ်မြေရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး သူတို့အချိန်းအချက်လုပ်ထားတဲ့ ဟတ်ယိုင်မြို့  ဘန်ဖူးရပ်ကွက် ဓာတ်ဆီဆိုင်တစ်ဆိုင်ကနေ ဆိုင်ကယ်နဲ့ မူးယစ်ဆေးဝါး လာယူတဲ့ မြန်မာနိုင်ငံသား ကိုအောင်ထူးအောင် (အသက် ၃၉ နှစ်) ကို ဆက်လက်ဖမ်းဆီးခဲ့ပါတယ်။ အဆိုပါ ကိုအောင်ထူးအောင်ရဲ့ ဆိုင်ကယ်ထဲမှာလည်း နောက်ထပ် စိတ်ကြွဆေး ၆ သောင်း ဖမ်းမိတယ်လို့ ဆိုပါတယ်။ ကိုအောင်ထူးအောင်ကလည်း သူ့အနေနဲ့ အဲဒီမူးယစ်ဆေးတွေကို မလေးရှားနိုင်ငံကို ပို့ဆောင်ပေးရင် မလေးငွေ ရင်းဂစ် ၃ ထောင်ရမယ်လို့ ထွက်ဆိုသွားပါတယ်။ ဒါ့အပြင် သူတို့ ၂ ဦး လွတ်မြောက်ဖို့  ဟတ်ယိုင်ရဲဝန်ထမ်းတစ်ဦးကို ဘတ် ၃ သိန်းပေးမယ်လို့လည်း လာဘ်ထိုးခဲ့ရာမှာ ရဲဝန်ထမ်းက သဘောတူ ယောင်ဆောင်ပြီး သူတို့လက်ထဲရှိ ငွေ ၁၂၅၀၀၀ ဘတ်၊ ဘဏ်ထဲရှိငွေ ၂၂၀၀၉၂ ဘတ် နဲ့ အေတီအမ်ကတ် ၂ ခု ၊ မော်တော်ဆိုင်ကယ်တစ်စီး၊ တယ်လီဖုန်းတစ်လုံးကိုပါ ထပ်မံသိမ်းဆည်းလိုက်ပါတယ်။ သူတို့နောက်ခံ မူးယစ်ဆေးဝါးကွင်းဆက်တွေကိုလည်း ဆက်လက်စုံစမ်းဖော်ထုတ်အရေး ယူသွားမယ်လို့ ရဲတပ်ဖွဲ့က သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024