ဓာတ်လှေကားတွင်း တလကြာ ပိတ်မိနေခဲ့သည့် အမျိုးသမီး အစာရေစာပြတ် သေဆုံး

ဓာတ်ပုံ - စီစီတီဗွီ
1.8K
တရုတ်နိုင်ငံ၊ ရှန်ဇီးခရိုင်၊ ရှီအန်းမြို့မှာ အမျိုးသမီးတဦးဟာ ဓာတ်လှေကားတခုတွင်းမှာ တလကြာ ပိတ်မိနေခဲ့ပြီးနောက် အစာရေစာပြတ်ပြီး သေဆုံးသွားခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖေဖော်ဝါရီ ၆ ရက်နေ့က ဖော်ပြပါတယ်။
အသက် ၄၃ နှစ်အရွယ် ၀ူအမည်ရ အဲဒီအမျိုးသမီးဟာ ရွှီရှီးဟွာဒူး အိမ်ရာထဲက ဓာတ်လှေကားတခုထဲမှာ သေဆုံးနေတာကို ပြီးခဲ့တဲ့ မတ် ၁ ရက်က တွေ့ရှိခဲ့ကြတာပါ။
အဲဒီဓာတ်လှေကားဟာ ပျက်နေခဲ့လို့ အိမ်ရာနေလူတွေက ဇန်န၀ါရီ ၃၀ ရက်နေ့မှာ တိုင်တောခဲ့ကြတာပါ။
တာဝန်ယူထားတဲ့ ဓာတ်လှေကားကုမ္ပဏီ ရှန်ဇီကိုင်ဝမ်က ပြုပြင်ဖို့အတွက် ဓာတ်လှေကားကို ခေတ္တပိတ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
အဆိုပါဓာတ်လှေကားကို ပြင်ဆင်ချိန်မှာ အသုံးမပြုဖို့ လျှပ်စစ်မီး ဖြတ်တောက်လိုက်ချိန်မှာ ၀န်ထမ်းတွေက ဓာတ်လှေကားတွင်း အသုံးပြုသူရှိမရှိ မစစ်ဆေးမိခဲ့ကြဘဲ အဲဒီအမျိုးသမီးက ပိတ်မိကျန်နေခဲ့တယ်လို့ ဆိုပါတယ်။
ဓာတ်လှေကားကုမ္ပဏီဟာ အကြောင်းတစုံတရာကြောင့် ဓာတ်လှေကားကို မပြုပြင်ပေးခဲ့ဘဲ ရက်ပေါင်း ၃၀ လောက် ကြာခဲ့ချိန်မှာ ပြုပြင်မှုလုပ်ငန်းတွေ ပြန်စချိန် အမျိုးသမီးကို သေဆုံးလျက်သား တွေ့ရှိခဲ့ကြတာပါ။
သေဆုံးသူ အမျိုးသမီး ၀ူရဲ့ ဆွေမျိုးတွေက သူဟာ စိတ်ဝေဒနာ ခံစားနေရသူဖြစ်ပြီး အိမ်ထောင်ကွဲခဲ့ကတည်းက တဦးတည်းနေထိုင်ကာ သူ့ဆီကို တစုံတဦးမှ လာရောက်လေ့မရှိဘူးလို့ ပြောပါတယ်။
ဝူဟာ ဓာတ်လှေကားတွင်းပိတ်မိပြီး ပျောက်ဆုံးနေချိန်မှာ အိမ်နီးချင်းတွေက သတိပြုမိခဲ့ကြပေမယ့် အရေးတယူ မရှိခဲ့ကြဘူးလို့ သတင်းက ဆိုပါတယ်။
ခုချိန်မှာတော့ ဂေါင်လင်းခရိုင် အစိုးရအဖွဲ့က ကြေညာချက်တစောင် ထုတ်ပြန်ပြီး အမှုကို စုံစမ်းစစ်ဆေးဖို့ မတ် ၅ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။
ဓာတ်လှေကားကုမ္ပဏီက တာဝန်ယူရမယ်လို့ ရဲတွေက ပြောလိုက်ပြီး ကုမ္ပဏီရဲ့ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ကို ခေတ္တဆိုင်းငံ့ကာ စစ်ဆေးမှု မလုပ်ခဲ့ကြတဲ့ ကုမ္ပဏီရဲ့ ၀န်ထမ်း ၂ ဦးကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။