အမေရိကန် သတိပေးသော်လည်း အီရန်က နောက်ထပ် ဒုံးကျည် ၂ စင်း ပစ်လွှတ် (ရုပ်သံ)

မတ်လ ၈ ရက်နေ့က တိုက်ချင်းပစ်ဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်လို့ အမေရိကန်နိုင်ငံက အီရန်ကို သတိပေးနေချိန်မှာပဲ မတ်လ ၉ ရက်နေ့မှာ နောက်ထပ်ဒုံးကျည် ၂ စင်း စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။ နိုင်ငံမြောက်ပိုင်းကနေ နိုင်ငံအရှေ့တောင်ပိုင်းမှာရှိတဲ့ ပစ်မှတ်တွေဆီ စမ်းသပ်ပစ်လွှတ်ခဲ့ပြီး အစ္စရေးနိုင်ငံ အကွာဝေးအထိ ပစ်လွှတ်နိုင်တယ်လို့ ဆိုပါတယ်။ မတ်လ ၈  ရက်နေ့ကတော့ နိုင်ငံတ၀န်းမှာရှိတဲ့ မြေအောက် ဒုံးကျည်ပစ်လွှတ်ရေး စခန်းတွေကနေ စစ်ရေးလေ့ကျင့်မှု အစီအစဉ်တခုအနေနဲ့ တာဝေးပစ်ဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်ခဲ့တာပါ။ ဒီနှစ် ဇန်န၀ါရီလကလည်း အခုလို ဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်မှု လုပ်ခဲ့လို့ အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့မှုအသစ်တွေ လုပ်ခဲ့ပါတယ်။ အီရန်ကတော့ သူ့မှာ နျူကလီးယားလက်နက် ပိုင်ဆိုင်စရာ မရှိတဲ့အတွက် သူ့ရဲ့ တိုက်ချင်းပစ်ဒုံးကျည် နည်းပညာကို ဆက်လက်တိုးမြှင့်သွားမယ်လို့ ပြောပါတယ်။ မတ်လ ၉ ရက်နေ့က ထပ်ပြီး ပစ်လွှတ်လိုက်တဲ့ ဒုံးကျည် ၂ စင်းလုံးဟာ မိုင် ၉၀၀ လောက်က ပစ်မှတ်တွေကို ထိမှန်တယ်လို့ အစိုးရပိုင်ရုပ်သံက ကြေညာပါတယ်။ ဒုံးကျည်တွေပေါ်မှာ အစ္စရေးနိုင်ငံ ပျောက်ကွယ်သွားစေရမယ်ဆိုတဲ့ စာတန်း ရေးသားထားတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up