လိင်ဆက်ဆံမှုမှ ဇီကာဗိုင်းရပ်စ် ကူးစက်မှု သိသိသာသာ အဖြစ်များဟု ဒဗလျူအိတ်ခ်ျအို ပြော

ဓာတ်ပုံ - တယ်လီဂရပ်ဖ်
3.9K
လိင်ဆက်ဆံမှုကနေ ဇီကာဗိုင်းရပ်စ် ကူးစက်မှုဟာ ထင်ခဲ့တာထက်ကို သိသိသာသာ ပိုအဖြစ်များနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (ဒဗလျူအိတ်ခ်ျအို) က မတ် ၈ ရက်နေ့က ထုတ်ဖော် ပြောဆိုပါတယ်။
မတ် ၈ ရက်နေ့ ဒဗလျူအိတ်ခ်ျအို အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ပြီး ဇီကာဗိုင်းရပ်စ်နဲ့ ကလေးတွေ ပုံမှန်မဟုတ်ဘဲ မွေးဖွားမှု ဆက်စပ်တဲ့ အထောက်အထားသစ်တွေ ပိုမိုတွေ့နေရတယ်လို့လည်း ဒဗလျူအိတ်ခ်ျအိုက ဆိုပါတယ်။
လတ်တလော အမေရိကားတိုက်ရှိ နိုင်ငံတွေမှာ ဇီကာဗိုင်းရပ်စ် ပြန့်ပွားမှုကို ကမ္ဘာ့အရေးပေါ် အခြေအနေအဖြစ် ဒဗလျူအိတ်ခ်ျအိုက ပြီးခဲ့တဲ့လက ကြေညာထားပါတယ်။
ဇီကာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေတဲ့ နိုင်ငံတွေက နောက်ဆုံးရရှိထားတဲ့ စုံစမ်းစစ်ဆေးမှုတွေ၊ အစီရင်ခံစာတွေအရ လိင်ဆက်ဆံမှုနဲ့ ဇီကာဗိုင်းရပ်စ် ကူးစက်မှုဟာ အရင်ထင်ထားတာထက် ပိုခိုင်ခိုင်မာမာ တွေ့ရှိနေရပြီး တကယ့်ကို စိုးရိမ်ကြောက်လန့်စရာလို့ ဒဗလျူအိတ်ခ်ျအို ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မာဂရက် ချန် (Dr. Margaret Chan) က ပြောပါတယ်။
ဦးခေါင်းနဲ့ ဦးနှောက် ပုံမှန်ဖွံ့ဖြိုးမှုအဆင့်မရှိဘဲ ကလေးမွေးဖွားမှု မိုက်ခရို ဆီဖလီ (Microcephaly) ရောဂါနဲ့ ဇီကာဗိုင်းရပ်စ် ဆက်စပ်မှုဟာလည်း တခြား ကျန်းမာရေး ပြဿနာတွေထဲက တခုပဲ ရှိသေးတယ်လို့ ဒဗလျူအိတ်ခ်ျအို ညွှန်ချုပ် မာဂရက်ချန်က ပြောပါတယ်။