အမေရိကန်နိုင်ငံ၊ တောင်ကာရိုလိုင်းနားပြည်နယ်၊ အောက်တ်ကပ်စ်ငါးဖမ်းအဖွဲ့မှ အမျိုးသားတဦးဟာ အလေးချိန် ပေါင် ၂၅၀၀ ရှိတဲ့ ငါးမန်းဖြူကြီးတကောင်ကို ဖမ်းမိခဲ့တယ်လို့ ယူပီအိုင်သတင်းမှာ ဖော်ပြပါတယ်။
မတ်လ ၈ ရက်နေ့ နေ့လယ် ၂ နာရီ ၅၀ လာက်မှာ ထရိုင်ဘိုးမန်း အမည်ရတဲ့ ငါးဖမ်းသမားက ငါးမန်းဖြူကြီးကို တင်နက်ဆီပြည်နယ်၊ ဘူးလ်စ်ဂက်ပ်မြို့မှာ ဖမ်းမိခဲ့တဲ့ ဓာတ်ပုံကို အောက်တ်ကပ်စ်အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်ခဲ့တာပါ။
ငါးမန်းဖြူကြီးဟာ ငါးမျှားချိတ်မှာ ၂ မိနစ်လောက် ငြိနေခဲ့ပြီးမှ ရေပေါ်ကို ဘွားကနဲ ပေါ်လာခဲ့ချိန်မှာ သူတို့ဟာ လှေနဲ့ ကပ်ဆွဲခေါ်ခဲ့ကာ အမြီးပိုင်းဆူးတောင်မှ ဒီအန်အေစစ်ချက်ရယူဖို့ ပြင်ဆင်ခဲ့ပြီး ည ၇ နာရီလောက်မှာမှ ပြန်လွှတ်ပေးခဲ့ကြတာလို့ ဆိုပါတယ်။
အဖွဲ့ရဲ့ သင်္ဘောကပ္ပတိန် ချစ်ပ်မီချာလပ်ဖ်က “သူ(ငါးမန်းမကြီး)ဟာ ကျန်းမာ ပျော်ရွှင်စွာနဲ့ တောင်ကာရိုလိုင်းနား ကမ်းရိုးတန်းတလျှောက် ကူးခပ်သွားခဲ့တယ်” လို့ ဓာတ်ပုံအညွှန်းမှာ ရေးခဲ့ပါတယ်။
ဒါဟာ ဒီကမ်းရိုးတန်းမှာ ၅ ကောင်မြောက် တွေ့ရှိရတဲ့ ငါးမန်းဖြူကြီးဖြစ်ပြီး သူနဲ့ သူ့အဖွဲ့သားတွေအနေနဲ့ ၃ ကြိမ်မြောက် ဖမ်းမိတာဖြစ်တယ်လို့ သူက ပြောပါတယ်။
သူက ငါးမန်းဖြူအမျိုးအစားဟာ ဉာဏ်ပညာကြီးတယ်လို့ ချီးကျူးပြောဆိုခဲ့ပြီး ငါးမန်းတွေရဲ့ ရွှေ့ပြောင်းသွားလာမှုနဲ့ စားသောက်နေထိုင်မှုဆိုင်ရာ ရင်းမြစ်တွေကို လေ့လာနေခဲ့တာ ၁၂ နှစ်ကျော်ရှိခဲ့ပြီလို့ ဆိုပါတယ်။