Home
ဆောင်းပါး
စူပါ အင်္ဂါနေ့၊ ဒေါ်နယ်လ်ထရမ့်၊ ကေသုံးလုံးနဲ့ အမေရိကန် အနာဂတ်
DVB
·
March 7, 2016
ဒီသီတင်းပတ်အတွင်း နိုင်ငံတကာမှာ အတော်ကြီး လူစိတ်စားခဲ့တဲ့ သတင်းကတော့ အမေရိကန်နိုင်ငံက စူပါအင်္ဂါနေ့ သတင်းပါပဲ။ ဒီလို နိုင်ငံတကာက ပြည်သူတွေ စိတ်ဝင်တစား ရှိခဲ့ကြတာကတော့ အဲဒီ စူပါအင်္ဂါနေ့ဟာ အမေရိကန်နိုင်ငံရဲ့ အဓိကပါတီကြီး ၂ ပါတီဖြစ်တဲ့ ရီပတ်ဗလစ်ကန်ပါတီနဲ့ ဒီမိုကရက်ပါတီက ပါတီသမ္မတလောင်း ရွေးချယ်ဖို့ အမေရိကန် ပြည်ထောင်စုက ပြည်နယ်အများဆုံးကို မဲဆန္ဒပေးခွင့် အခွင့်အရေးပေးထားတဲ့နေ့ ဖြစ်လို့ပါပဲ။ သမ္မတ မဲဆွယ်ပွဲ အများဆုံးရဲ့ အလှည့်အပြောင်းဖြစ်တဲ့ အချိန်လို့လည်း အများအားဖြင့် ရှုမြင်ကြတာဖြစ်ပြီး အဲဒီပါတီကြီးတခုစီကသမ္မတ လောင်းအဖြစ် ဘယ်သူ အရွေးချယ်ခံရတယ် ဆိုတာကို အဓိကပြသတဲ့ အချက်ပြနေ့လည်းဖြစ်ပါတယ်။ လာမယ့်အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ရီပတ်ဗလစ်ကန် ပါတီက ကိုယ်စားလှယ် ၅ ယောက်ဖြစ်တဲ့ ဒေါ်လ်နယ်ထရမ့်၊ တက်ဒ်ခရုဇ်၊ ဘင်းကာဆန်၊ ဂျွန်ခေးဆစ် နဲ့မာကို ရူဘီယိုတိုရဲ့ အနာဂတ်ကို ပြသမှာပဲဖြစ်ပါတယ်။ မတ်လ ၁ ရက်နေ့အင်္ဂါနေ့ကတော့ ပြည်နယ် စုစုပေါင်း ၁၂ ပြည်နယ်နဲ့ ဒေသတခုက သူတို့ရဲ့အကြို ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ခဲ့ကြပါတယ်။ ဒီနှစ်မှာတော့ စူပါအင်္ဂါနေ့ ပြည်နယ်တွေထဲမှာ အလာဘားမား၊အာကင်းဆတ်စ် နဲ့တက်ဆ်ခ်ဆက်စ် ပြည်နယ်တွေ တိုးချဲ့ပါဝင်လာခဲ့ပြီး မင်နီဆိုးတား ပြည်နယ်ကလည်းသူ့ရဲ့ အကြို ရွေးချယ်ပွဲကို မတ်လ ၁ ရက်နေ့မှာပဲ ကျင်းပခဲ့ပါတယ်။ စူပါအင်္ဂါနေ့ အပြီးမှာတော့ ဒေါ်လ်နယ်ထရမ့်နဲ့ ဟီလာရီ ကလင်တန် တို့ဟာ အကြီးမားဆုံး အောင်ပွဲရ ကိုယ်စားလှယ်လောင်းတွေ ဖြစ်လာခဲ့ကြပါပြီ။ ထရမ့်က ကိုယ်စားလှယ် ၂၈၅ ရခဲ့ပြီး တက်ဒ်ခရုဇ်က ၁၆၁၊ မာကိုရူဘီယိုက ၈၇ ရရှိခဲ့ပြီး ဒီမိုကရက်ပြိုင်ပွဲမှာတော့ ဟီလာရီ ကလင်တန်က ကိုယ်စားလှယ်လောင်း ၅၄၃၊ ဆင်ဒါဒးစ်က ၃၄၉ ယောက်ရရှိခဲ့ပြီး ဟီလာရီက ၁၀၀၀ - ၃၇၁ နဲ့ ရှေ့ကပြေးနေပါတယ်။ ဟီလာရီ ကလင်တန်က လောဘာမား၊ ဂျော်ဂျီယာ၊ တင်နက်စ်ဆီ၊ ဗာဂျီးနီးယား၊ အာကင်ဆတ်စ် နဲ့ တက်ဆ်ခ်ဆက်စ် ပြညနယ်တွေမှာ အစောပိုင်းကပဲ စုစည်းအနိုင်ရထားခဲ့ပြီး မာဆာချူးဆက်စ် ပြည်နယ်မှာတော့ ပွတ်ခါသီကာနဲ့ပဲ အနိုင်ရရှိခဲ့ပါတယ်။ ဂျော်ဂျီယာ ပြည်နယ်က လူမည်း ၈၀ ရာခိုင်နှုန်းရဲ့ မဲကို ဟီလာရီကလင်တန်က ရရှိခဲ့ပြီး အမျိုးသမီး အများစုရဲ့ မဲကိုလည်း အဲဒီမှာ ရရှိခဲ့ပါတယ်။ အထူးသဖြင့်လူဖြူ မဟုတ်တဲ့ အမျိုးသမီးတွေရဲ့မဲကို လူဖြူ အမျိုးသမီးတွေရဲ့ မဲထက် ပိုရရှိခဲ့ပါတယ်။ ဒါပေမယ့်လူဖြူ အမျိုးသမီး ၁၀ ယောက်မှာ ၆ ယောက်ရဲ့ ထောက်ခံမှုကို ရခဲ့တယ်လို့ ဆိုပါတယ်။ ရီပတ်ဗလစ်ကန် ပါတီ အတွက်ရွေးကောက်ပွဲမှာတော့ စူပါ အင်္ဂါနေ့ အပြီးမှာ ဒေါ်နယ်လ်ထရမ့်က ၇ ပြည်နယ်မှာ အနိုင်ရပြီး တက်ဒ်ခရုဇ်က ၃ ပြည်နယ် နဲ့ရူဘီယို က ၁ ပြည်နယ်ပဲ အနိုင်ရရှိခဲ့တဲ့ အတွက် ဒေါ်လ်နယ်ထရမ့် ဟာ ရီပတ်ဇလစ်ကန် ပါတီရဲ့ သမ္မတလောင်း နေရာအတွက် သေချာသလောက်ဖြစ်သွားခဲ့ပါပြီ။ အဲဒီအချက်ဟာပဲ အမေရိကန်နိုင်ငံနဲ့ သူ့ရဲ့ပြည်သူတွေ ရဲ့သမိုင်းကို အတော်အတန် သိမြင်နားလည်ထားသူတွေအဖို့ အံ့သြသွားရတဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။ ဒေါ်လ်နယ်ထရမ့် ဟာ အမေရိကန်သမ္မတ ရွေးကောက်ပွဲ စ၀င်ခဲ့ပြီး မဲဆွယ် စည်းရုံးရေး စလုပ်ခဲ့တဲ့ အချိန်ကတည်းက သူတင်ခဲ့တဲ့ ကြွေးကြော်သံတွေ၊ ဆောင်ပုဒ် တွေကို ပြန်ကြည့်မယ်ဆိုရင် … “ကျနော်ကတော့ အိုင်အက်စ် တွေအတွက် အဆိုးဆုံးကိစ္စ ပေါ့ဗျာ…” (အဲဒါက ဘာဘရာဝေါ်လ်တာက ၂၀၁၅ ခုနှစ် ဒီဇင်ဘာာလမှာ ဒေါ်လ်နယ်ထရမ့် ကို အကြမ်းဖက်သမားတွေ ရဲ့ကစာားကွက်ထဲ ၀င်သွားမှာစိုးလို့ သတိပေးတာနဲ့ပတ်သက်ပြီး ထရမ့်က တုံ့ပြန်ခဲ့တာပါ။) “ဒေါ်လ်နယ်ထရမ့် က အမေရိကန်နိုင်ငံထဲကို ၀င်လာနေတဲ့ မွတ်ဆလင်တွေကို လုံးဝ ပိတ်ပစ် လိုက်ဖို့ ပြောနေတာပါ။” (၂၀၁၅ ဒီဇင်ဘာ ချာလက်စတန် အက်စ်စီ လူထု စုဝေးပွဲမှာ ပြောခဲ့တာပါ။) “ခင်ဗျားတို့စတားဘတ်ခ် အကြောင်းဖတ်ပြီးပြီလား။စတားဘတ်ခ်မှာ ခရစ်စမတ်ပွဲတွေ ထပ်မလုပ်နဲ့ တော့ ထပ်မလုပ်ပါနဲ့။ ကျနော်တို့စတားဘတ်ခ်ကို သပိတ်မှောက်ကောင်း မှောက်ရလိမ့်မယ်။” (၂၀၁၅ နိုဝင်ဘာ စပရင်းဖီးလ် စုဝေးပွဲမှာ ပြောခဲ့တာပါ။) “ဆောရီးပါ။ ဒီည စင်ပေါ်မှာ စတား မရှိစေရပါဘူး။” အောက်တိုဘာ ဂရက်နေ့ ရတနာကျွန်း ဟော်လ်တယ်နဲ့ကာစီနို ကစားဝိုင်း မဲဆွယ်လူထုစုဝေးပွဲ မှာပြောခဲ့တာပါ။ “ကျနော်တို့မှာ တံတိုင်းတွေရှိရပါမယ်။ ကျနော်တို့မှာ နယ်စပ်မျဉ်းရှိရပါမယ်။ အဲဒီ တံတိုင်းကြီး ထဲမှာတော့ နိုင်ငံထဲကို ၀င်လာမယ့်သူတွေ အတွက် တံခါးကျယ်ကျယ် တခုရှိရပါမယ်။ ဒါပေမယ့် သူတို့က တရားဝင်ဝင်ရောက်လာတာဖြစ်ရမယ်လေ။” အဲဒီလိုမျိုးတွေပြောပြီးသူက မဲဆွယ်စည်းရုံးခဲ့ တာပါ။ သူကိုင်စွဲခဲ့တဲ့ အဲဒီ မဲဆွယ်စည်းရုံးရေးကြွေးကြော်သံတွေ စကားတွေဟာ ဘယ်ကို ဦးတည်နေတယ်။ ဘယ်လောက်အထိ အမေရိကန်နိုင်ငံ အပါအ၀င် ကမ္ဘာပေါ်မှာ အန္တရယ် ကြီးတယ်ဆိုတာ သိကြတဲ့ အမေရိကန် ဒီမိုကရေစီ ချစ်မြတ်နိုးတဲ့ ပြည်သူတွေက သိကြလို့ ဒေါ်လ်နယ် ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်အတွင်းမှာ သူ့ကို ကန့်ကွက်ဆန္ဒပြသူတွေနဲ့ ရင်ဆိုင်ခဲ့ရတာပဲ ဖြစ်ပါတယ်။ တချို့နေရာတွေမှာ ထရမ့် ထောက်ခံသူတွေနဲ့ နိုင်ငံတကာ ဒီမိုကရေစီ စိတ်ရှိတဲ့သူတွေကြားမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပျက်ခဲ့သလို လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့လည်း ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာတွေကို နိုင်ငံတကာက ပြည်သူတွေ ကြားသိ ခဲ့ကြပြီးဖြစ်ပါတယ်။ ကျနော်တို့ယျေဘုယျ သိထားခဲ့တဲ့အတိုင်း ဗီယက်နမ် ကျူးကျော်စစ်မှာ အမေရိကန် ပြည်သူတွေက အမေရိကန်အစိုးရကို ဆန့်ကျင်ကန့်ကွက်ခဲ့ ကြတယ်။ တရားမျှတမှု ဖက်က ရပ်တည်ပေးခဲ့ကြတယ်။ ခု နိုင်ငံရေးလည်းဘယ်တုန်းကမှ မလုပ်ခဲ့ အမေရိကန် ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက်လည်း ဘယ်တုန်းကမှ လောက်လောက်လားလား မစဉ်းစားခဲ့တဲ့ သန်းကြွယ်သူဌေးတယောက်က သမ္မတအဖြစ် တာဝန်ယူပြီး သူ့စိတ်ကူးတည့်ရာ လုပ်ဖို့(သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေကို သုံးပြီး) ကြိုးစားလာတဲ့ ကိစ္စကို အမေရိကန်ပြည်သူလူထုက စူပါ အင်္ဂါနေ့မှာ ထောက်ခံမဲပေးလိုက်လို့ ဒေါ်လ်နယ်ထရမ့်ဆိုတဲ့ အမျိုးသားအစွန်းရောက်ဝါဒီ တယောက်( အမှန်မှာတော့ ကိုယ်ကျိုးစီးပွားဝါဒီသက်သက်)က GOP ဆိုတဲ့ အမေရိကန်သမိုင်းမှာ ထင်ရှားပေါ်လွင်ခဲ့တဲ့ ပါတီကြီးရဲ့ သမ္မတလောင်းအဖြစ် ရွေးချယ်ခံရ ပြီဆိုရင်တော့ အမေရိကန် ပြည်သူတွေရဲ့ သဘောထားကိုပြန်ပြီး လေ့လာသုံးသပ်ဖို့ လိုအပ်လိမ့်မယ်ထင်ပါတယ်။ ဒေါ်လ်နယ်ထရမ့် လို အမျိုးသားရေး အစွန်းရောက်စကားတွေနဲ့ အမျိုးသားရေး အစွန်းရောက် စိတ်ဓာတ်ရှိတဲ့သူတွေကို စည်းရုံးပြီး တိုင်းပြည်ကြီးတခုရဲ့ သမ္မတနေရာကို ရသွားပြီ ဆိုရင်တော့ သူ့ရဲ့ အမေရိကန်နိုင်ငံ(မဟာအင်အားကြီးနိုင်ငံ) တခုတည်းသာမဟုတ်ဘဲ တခြား ကမ္ဘာ့နိုင်ငံတွေ ကိုပါ ထိခိုက် အကျိုးသက်ရောက်မှု ရှိလာမှာကတော့ အသေအချာပဲ ဖြစ်ပါတယ်။ နောက်တခုစိုးရိမ်စရာဖြစ်လာတာက သမ္မတ လောင်းဒေါ်နယ်လ် ထရမ့် ဟာ ရည်ရွယ်ချက် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကူကလပ်ဆ်ခ်ကလင် (KKK) လိုလူဖြူ အမျိုးမြတ်ဝါဒီတွေ ကြားမှာတော့ ရေပမ်းစား လူကြိုက်များလာခဲ့ပါတယ်။ အဲဒီလူတွေဟာ နိုင်ငံရေးလုပ်ငန်းစဉ်တွေ နဲ့ကင်းကင်းကွာကွာနေခဲ့ သူတွေ ဖြစ်ပါတယ်။ ခုတော့သူတို့က ဒေါ်လ်နယ်ထရမ့်ကို ထောက်ခံ လာပါပြီ။ အမျိုးသားအစွန်းရောက်၊ အသားအရောင်ခွဲခြားရေးဝါဒီတွေရဲ့ နိုင်ငံထဲက ရွေ့ပြောင်း နေထိုင်သူ လူမျိုးခြားတွေကို မလိုမုန်းထား ရန်လိုတဲ့စိတ်ဓာတ်တွေနဲ့ ကိုယ့်နိုင်ငံရဲ့ အထူးသဖြင့် နိုင်ငံရေး အာဏာဖိစီးမှု စီးပွားရေးချွတ်ခြုံကျမှု ဆင်းရဲမွဲတွေမှုတွေကြောင့် ကိုယ့်နိုင်ငံကို မလွှဲမရှောင်သာ စွန့်ခွာထွက်ပြေး နိုင်ငံရပ်ခြားမှာ အခြေချနေထိုင်ဖို့ ကြိုးစားနေကြတဲ့သူတွေ အပေါ် မလိုလားတဲ့ စိတ်ဓာတ်တွေဟာ ယဉ်ကျေးမှုစုံ လူ့အဖွဲ့အစည်းလို့ ဂုဏ်ယူတင့်တည်ခဲ့တဲ့ အမေရိကန် နိုင်ငံရဲ့ လူသားဆန်မှုနဲ့ ဂုဏ်သိက္ခာကို ထိပါးညှိုးနွမ်စေမှာကတော့ အသေအချာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိုကရက်တစ်ပါတီကို အားပေးထောက်ခံသူတွေကတော့ အမျိုးသမီးရော အမျိုးသား တွေပါ နိုင်ငံရေးအရ အတွေ့အကြုံ ရင့်ကျက်သူတယောက်ကိုသာ နိုင်ငံရဲ့ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ပေးလိုတဲ့ ဆန္ဒရှိကြတာကို စူပါ အင်္ဂါနေ့ မတိုင်ခင်မှာရော စူပါအင်္ဂါနေ့မှာရော ထင်ထင်ရှားရှား တွေ့မြင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အမေရိကန်သမ္မတ တယောက် လုပ်ချင်တာလုပ်လို့ မရအောင်၊ အတိုက်အခံပါတီက ထိန်းကွပ်ထားသလို သမ္မတရဲ့ ဗီတိုအာဏာကိုတောင် ပယ်ဖျက်ခွင့်ကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ အရ လွှတ်တော်က လုပ်ပိုင်ခွင့်ရရှိထားတဲ့နိုင်ငံဖြစ်ပေမယ့် သမ္မတရဲ့ အဆုံးအဖြတ်ဟာ အလွန်အရေးပါ သလို လုပ်ပိုင်ခွင့် အခွင့်အရေးလည်း ရှိနေတဲ့အတွက် ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေးသမားလည်း မလုပ်ခဲ့ဖူးသလို နိုင်ငံရေး သဘောတရားတွေ၊ အတွေးအခေါ်နဲ့ မူဝါဒတွေနဲ့ပတ်သက်ပြီး နားလည် တတ်ကျွမ်းမှု မရှိတဲ့သူတယောက်က သမ္မတတာဝန်ယူမယ်ဆိုတဲ့ ကိစ္စကတော့ အများကြီး အန္တရာယ်ရှိတဲ့ ကိစ္စတခုဖြစ်တယ်ဆိုတာကတော့ စဉ်းစားတွေးခေါ် တတ်တဲ့သူတိုင်း နားလည်ပြီး ဖြစ်ပါလိမ့်မယ်။ အမေရိကန်ပြည်ထောင်စုဟာ တခုတည်းသော မဟာအင်အားကြီး နိုင်ငံဖြစ်တဲ့အတွက်သူ့ရဲ့ အရှိန်သြဇာဟာ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ကမ္ဘာတလွှမ်းလုံးမှာရှိနေတာကတော့ အသေအချာပဲဖြစ်ပါတယ်။ အာရှဖိစ္စိဖိတ် ဆိုင်ရာမူဝါဒအပေါ်၊ တောင်တရုတ်ပင်လယ်အရေး အပေါ်၊ အရှေ့အလယ်ပိုင်းနဲ့ ဒီကနေ့ဖြစ်နေတဲ့ ဆီးရီးယားပြည်တွင်း ပြည်ပစစ်အပေါ်၊ တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ မြန်မာ့ဒီမိုရေစီအပေါ် စစ်တပ်အာဏာနဲ့ တိုင်းပြည်ကို တသက်လုံးအုပ်ချုပ်သွားမယ်ဆိုတဲ့ စစ်တပ်အပေါ်အမေရိကန်ရဲ့ သဘောထား ဘယ်လိုရှိမလဲ ဆိုတာကလည်း အလွန်အရေးပါ ပါတယ်။ တကယ်လို့များ ဒေါ်လ်နယ်ထရမ့် လိုလူမျိုးသာ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ ဖြစ်သွားခဲ့ရင် ဆိုတဲ့အတွေး တွေးလိုက်မိ တိုင်း အသက်ရှုမွန်းကျပ် လာခဲ့တယ်လို့ပြောပါရစေ…။ စိုးနေလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024