Live
Home
မြန်မာသတင်း
ပဲခူးမြို့တွင် ကာကွယ်ဆေးထိုးကလေးများ သေဆုံးရမှုအတွက် စစ်ဆေးနေ
ပိုင်စိုး
·
March 11, 2016
ပဲခူးမြို့က အထွေထွေရောဂါကုဆေးရုံကြီးမှာ အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေး ထိုးပြီးနောက် မွေးကင်းစကလေး ၃ ဦး သေဆုံးခဲ့ရတာနဲ့ပတ်သက်ပြီး လိုအပ်တဲ့ စစ်ဆေးတာတွေ လုပ်နေတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဆေးရုံကြီးမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မွေးဖွားခဲ့တဲ့ ကလေးငယ် ၄၃ ဦးထဲက ၂၈ ဦးကို ပုဂ္ဂလိကဆေးဆိုင်က အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေးထိုးခဲ့တာပါ။ အဲဒီထဲက ၂ ဦးဟာ အိမ်မှာပဲ သေဆုံးခဲ့ပြီး နောက် ၁ ဦးကတော့ ဆေးရုံကို ပြန်ရောက်တဲ့နောက် ထပ်ပြီး သေဆုံးခဲ့ပါတယ်။ ၄ ဦးကတော့ စိုးရိမ်ရလို့ မတ် ၉ ရက်နေ့ ညနေပိုင်းမှာ ရန်ကင်း ကလေးဆေးရုံကို ပို့လိုက်ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တွေ ပါတဲ့အဖွဲ့တွေက ကွင်းဆင်းစစ်ဆေးခဲ့တာပါ။ တွေ့ရှိချက်တွေအရ ကလေးငယ်တွေကို ထိုးနှံခဲ့တဲ့ကာကွယ်ဆေးဟာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စီမံချက်နဲ့ ဆောင်ရွက်တာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ကလေးငယ်တွေမှာ သွေးအဆိပ်တက်တဲ့ လက္ခဏာ တွေ့ရတာဟာ ကာကွယ်ဆေးထိုးတာနဲ့ ပတ်သက်၊ မပတ်သက်ကိုတော့ ဆက်ပြီး စစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။ ပြီးတော့ ထိုးနှံခဲ့တဲ့ ဆေးတွေဟာ အစစ်အမှန် ဟုတ်၊ မဟုတ်နဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှာ မှတ်ပုံတင်ထားတာ ရှိ၊ မရှိကိုလည်း ဆက်လက် ဖော်ထုတ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ - Thant Zin

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024