ရေထဲက လင်းပိုင်ကို ဆင်းဖမ်းသည့် ခွေးမလေး (ရုပ်သံ)

အမေရိကန်နိုင်ငံက ဒက်ရှန်းအမျိုးအစား ခွေးပုလေးတကောင်ရဲ့ ရေထဲက လင်းပိုင်တကောင်ကို ဆင်းဖမ်းခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ ခုသီတင်းပတ်အတွင်း အင်တာနက် စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေပါတယ်။ ဒါဟာ ရဲရင့်မှုလား၊ မိုက်မဲမှုလားဆိုတာတော့ ကြည့်ရှုသူပေါ်မှာ မူတည်နေပါလိမ့်မယ်။ ဂရေစီအမည်ရတဲ့ အဲဒီခွေးမလေးဟာ သခင်ဖြစ်သူနဲ့အတူ ဖလော်ရီဒါပြည်နယ်၊ ကနားဗရော်အငူမြို့၊ ဘနားနားမြစ်ထဲ ကယပ်လှေပေါ် ရှိနေချိန်မှာ ရုတ်တရက် ရေထဲမှာ ဖြတ်ကူးသွားတဲ့ လင်းပိုင်ကို ဖမ်းဖို့ ခုန်ဆင်းခဲ့တာပါ။ မက်ထရိုသတင်းမှာ ဖော်ပြထားတဲ့ ရုပ်သံဗွီဒီယိုဖိုင်မှာ ရုတ်တရက် ရေထဲထိုးဆင်းသွားတဲ့ ဂရေစီကို စိတ်ပူပန်ပြီး အော်ဟစ်တားမြစ်လိုက်တဲ့ သခင်ဖြစ်သူ တီနာကယ်လ် ဒရင်းရဲ့ အသံကို ကြားရပါတယ်။ ဒါပေမယ့် လင်းပိုင်ရော ခွေးမလေးပါ ထိခိုက်ဒဏ်ရာရှိတာမျိုး မရှိခဲ့ပါဘူး။ ယူကျု အင်တာနက်စာမျက်နှာပေါ် တင်ခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင် အညွှန်းမှာတော့ တီနာက “သူက အရမ်းဆော့ချင်ပါတယ်။ ကျမအိမ်မှာက ဆိတ်တွေမွေးထားတော့ သူက ဆိတ်တွေနောက် ပြေးလိုက်ပြီး ဆော့နေကျရှင့်။ ရေထဲမှာ ဆော့ရတာလည်း ပျော်တယ်။ အိမ်ကရေကူးကန်ထဲလည်း ရေကူးနေကျပါ။ သူက ရေသတ္တ၀ါတွေကိုလည်း သဘောကျတယ်” လို့ ရေးခဲ့တာပါ။

More News
Up