ရုရှားတင်းနစ်မယ် ရှာရာပိုဗာ တားမြစ်ဆေး အစစ်ဆေးခံရာတွင် ကျရှုံး

ဓာတ်ပုံ - ရိုက်တာ
ရုရှားတင်းနစ်မယ် မာရီယာ ရှာရာပိုဗာက တားမြစ်ဆေးအတွက် အစစ်ဆေးခံရာမှာ ကျရှုံးခဲ့တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ကမ္ဘာ့နံပါတစ်ဟောင်း ရှာရာပိုဗာက ပြီးခဲ့တဲ့ ဇန်န၀ါရီလ သြစတြေးလျ အိုးပန်း တင်းနစ်ပြိုင်ပွဲအတွက် ဆေးစစ်ရာမှာ ကျခဲ့တာ ဖြစ်ပါတယ်။ သူဟာ အမေရိကန်သူ စရီနာကို ရှုံးတဲ့ သြစတြေးလျအိုးပန်း ကွာတားဖိုင်နယ် ပွဲစဉ်နေ့မှာပဲ ဆေးစစ်ခံရာမှာ ဆေးကျခဲ့တာပါ။ အသက် ၂၈ နှစ်အရွယ် တင်းနစ်မယ်ဟာ တားမြစ်ထားတဲ့ Meldonium ဆေးကို သုံးစွဲခဲ့တာပါ။ အခုဆေးကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁ ရက်နေ့မှာ စတင်ပြီး မသုံးစွဲဖို့ တားမြစ်ခဲ့တာပါ။ ရှာရာပိုဗာကတော့ အခုဆေးကို သူ့ကျန်းမာရေးအတွက် ၂၀၀၆ ခုနှစ်ကတည်းက သုံးစွဲခဲ့တာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ အခုလို တားမြစ်ဆေး သုံးစွဲမှုကြောင့် လာမယ့် ၁၂ ရက်နေ့ကစပြီး နိုင်ငံတကာ တင်းနစ်အဖွဲ့ချုပ်ရဲ့ အရေးယူမှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ရှာရာပိုဗာဟာ ဂရန်းစလန်း ချန်ပီယံဆု ၅ ကြိမ် ရဖူးထားပြီး အသက် ၁၇ နှစ်အရွယ်မှာပဲ ၀င်ဘယ်ဒန် ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up