ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံချက်ကို တုံ့ပြန်မှုအဖြစ် မြို့ပြစီမံကိန်း ရေးဆွဲရေးနဲ့ အခြေခံအဆောက်အဦတွေ တည်ဆောက်ခြင်းလို အကြီးစား အကူအညီပေးရေး ကိစ္စကို ဂျပန်အစိုးရက စဉ်းစားနေတယ်လို့ ဂျပန်တိုင်းမ်သတင်းက ဆိုပါတယ်။
အစိုးရသတင်းရပ်ကွက်ကို ကိုးကားရေးသားရာမှာ လာမယ့်ဧပြီလမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့စည်းတဲ့အခါ တရားဝင် ဖွံ့ဖြိုးရေးအကူအညီအဖြစ် ချေးငွေနဲ့ ထောက်ပံ့ငွေ စုစုပေါင်း ဂျပန်ယန်းငွေ ဘီလီယံ ၁၀၀ ကူညီသွားရေးကို ဂျပန်က စီစဉ်နေတယ်လို့ ဆိုပါတယ်။
ဧပြီလဆန်း အစိုးရဖွဲ့စည်းအပြီး ဒီကိစ္စကို ဇွန်လ၀န်းကျင်မှာ အသေးစိတ် ဆွေးနွေးလိုတယ်လို့ ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂ၀င် နိုင်ငံတွေဟာ စစ်ကောင်စီလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ရပ်တည်ထောက်ခံခဲ့ကြပြီး တရုတ်နိုင်ငံက စစ်ကောင်စီဘက်က ရပ်ခဲ့ပါတယ်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ အထူးအကြံပေး ဟီရိုတိုအီဇူမီ မြန်မာပြည်ကို ဖေဖော်ဝါရီလမှာ လာရောက်လည်ပတ်စဉ် ဒေါ်အောင်ဆန်းစုကြည်က ဂျပန်အကူအညီကို မေတ္တာရပ်ခံခဲ့တာလို့ ဆိုပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်အစိုးရသစ်မှာ နိုင်ငံအကြီးအကဲ မဖြစ်ပေမယ့်လည်း ဂျပန်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရသစ်ရဲ့ တကယ့်ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုတယ်ဆိုတာကို မစ္စတာ အီဇူမီက ဒေါ်အောင်ဆန်းစုကြည်ကို ပြောခဲ့တယ်လို့ သတင်းရပ်ကွက်က ပြောပါတယ်။
ဂျပန်ရဲ့ အိုဒီအေ စီမံချက်တွေဟာ အန်အယ်လ်ဒီက စီးပွားရေးတိုးတက်ဖို့အတွက် ဦးစားပေးလုပ်မယ့် လျှပ်စစ်ဓာတ်အားနဲ့ ရန်ကုန်ဧရိယာတွင်း သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံတွေ တိုးတက်ကောင်းမွန်ရေးတွေ ပါဝင်ဖွယ်ရှိပါတယ်။