ဒုတိယသမ္မတလောင်းတင်ဖို့ အန်အယ်ဒီပါတီ ကိုယ်စားလှယ်လောင်းအပြင် နောက်ထပ် ၅ ဦး ရှိနေပြီး လျှောက်လွာတွေ လာထုတ်သွားတယ်လို့ သိရပါတယ်။
အဲဒီ့ထဲမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းပါ ပါပြီး တကယ်တင်မယ် မတင်ဆိုတာကတော့ မသိရသေးပါဘူး။ တင်မဲ့သူတွေ များနေမယ်ဆိုရင်တော့ ၁၁ ရက်နေ့မှာ မဲခွဲကြဖို့ ရှိပါတယ်။
မတ် ၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းထိန် နဲ့ ဒေါက်တာဇော်မြင်မောင်တို့က တိုင်းနဲ့ ပြည်နယ်က တာာဝန်ခံတွေနဲ့ တွေ့ဆုံခဲ့ကြပြီး ကိုယ်စားလှယ်လောင်းတွေ ကျန်းမာရေး အနေအထိုင်ဆင်ခြင်ကြဖို့ တမဲမှ အဆုံးမခံနိုင်ဘူးလို့ မှာကြားသွားတယ်လို့ အစည်းအဝေးတက်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတဦးက ပြောပါတယ်။
မတ် ၁၀ ရက်နေ့ ညနေ ၅ နာရီမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ စည်ပင်ရိပ်သာကိုလာပြီး ကိုယ်စားလှယ်လောင်းတွေနဲ့ တွေ့ဖို့လည်းရှိပါတယ်။
အန်အယ်လ်ဒီပါတီက တင်သွင်းမယ့် ဒုတိယသမ္မတလောင်း ၂ ယောက်အမည်စာရင်းကို ကြိုတင်သိရဖို့အတွက် ပြည်တွင်းပြည်ပသတင်းထောက်တွေ မတ် ၉ ရက်နေ့ ညပိုင်းအထိ နေပြည်တော်စည်ပင်ရိပ်သာမှာ သွားရောက်စောင့်ဆိုင်းနေကြပါတယ်။
အန်အယ်လ်ဒီရဲ့ ပြောခွင့်ရသူအဖြစ်တာဝန်ပေးထားတဲ့ ဒေါက်တာဇော်မြင့်မောင်ကတော့ မတ် ၁၀ ရက်နေ့ ၁၀ နာရီ ၁၅ မှာ အားလုံးသိရမှာ ဖြစ်ပြီး အဆင့် သင့်ဖြစ်နေပြီလို့ ပြောပါတယ်။